Nay Phong Wai short stories 01



ကျွန်တော်နှင့် ၃၁ ဘုံ မြို့သားများ
နေဘုဏ်းဝေ
အောက်တိုဘာ ၃၀၊ ၂၀၀၈

သူမကို သတိရလို့ လေချွန်မိတာပါ။ နတ်ဆိုးတွေကို လက်ယောင်ပြတာ မဟုတ်ပါဘူး။ ဘုရားရှင် ခင်းထားတဲ့လမ်းမှာ ကျွန်တော် အတော်ဆန့်လိုက်တော့ အတ္တနဲ့ နည်းနည်းလေး ကပ်လွတ်သွားတယ်။ ကျွန်တော်သာ တံစိုးလက်ဆောင် မက်မောနေမယ်ဆို ကျွန်တော့်ဈာပနကျရင် သားဆိုးသားမိုက်လို့ အမည်တပ်လိုက်စမ်းပါ အမေ…။

မိုက်မဲခြင်းအမှုမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ကောင် မဟုတ်ပါဘူး။ ကျွန်တော့်ယုံကြည်မှုကို အကြောဆေး ထိုးစရာမလိုဘူးလေ။ ဖြည်းဖြည်းလျှောက်လည်း ဒီလမ်းမြန်မြန်လျှောက်လည်း ဒီလမ်း။ အကုန်လုံးအားနည်းနေတဲ့ ခရီးကြမ်းမှာ ကျွန်တော်က အခွင့်အလမ်းတစ်ခုကို ပူဇော်ကိုးကွယ်နေတာ မဟုတ်ဘူး။ ဝဋ်ကြွေးချင်းတူရင် အချင်းချင်းပွေ့ဖက်နမ်းရှုံ့တတ်တဲ့ကောင်ပါ အမေ…။

အမိုက်မှောင်ဆိုတဲ့ မှုန်ဝါးဝါး ခပ်ဖျော့ဖျော့ အလင်းရောင်အောက်မှာ ကျွန်တော့်ငယ်မူငယ်သွေးဘဝကို အပေအတေ သိုးမည်းတွေနဲ့တော့ မနှိုင်းယှဉ်ပါနဲ့။ ကံတစ်ခုရဲ့ အဆိုးအကောင်းကြားမှာ ကျွန်တော် အခုစားနေတဲ့ထမင်းက ရိုးသားပါတယ်။ သွေးရောထားတဲ့ မုသာဝါဒ ညစာ မဟုတ်ပါဘူး။ ဘယ်သြဇာခံအောက်မှာမှ ကျွန်တော့်ထမင်းအိုးထဲမှာ ပျိုးကြဲခဲ့တာ မဟုတ်ပါဘူး အမေ…။

ချစ်လှစွာသော အဖေပေးခဲ့တဲ့အမွေ၊ ချစ်လှစွာသော အမေပေးခဲ့မယ့်အမွေ၊ အခက်အခဲနဲ့ ဆူးငြိနေလည်း ကွဲပြားခြားနားခြင်းတော့ ကျွန်တော်သိပါတယ်။ ဆန့်ကျင်ဘက်တွေကသည်း ခြံခင်းတရားကကို ခပ်ယူလို့ ကျွန်တော်ဟာ မိုက်မဲခြင်းနဲ့ ဘယ်တော့မှ သွေးမဆူခဲ့ဘူးလေ။ အပေးအယူ တည့်နေသူတွေရှေ့မှာ ကျွန်တော် ရိက္ခာယူဖို့ မကြိုးစားဘူးအမေ…။

တကယ်တော့ ဒါဟာ ဖိတ်စာအတုမှာ သိက္ခာအတုတွေ တပ်ဆင်၊ မျက်မမြင် ပုဏ္ဏားတွေထင်လို့ လှည့်စားခံရတာပါ။ ပဲပြားပင်တွေလို လေနှင်ရာယိမ်းနွဲ့တတ်တဲ့ သီလတရားမှာ မှောင်အတိ ကျနေတဲ့ကောင် မဟုတ်ပါဘူး။ အမှောင်ထုဆိုတာ သူတော်စင်တွေကို လှည့်စားဖို့ တစ္ဆေတွေရဲ့ ညပဲမဟုတ်ဘူးလား။ လေးမှန်ဖူးတဲ့ စာသူငယ်လို၊ တစ်ခါသေဖူးတော့လည်း ပျဉ်ဖိုးတော့ နားလည်ပါတယ်အမေ…။

