MoeMaKa Reporter 003 - Burmese Political Situation in Question



စစ်အစိုးရ၏ ဒုတိယအကြိမ် ပါတီစုံရွေးကောက်ပွဲ ၂၀၁၀

အငြင်းပွားသော စာတမ်းများ

မိုးမခ အထောက်တော် ၀၀၃

မတ် ၂၉၊ ၂၀၀၉

ယခင်အပတ် မတ်လ ၂၄ ရက်ဝန်းကျင်က အင်တာနက်ဘလောက်များတွင် ထုတ်ဝေ ဖြန့်ချိခဲ့သော မြန်မာပြည် လက်ရှိ နိုင်ငံရေး သုံးသပ်ချက်စာတမ်းကို မိမိရေးသားခြင်း မဟုတ်ကြောင်း ပြည်တွင်းက ဝေ့ဗ်စ် မဂ္ဂဇင်းတာဝန်ခံ၊ စာရေးဆရာ ကျော်ဝင်းက တရားဝင် စာရေးသားပြီး ငြင်းဆိုသည်စာကို အင်တာနက်အီးမေးများက တဆင့် ဖြန့်ချိလိုက်သည်ကို တွေ့ရသည်။


ထိုနိုင်ငံရေးသုံးသပ်ချက်စာတမ်းမှာ အင်္ဂလိပ်လို ကျော်ဝင်းက ရေးသားသည်ဟု ဆိုပြီး မြန်မာဘာသာဖြင့် ကျော်လင်းဦးက ဘာသာပြန်ဆိုကာ မြန်မာဖရီးဒမ်းနယူးစ်ဂရုပ်နှင့် ဒေါက်တာလွဏ်းဆွေဘလော့ဂ် တို့တွင် ပြန်လည် ဖော်ပြထားသည်ကို တွေ့ခဲ့ရသည်။ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စာတမ်းရှင်က ၎င်းသဘောထားကို ဖော်ပြထားရာ၌ -


”… ၂၀၁၀ ရွေးကောက်ပွဲဟာ စက်တင်ဘာလှုပ်ရှားမှုရဲ့ရလဒ်တခုဖြစ်ပြီး ကျနော်တို့ ဒါကို လစ် လျူရှုလို့မဖြစ်ပါဘူး။ နအဖရဲ့ ရည်ရွယ်ချက်ဟာ သူတို့ရဲ့ အာဏာနဲ့ အကျိုးစီးပွားကို လက်ရှိအခြေခံဥပဒေကို အသုံးချပြီး ကာကွယ်ဖို့ဖြစ်ပေမယ့် ၁၉၈၈ ခုကတည်းကစရင် ပထမဆုံးအကြိမ် ဒီမိုကရေစီအင်အားစုတွေကို ခွင့်ပြုရမှာပါ။ အခွင့်အရေးဟာ ဘယ်လောက်ပဲ ကျဉ်းမြောင်းသည်ဖြစ်ပစေ၊ ကျနော်တို့ ဒါကို ဂရုတစိုက်နဲ့ အသုံးချသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ဒါမှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့လို့ပါ။ …”


သို့ဖြစ်၍ စာတမ်းရှင်က စစ်အစိုးရ၏ ၂၀၁၀ တွင်ကျင်းပမည့် ဒုတိယအကြိမ် ပါတီစုံ ရွေးကောက်ပွဲကို ၀င်ရောက်ကြရန် တိုက်တွန်းသည့် သဘောထားပါသည့် အကြံပြုချက်ကို ဖော်ပြထားသည်ကို တွေ့ရသည်။ ထိုစာတမ်းကို စာရေးသူ ကျော်ဝင်းက တရားဝင် ကန့်ကွက်စာထုတ်၍ ငြင်းဆိုခြင်း ဖြစ်သည်။


လွန်ခဲ့သည့်နှစ် မတ်လ ၁၄ ရက်ပိုင်းကလည်း ထိုကဲ့သို့သော စာတမ်းမျိုးတခုကို ကျော်ဝင်းအမည်ခံဖြင့် အင်တာနက်ပေါ်တွင် ဖြန့်ချိခဲ့ဖူးသည်။ ထိုစာတမ်းတွင် စာတမ်းရှင်က -