တယူသန်ဆိုတာ လူမှန်တွေရဲ့ အလုပ်မဟုတ်ဘူး။ မူမမှန်ခြင်းက ကျွန်တော်သောက်ခဲ့တဲ့ လက်ဖက်ရည်။ တစ်နေ့တစ်မျိုး ပြောင်းနေတဲ့ အခြေအနေက ပျော်စရာရဲ့ သဘောထားလား။ လူပြောသူပြောများတဲ့ ကျွန်တော့်ရင်ခွင်ဆီကို သံယောဇဉ်မလေး မလာတော့ဘူး။ လူ့ဘဝဆိုတာ အလျှံအပယ်ပေါများသူတို့က ပေါများလို့၊ အခွင့်အရေးဆိုတဲ့ တောထဲမှာ နေထိုင်ကြတယ် အမေ…။

ဆင်းရဲသားဝါဒမှာ အသုံးချနေရတာပခုံး၊ တစ်ဆင့်ပြီးတစ်ဆင့် ရှုံးနိမ့်နေရတဲ့ အဖြစ်က ရင်လေးစရာ၊ အိုမင်းရင့်ရော်လာတဲ့ကျွန်တော့်ဘဝ တစ်ခုလုံးက ဘယ်လိုကျင့်သုံးခံရဦးမှာလဲ။ စိတ်က အိုးမဲ့အိမ်မဲ့ဝေဒနာ၊ အကြီးမားဆုံး ဆုံးရှုံးခံလိုက်ရတာက အနာဂတ်ပါ။ ဝင်သက်ထွက်သက် မမှန်လို့ ကြေကွဲခြင်းဆိုတာ ပေါ်ပေါက်လာတာပဲ မဟုတ်ဘူးလား။ သံသရာကူးပြောင်းမသွားခင်တော့ လောကဓံကို အပိုင်ဝယ်ယူလိုက်တယ်။ နလန်ထူဖို့ဆိုတာတော့ သမိုင်းနောက်ခံကောင်းဖို့ပဲ မဟုတ်ဘူးလား။ ဟောဒီ ဖုန်းဆိုးမြေမှာ ဗြဟ္မစိုရ်တရားကို ဘယ်လို စိုက်မလဲ။ အရှုံးဘက်ကကြည့်ရင်တော့ ညံ့ဖျင်းလွန်းအားကြီးတယ်။ ကျွန်တော့်အတွက် နာမည်ဆိုးကတော့ ပတ်ဝန်းကျင် ရွတ်ဆိုလိုက်တဲ့ ဂါထာပါ အမေ…။

ဘယ်သူက ဘယ်လိုအညစ်အကြေးနဲ့ ဘယ်လိုအစားအစာတွေ စားသလဲဆိုတာ သိပါတယ်။ စုပြုံပိတ်လှောင်နေတဲ့ အခြေအနေမှာ ကျွန်တော်က လွင့်မျောမောဟိုက်လို့ ဒုက္ခဆင်းရဲခြင်းကို အသိအမှတ် ပြုခဲ့ရတယ်။ အတိအကျမသိရတဲ့ အနာဂတ်က မနက်ဖြန် ပျံသန်းလာမှာလား။ ကျွန်တော့်ဝမ်းနည်းမှု ကျွန်တော် အသုံးပြုကြည့်တော့ အများနည်းတူ ဘဝခါးခဲ့ရတယ် အမေ…။

ဟောဒီ ကြေကွဲခြင်းအတွက် ကာကွယ်ဆေးစားဖို့ လိုသေးလား။ မဖြူစင်တဲ့ သဘောထားက ကျွန်တော်နေထိုင်ရာအရပ်မှာ သူတော်စင်ယောင်ဆောင်လို့။ ကိုယ်ကျင့်တရားဆိုတာ ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသား။ စိုးရိမ်စိတ်က ဘဝကို ကုန်ကျစရိတ်များစေတယ်မေ…။

လူသားဖောင်းပွမှုမှာ အစာရေစာမဖောင်း ပွတာ ရင်လေးစရာ၊ ပိုလျှံတယ်ဆိုတာ မုသားကို အသုံးချတာပဲ မဟုတ်ဘူးလား။ အထူးသဖြင့် ကျွန်တော်ချုပ်ဝတ်ထားတဲ့ ဝဋ်ကြွေးက ဆံပင်ရှညည်သလို ရှည်လာတယ်။ မသေချာတဲ့ အကြောင်းအရာတွေကို ဖာထေးသုံးနေရတဲ့နေရာ၊ လောကဓံဟာ သားသတ်သမားအစစ်ပါ အမေ…။

လူဖြစ်မှတော့ ကိုယ့်ဝဋ်ကြွေး ကိုယ်ခံပေါ့လို့ မပြောပါနဲ့၊ နဂိုကတည်းက ကျွန်တော် ဟောဒီကြေကွဲခြင်းအတွက် ကာကွယ်ဆေးစားဖို့ လိုသေးလား။ မဖြူစင်တဲ့ သဘောထားက ကျွန်တော် နေထိုင်ရာအရပ်မှာ သူတော်စင်ယောင် ဆောင်လို့။ ဟာ ပန်းဝင်နောက်ကျခဲ့တာပါ။ ကျွန်တော်ဖောက်ပြန်ခဲ့တာ မဟုတ်ပါဘူး။ တကယ်တော့ လူတချို့ရဲ့ ကာမဂုဏ် စစ်တလင်းမှာ ကျွန်တော်တို့က အပြစ်မကင်း သူတွေလား။ မရိုးသားတဲ့ ဇာတ်ဝင်သီချင်းတွေကတော့ နားထောင်ကောင်းတယ်။ ဒါပေမယ့် ညနေစောင်းခဲ့ရတာက ကျွန်တော်တို့တစ်တွေပါ အမေ…။

မှားယွင်းမှုမှာ ကျွန်တော့်စိတ်ဓာတ်က လေကောင်းလေသန့် မရှူဘူး။ သွေးသားတောင်းဆိုမှုကြောင့် ကိလေသာမှာ ရိုးသားမှုကို မောင်းမဖြုတ်ခဲ့ဘူး။ ဘယ်သူ့ကိုယ်က ချွေးနံ့နံနံ၊ အပြစ်မကင်းမှန်း သိပါတယ်။ အိမ်ပြန်လမ်းလေးမှာတော့ အပုပ်နံ့ မလွှမ်းအောင် ကြိုးစားရမှာပေါ့။ မသမာမှုနဲ့ပေါင်းစည်းဖို့ ဘယ်တော့မှ မကြိုးစားဘူး အမေ…။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမည်မသိ ဝေဒနာနဲ့ တနင်္ဂနွေသမီးလေးကို လွမ်းတယ်။ သူမ လက်ချက်နဲ့ ဂျူးအကျဉ်းသားလို ကျဆုံးခဲ့ရတဲ့နေ့။ ဂျာမနီက ပိုလန်နိုင်ငံ ဝါဆောမြို့ကို သိမ်းပိုက်တယ်။ ဂျပန်ကလည်း ''အာရှ'' သာတူညီမျှ ကောင်းစားရေးတဲ့။ သူမနဲ့ ကျွန်တော်ဇောင်းပေးရပ်နေမိတဲ့ ခရီးလိုပါပဲ။ အကြောင်းပြချက် အမျိုးမျိုးပေးတဲ့ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ကိုလိုနီစနစ်ကလည်း အန္တရာယ်ဖြစ်စေခဲ့တာပဲ မဟုတ်ဘူးလား။ ဒီလိုနဲ့ အခွင့်အလမ်းမရှိတဲ့ ကျွန်တော့်ဘဝက သူမနဲ့ ဆန့်ကျင်ဘက် ဖြစ်ခဲ့ရတယ် အမေ…။