“ … Constitution နဲ့ ပါလီမန်မရှိတဲ့ အခြေအနေမှာ လူပုဂ္ဂိုလ်တဦး၏ power base မှနေ၍ ပေါ်လစီ ခင်းကြရပါတယ်။ Constitution နှင့် ပါလီမန်ရှိလာလျှင်မူ Institutional base ဖြင့် ပေါ်လစီ ခင်းလာနိုင်စရာ ရှိလာပါလိမ့်မယ်။ ပြောရလျှင် rule of the game ချမှတ်ရာတွင် ကိုယ့်ဘက်မှ တစုံတရာ ပြောရေးဆိုခွင့် (၁၀၀ ရာခိုင်နှုန်းတော့ မဟုတ်) ရလာနိုင်စရာ ရှိပါသည်။ ချုပ်ပြောရလျှင် လက်ရှိအခြေအနေထက် better off ဖြစ်လာလိမ့်မည်ဟု ထင်ပါသည်။ …”

ဟု ဆိုပြီး ၂၀၀၈ မေလ စစ်အစိုးရအခြေခံဥပဒေကို ထောက်ခံကြရန် တိုက်တွန်းခဲ့ဖူးသည်ကို တွေ့ရသည်။


ယခု အီးမေးများကလက်ခံရရှိသော ငြင်းစာအရ ထိုသို့သော သဘောထားမျိုးနှင့် စာတမ်းအားလုံးကို စာရေးသူကျော်ဝင်းက ရေးသားခြင်းမဟုတ်ကြောင်း ရှင်းလင်းပြတ်သားစွာ ငြင်းချက်ထုတ်လိုက်ပြီ ဖြစ်သည်။


မည်သို့ပင် ဖြစ်စေကာမူ - ဤကဲ့သို့သော အလားသဏ္ဍာန်တူသည့် သဘောထားမျိုးကို ပြည်တွင်းက စာရေးဆရာ မောင်စူးစမ်းနှင့် နေ၀င်းမောင်တို့က ၎င်းတို့၏ ဆောင်းပါးနှင့် တင်သွင်းသောစာတမ်းတို့တွင် တရားဝင်ပြောခဲ့ကြပြီး ဖြစ်၍ မြန်မာနိုင်ငံရေး စိတ်ဝင်စားသူတို့အတွက် အထူးအဆန်းတော့ မဟုတ်ဟု ဆိုနိုင်သည်။


မောင်စူးစမ်းက ၂၀၀၈ စက်တင်ဘာထုတ် ပြည်တွင်းစာစောင်များတွင် ”နိုင်ငံရေး ဖြစ်တည်မှု အကြပ်အတည်း” ဟူသောစကားကို သုံးစွဲပြီး သုံးသပ်ရာတွင် -


” … ယခု ”အောက်ဖိအား” နည်းဖြင့်လည်း ဒီမိုကရေစီ မဖြစ်ထွန်း၊ ဒုတိယနည်းဖြစ်သော ”ပြည်ပဖိအားနည်း” ဖြင့်လည်း ဒီမိုကရေစီမဖြစ်ထွန်း၊ တတိယ နည်းဖြစ်သော ”အပေါ်မှချပေးသောနည်း”ဖြင့် ဒီမိုကရေစီ ဖြစ်ထွန်းလာဖို့ ရှိသည်။ ထို့ကြောင့် နိုင်ငံရေး အင်အားစုတို့ကြားထဲ အကျပ်အတည်းနှစ်မျိုးပေါ်သည်။ ပထမအကျပ်အတည်းသည် တတိယနည်းဖြင့်ပေါ်သော ဒီမိုကရေစီတွင် ပလေရာအဖြစ် ဝင်ကစားရန် အဆင်သင့်ဖြစ်မလားဟူသော ပုစ္ဆာဖြစ်သည်။ ဒုတိယ အကျပ်အတည်းသည် တတိယနည်း ဒီမိုကရေစီတွင် ဝင်မကစားရဟုဆိုလျှင် မိမိတို့ ဘာလုပ်မည် နည်းဟူ၍ ဖြစ်သည်။ …”

ဟူ၍ ၎င်းအာဘော်ကို တင်ပြထားပြီးဖြစ်သည်။


ထိုကဲ့သို့ပင် ပြည်တွင်း စာအုပ်လုပ်ငန်းရှင် တဦး ဖြစ်သူ နေ၀င်းမောင်ကလည်း ၂၀၀၈ မတ်လ (ကျော်ဝင်း အမည်ခံ စာတမ်း ထွက်ပေါ်ချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်) က ၎င်းသဘောထားကို မဇ္ဈိမသတင်းဌာနကို ပြောကြားခဲ့ရာတွင် -