ကမ္ဘာမှာ အတ္တအစွဲတွေကြောင့် ဘယ်တုန်းက မီးငြိမ်းခဲ့ဖူးလဲ။ ငြိမ်းချမ်းရေးဆိုတာ မီးလောင်ပျက်ကျသွားတဲ့ မျှော်လင့်ချက်လား။ အသုံးပြုမရတဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာက ကမ္ဘာသုံးဘာသာစကား ဖြစ်ခဲ့တယ်။ ဘယ်ရောဂါက ကျွန်တော့်ဝေဒနာကို သက်သာ ပျောက်ကင်းစေမှာလဲ။ မရေရာတဲ့အယူအဆတွေနဲ့ ဖောက်တဲ့လမ်း၊ ဒီခရီးက အလွမ်းများတယ် အမေ…။

ချဉ်ငံစပ် စကားတွေ မထားချင်ဘူး။ အခု ဘာသာရပ်မှာ လွဲမှားမှုနဲ့ အမှတ်အများဆုံး ဘယ်သူရလဲ။ ဖောက်ပြန်ခြင်းက တွန့်လိမ် ကွေ့ကောက်နေတယ်။ ချွတ်ယွင်းချက်ဆိုတာ ကျွန်တော်စားရမယ့် ထမင်းများလား။ ဘုရားသခင်သာ မပွင့်ရင် ကျွန်တော်လည်း အလင်းရှိမှာ မဟုတ်ဘူး။ အရေပြားတွေကို သုတေသနပြုကြည့်ရင် ရောဂါတွေကိုတွေ့ရမှာ အမှန်ပါ။ အငြင်းပယ်ခံဘဝတွေပေါ်မှာအရှက်တကွဲ အကျိုးနည်း မေတ္တာတရားတွေ သုံးစွဲလို့၊ ရှုံးပွဲဆက်နေတာ ဘယ်သူဖြစ်မလဲအမေ…။ ပိုးသတ်ထားတဲ့ ဝေဒနာဆိုတာ ဒဏ်ရာတော့ ကျန်မှာပဲ။ ကျွန်တော် ဖတ်ရှုခဲ့တဲ့ မှုခင်းမှာ သဲလွန်စရတယ်။ ဒီဘဝမှာ ရေငန်ပိုင် ဦးရှင်ကြီးလည်း အညှီအဟောက်ကြိုက်တယ်။ အလကား ဝိုင်သောက်တယ်။ တကယ်တော့ အသံကောင်းဟစ်ခြင်းက မီးကြွင်းနေတဲ့ ပေါင်မုန့်ပါ အမေ…။

သုံးမရတော့မှ အန်ထုတ်ပေးတာ မေတ္တာလား။ ''ရတယ်'' နောင်တတွေ၊ ''ရတယ်'' သံဝေဂတွေ၊ အောင့်သီးအောင့်သက်ဆိုတာ မခံချိမခံသာ ဖြစ်စရာပဲမဟုတ်ဘူးလား။ ဒီသင်ခန်းစာတွေဟာ အခြေခံစားသုံးကုန်လား။ ကျွန်တော့်ရောဂါတွေဟာ ဈေးပေါပေါနဲ့ ဝယ်ခဲ့တာ မဟုတ်ပါဘူး။ ကျွမ်းကျင်သူတချို့သိတဲ့မုသားကို ကျွန်တော် အရောင်မဆိုးခဲ့ပါဘူးအမေ…။

ဆွေးမြေ့ပျက်စီး အနာဂတ်ခရီးအတွက်အမှန်တရားက သက်ဆိုးရှည်ပါ့မလား။ ဝမ်းပျက်ရောဂါဆိုတာ ရေကြောင့်ဖြစ်ခြင်းထက် ဘဝကြောင့်ဖြစ်ခြင်းက ပိုမှန်မှာပါ။ အလယ်အလတ် လမ်းစဉ်ဆိုတာ အိမ်ပြန်သွားပြီမဟုတ်လား။ ဒုက္ခတရားဆိုတာလည်း သံသရာက ကြိုးတပ်တီးခတ်ရတဲ့ ဂီတာပါ။ သစ်ပင်စိုက်ပေမယ့် ဗြဟ္မစိုရ်တရားတွေ မသီးခဲ့ပါဘူး အမေ…။

ကျွန်တော်က သေခြင်းတရားကို ငုံပြီးခရီးဆက်ခဲ့ရသူပါ။ လူ့ဘဝဆိုတာ မုသားပေါများတယ်။ လူ့ဘဝဆိုတာ အတ္တပေါများတယ်၊ လူ့ဘဝဆိုတာ လှည့်စားမှုပေါများတယ်။ လူ့ဘဝဆိုတာ လိမ်ညာခြင်းပေါများတယ်။ စစ်ပြေးဒုက္ခသည်ထက် ဘဝပေးဒုက္ခသည်က ကမ္ဘာဦးစကတည်းကပါ။ အလယ်ခေတ်မှာ စားစရိတ်မလိုဘူး သေစရိတ်လိုတယ်။ ဒီခေတ်မှာ ငွေကြေးက ဘုရားသခင်ကို အနိုင်ပိုင်းသွားပြီ အမေ…။

နေထိုင်ခြင်း မျက်နှာစာမှာ အထိနာခဲ့တာ ဘယ်သူတွေလဲ။ ကြပ်တည်းခြင်းမှာ ရက်ရက်ရောရော ကြိတ်ခြေနေတာ ဘယ်သူတွေလဲ။ လေဝင်လေထွက် ကောင်းပါတယ်ဆိုတာ ဘယ်သူ့စကားလဲ။ ပိတ်ဆို့မှုဟာ ကျွန်တော့်အိမ်ရှေ့ရောက်လာတဲ့ အာဟာရလား။ မြင်ကွင်းတွေကို အကွက်ချ စီမံထားတာညံ့လွန်းပါတယ်။ ကျီးလန့်စာစားနဲ့ သူလိုဘဝကိုသနားမိပါတယ် အမေ…။
ဘဝရဲ့သာယာမှုဆိုတာ ကျွန်တော့်ကိုယ်ပေါ်က ချွေးစက်တွေလား။ ဘယ်ဝါဒကတနင်္ဂနွေသမီးလေးရဲ့ အယူအဆကို လွှမ်းမိုးထားလဲ။ လူ့သမိုင်းပြတိုက်ထဲမှာ နတ်ဆိုးက သူ့မုသာဝါဒတွေကို ထုဆစ်ထားသို၊ မရိုးသားတဲ့လှည့်စားမှုက ပွင့်ပွင့်လင်းလင်း ဖော်ပြထားတဲ့ ကြေးနန်းစာလား။ အားလုံးပြည့်စုံတယ်ဆိုတာ ထွင်လုံး သက်သက်မျှသာဖြစ်တယ်အမေ …။

အမှန်တကယ် ဝဋ်ကြွေးထက် ပြုပြင်ဖန်တီးနေတဲ့ဝဋ်ကြွေးက အဝါ၊ ထင်ရှားတဲ့ အမှတ်အသားက ဒဏ်ရာတွေပါ။ ဒီသမိုင်းရဲ့ နောက်ဆက်တွဲ စာမျက်နှာက မရေရာ၊ ဘယ်အစီရင်ခံစာတွေက ကျွန်တော့်ဘဝကိုနွေးထွေးစေမှာလဲ။ ၁၉၄၈ ခုနှစ်ဆိုတာ ကျိုးပြတ်နေတဲ့ အလင်းပါအမေ…။

ကျွန်တော်စားနေတဲ့ ထမင်းအတွက် အတည်ပြုချက် ယူရဦးမလား။ လျစ်လျူရှုခြင်းမှာ အောင်ပွဲခံသူတွေက အောင်ပွဲခံလို့ အလံလဲသူတွေက နလန်မထူအောင်လဲလို့ ကျွန်တော်တို့ဇာတာက ဇာတ်သိမ်းမကောင်းခဲ့လို့လား။ ကျွန်တော်ကိုင်ဆောင်ထားတဲ့ အခွင့်အရေးလေးကို ဘယ်သူသတ်ပစ်ခဲ့လဲ။ မရေမတွက်နိုင်တဲ့ ဒဏ်ရာတွေနဲ့ အနာဂတ်ပျောက်ဆုံးခဲ့တယ် အမေ…။
မမာမကျန်းခြင်းက မငြိမ်းချမ်းမှုရဲ့အစ ထပ်တူထပ်မျှ ရောဂါတွေဟာ မတော်တဆမှ မဟုတ်တာ။ လမ်းပေါ်သွားရင် ရေငတ်ခြင်းကို တွေ့ရမယ်။ ဒါဟာ ချောင်းမြောင်းတိုက်ခိုက်ခြင်းတစ်မျိုးပဲ မဟုတ်ဘူးလား။ အကျင့်ပျက်မှုတွေ ပေါပေါလောလောရှိတဲ့ ကမ္ဘာမှာ ကပ်ကြီးသုံးပါးဆိုတာ စီးပွားရေးဈေးကွက်အရ ဝင်ရောက်လာတာ မဟုတ်ဘူး အမေ…။

ဘယ်သူသေသေ ငတေမာချင်တဲ့ ဆန္ဒက သူတစ်ပါးကိုးကွယ်ရာ လက်နက်လား။ ယနေ့ ငြိမ်းချမ်းရေးဆိုတာ ခေတ်လွန် ဝါကျတစ်မျိုးပါ။ ဒဏ်ရာရနေတဲ့ ကျွန်တော့်ဘဝကို ဖုံးကွယ်လိမ်ညာတော့ရော ဘာထူးမှာလဲ။ သံသယက ကျွန်တော့်စိတ်ကို ပြိုင်မြင်းတစ်ကောင်လို မောင်းနှင်ခဲ့တယ် အမေ…။

အခွင့်မသာတဲ့ လူ့လောကကို နာကျင်မှုနဲ့ စိုက်ပျိုးစေတာ ဘယ်သူလဲ။ ကျွန်တော့ယုံကြည်မှုကတော့ မိုင်းထိထားတဲ့ သားကောင်။ ''အင်ဂိုလာ''က မြေမြုပ်မိုင်းတွေက လူသားစားတယ်။ ''မိုဇမ်ဘစ်''က မြေမြုပ်မိုင်းတွေကရော ဥပုသ်စောင့်ပါဦးမလား။ တကယ်တော့ ကျွန်တော်တို့ဟာ ကံကြမ္မာကြမ်းခင်းထက်မှာ လမ်းလျှောက်နေကြတာပါအမေ…။

အဲဒီ အကျိုးတရားတွေကို သူမ နားမလည်ခဲ့ဘူး။ အတ္တကြီးခြင်း ဆုံးရှုံးမှုမှာ ကျွန်တော်နဲ့ သူမက ခဏခဏ ကျဆုံးခဲ့ရတယ်။ အလင်းရောင်က ပျက်ပြယ်၊ မုန်းတီးမှုကို ဆေးခြယ်ပြီး မွမ်းမံနေရတာ အယူအဆအသစ်လား။ တကယ်တမ်း စဉ်းစားမိရင် အရသာမရှိတဲ့ သစ်သီးတစ်လုံးပါ။ အခုသမိုင်းကို ဘုရားရှင် လုံးဝခွင့်ပြုမှာမဟုတ်ပါဘူး အမေ…။

သွေးလွှတ်ကြောတွေ ပိတ်နေတဲ့ဘဝ သေမလား ရှင်မလား၊ သွေးပြန်ကြောတွေ ပိတ်နေတဲ့ဘဝ သေမလား ရှင်မလား။ အတိတ်မေ့ရောဂါအားလုံး ဘယ်အဖွဲ့အစည်းက ကျလာတာလဲ။ ဘယ်ရောဂါမှ လူနာကို ရှင်သန်ခွင့်မပေးဘူး။ ဘယ်သူက သေတွင်းပို့တာလဲ။ အားလုံးက အသက်အတုတွေနဲ့ ရှင်သန်နေထိုင်တာမှ မဟုတ်တာဘဲ အမေ…။

အားလုံး ယိုစီးကျနေတယ်။ မသင်္ကာမှုက အဝါ၊ ရုရှားလုပ် ဆိုရှယ်လစ်ကြီးလည်း စစ်အေးလွန်ခေတ်မှာ ပြိုကျသွားတယ်။ အတုံးအရုန်း သတ်ဖြတ်မှုတွေမကင်းတဲ့ ယူဂိုဆလပ်ပြည်ထောင်စုလည်း စစ်အတွင်းခရီးသည် မီလိုစီဗစ်လည်း ငယ်ရည်းစားလေးနဲ့ ဝေးခဲ့ရတယ် မဟုတ်ဘူးလား။ အလူးအလဲ ခံခဲ့ရတာ ကျွန်တော်ပါ။ မိုးခေါင်ရေရှား အယူအဆတွေနဲ့ ရှင်သန်နေထိုင်တာ ဘယ်သူတွေ ဖြစ်သွားကြလဲ အမေ…။

အဲဒီနောက် မှိုလိုပေါက်နေတဲ့ ပါးစပ်ပေါက်တွေက ရှည်လျား၊ သူမ နားမလည်တဲ့ ဒုက္ခအဝန်းအဝိုင်းထဲက ရှောင်တိမ်းပြေးလွှားဖို့ ကြိုးစား၊ အယူဝါဒတွေ ဆွဲကိုင်ထားတဲ့လူ့ဘဝမှာ ကျွန်တော်တို့က ရွပ်ရွပ်ချွံချွံ ကျဆုးံ ခဲ့ရ၊ သာယာဖြောင့်ဖြူးမှုဆိုတာ အကျင့်ပျက် လူတန်းစားထားနေကျ သိက္ခာပဲ မဟုတ်ဘူးလား။ ယိုယွင်းပျက်ကျနေတဲ့ လောကကို ဘုရားရှင်တောင် အထုပ်ပိုက်ပြီး ရှောင်ထွက်သွားတယ်အမေ…။
အဆုံးသတ်မရတဲ့ ပုစ္ဆာက မရေရာ၊ အခွင့်အရေးဆိုတာ သူတို့အတွက် ကာကွယ်ဆေးပါပဲ။ ရှုံးနိမ့်မှုက ကျွန်တော်တို့အတွက် ရိက္ခာပဲ မဟုတ်ဘူးလား။ အသုံးချဆွေးနွေးပွဲတွေက ညှီနံ့ညှော်နံ့ ထွက်တယ်။ ကမ္ဘာ့ဈေးကွက်မှာ စစ်ပွဲတွေ ခေတ်စားလာတယ်။ ရန်လိုမှုတွေ ခေတ်စားလာတယ်။ အငြင်းပွားမှုတွေခေတ်စားလာတယ်။ မြို့ပြဟာ ကျင်းတွေချိုင့်တွေနဲ့ ဝဲပေါက်နေတဲ့ ကလေးတစ်ယောက်လို၊ ပြည်သူတွေက အမှိုက်ပုံမှာ စုဝေးရောက်ရှိလို့ အငတ်ဘေးက သူတို့ကို လိုက်လံသတ်ဖြတ်နေတယ်။ အဲဒါ ဒုတိယကမ္ဘာစစ်ပဲအမေ…။

ကျွန်တော်တို့ သောက၊ ဗျာပါဒတွေက ရုံဝင်ခ မပေးရဘူး။ ဒဏ်ရာဒဏ်ချက်ဆိုတာ လေဝင်လေထွက် မကောင်းလို့ရတာပါ။ အရိုးအပြိုင်းပြိုင်းထနေတဲ့ ဝေဒနာက ဘယ်သူ့ကြောင့် ရခဲ့တာလဲ။ မျက်လှည့်ဆန်တဲ့ စနစ်မှာ ကျွန်တော်တို့ မျှော်လင့်ချက်က အသစ်ဖြစ်မလား။ ကျွန်တော့်ရဲ့ သားစဉ်မြေးဆက်တွေဟာ ဒုက္ခတရားအတွက် မှတ်ပုံတင်ခဲ့ကြတယ်အမေ…။

စပါးမရှိတဲ့ ကျီ၊ ငွေမရှိတဲ့ ဘဏ္ဍာတိုက် ကြည့်ကောင်းသလား။ ဆင်းရဲမွဲတေမှုမှာ သူတို့ခန္ဓာကိုယ်တွေက ယိမ်းထိုးလှုပ်ခါလို့၊ အမှောင်ဖုံးလွှမ်းမှုဟာ မပြည့်စုံမှုဘဲ မဟုတ်ဘူးလား။

စက်ဆုပ်ဖွယ်ရာအမှုကို ပျားရည်သုတ်လိမ်းလို့ ထာဝရချိုမြိန်ပါ့မလား။ အရှက်တကွဲ အကျိုးနည်း နည်းပညာတွေက မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးပါ။ ကျွန်တော် သားစပ်ြ ခံတံခါးဝကို မသွားခဲ့ဘူး အမေ…။ ကျွန်တော် မုသာဝါဒတွေကိုမထွန်းညှိခဲ့ဘူး အမေ…။ ကျွန်တော် ဆင်းရဲသားဝါဒမှာ (၃၅) နှစ် နေခဲ့တယ် အမေ…။

အခု မင်းချမ်းသာနေပြီလားလို့ မမေးပါနဲ့အမေ။ ကြေးဝါနဲ့ ထုဆစ်ထားတဲ့ အမှန်တရားတွေ ချမ်းသာခဲ့ပြီ။ (၃၁) ဘုံမြို့သားအားလုးံ မရိုးသားသူတစ်ချို့ကို နှာခေါင်း ရှုံ့လို့၊ ဆုံးရှုံးသူတချို့ကို ဘုရားရှင်ပေးကမ်း လိမ့်မယ်။ အို… မရိုးသားသူအပေါင်းတို့ သင်တို့လျှာကို တိုက်ချွတ် ဆေးကြောကြလော့၊ သင်တို့ မုသားကို ရိတ်သိမ်းကြလော့။ သင်တို့ ထုဆစ်ကိုးကွယ်နေတဲ့ အတ္တအယူဝါဒတွေဟာ ကွန်ဆာဗေးတစ်တွေသာဖြစ်တယ်။ ရုပ်သိမ်းကြလော့ဟု ဘယ်သူပြောမလဲ အမေ…။

အခုတလော လူပြောသူပြောများတဲ့ ရာဇဝင်နဲ့ အသိုက်ဆောက်တယ်။ အထောက်အထားတွေက မခိုင်လုံတဲ့ အထောက်အထား၊ အကြောင်းပြချက်တွေက အိုးနင်းခွက်နင်း အကြောင်းပြချက်တွေပဲ မဟုတ်ဘူးလား။ သွေးရောထားတဲ့ အမှားတွေကို ထောက်ခံရဦးမှာလား အမေ…။

သူတို့လိပ်စာတွေ နေဝင်သွားမှာပါ။ သူတို့နေရပ်တွေ အမှောင်ဝင်သွားမှာပါ။ မမြဲတရားက တရွေ့ရွေ့ ပျံသန်းလာတဲ့ ကင်ဆာပါ အမေ…။

Comments

mmk said…
Very nice article composed with multiple appropriate and suitable words/ vocabulary.
Can guess his style of writing will be very famous among readers.
Great!
mmk said…
Very nice article composed with multiple appropriate and suitable words/ vocabulary.
Can guess his style of writing will be very famous among readers.
Great!