“ … ကျနော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာရှိခဲ့ရင် နံပါတ်တစ်က ဘာလုပ်မလဲဆိုတော့ ဒီ Road Map အတိုင်း လိုက်သွားလိုက်မယ်။ ဒါဟာ တပ်မတော်အစိုးရရဲ့ အရေးကြီးတဲ့ ကိစ္စရပ်လည်း ဖြစ်တဲ့အတွက် နှစ်ဘက် ပြေလည်ဖို့အတွက် ဒါဟာ အရေးကြီးတယ်ပေါ့နော် …”


ဟူ၍ စစ်အစိုးရလမ်းစဉ်နောက်ကို လိုက်ကြရန်၊ အတိုက်အခံက သဘောထားကြီးကြောင်း ပြသကြရန် တိုက်တွန်း ပြောဆိုခဲ့ဘူးသည်။


အလားတူပင် ပြည်ပရှိ စာရေးသူ၊ မြန်မာပြည်အရေးကျွမ်းကျင်သူဟု သတ်မှတ်ခြင်းခံရသူ တင်မောင်သန်းကလည်း ၂၀၀၉ ဖေဖော်ဝါရီလ ကိုယ်ပိုင်စာတမ်းတခုတွင် ၂၀၁၀အလွန် မြန်မာနိုင်ငံရေးလုပ်ငန်းစဉ်များဟူ၍ တွက်ကိန်းများ ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။ ၎င်းက ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲတို့ကို အခြေခံပြီး ၎င်းအဆင့်များကတဆင့် တိုင်းပြည် အနာဂတ်လမ်းကြောင်းကို လမ်းညွန်ချက်တခု ပြခဲ့သည်။ ထိုအထဲတွင် -


" ... အဓိပ္ပါယ် ကတော့ .. စစ်အစိုးရချမှတ်ထားတဲ့ ဖွဲ့စည်းပုံနဲ့အတူ ဒီမိုကရေစီ လုပ်ငန်းစဉ်တရပ် ကို တမျိုးသားလုံး သဘောတူညီချက် နဲ့ ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ ပထမ ၅ နှစ်သက်တမ်း အတွင်းမှာ စစ်တပ် နဲ့ ဒီမိုကရေစီအင်အားစုကြား ယုံကြည်မှုတည်ဆောက်နိုင်ခွင့်လည်း ဒီ လုပ်ငန်းစဉ်အရ ရရှိနိုင်ပါတယ်။ အလုပ်လုပ်လို့ မရလောက်အောင် မယုံမကြည်ဖြစ်နေတဲ့ အခြေအနေကနေ မယုံကြည်သေးပေမဲ့၊ အလုပ်လုပ်လို့ရတဲ့ အခြေအနေကို ကူးပြောင်းဖို့ ဖြစ်ပါတယ် …”

ဟူ၍ အစိုးရလမ်းစဉ်နောက်လိုက်၍ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ကြရန်၊ တပ်မတော်နှင့်အတူ လက်တွဲဆောင်ရွက်ကြရန် သုံးသပ်ပြသွားသည်။


မည်သို့ပင် ဖြစ်စေကာမူ ပညာရှင်များ၊ စာရေးသူများက အရှေ့ အနောက်အုပ်စုများသို့ ဤသို့သော စာတမ်းများ၊ သုံးသပ်ချက်များ၊ ဆောင်းပါးများ ရေးသား ထုတ်ဝေဆွေးနွေး တင်ပြနေချိန်၊ ၂၀၀၉ ခုနှစ် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ စစ်ရေးပြပွဲမှ မြန်မာပြည် စစ်အာဏာရှင် ဗိုလ်သန်းရွှေကလည်း -


“ ရင့်ကျက်တဲ့ပါတီစည်းရုံးမှုတွေကို လိုက်နာကျင့်သုံး ထိန်းသိမ်းဆောင်ရွက်သူမှန်သမျှကို အစိုးရက စောင့်ရှောက်သွားမှာဖြစ်တယ်။ ဒါမှသာ ဒီမိုကရေစီစဟာ ရင့်ကျက်မှုမရှိသေးခင် ပြန်လည်ပျက်ယွင်းသွားခြင်း မရှိဘဲ ခိုင်မာအောင် တည်ဆောက်သွားနိုင်မှာ ဖြစ်ကြောင်း …။ ခုရေတွင်းတူး ခုရေကြည်သောက်လို့ မရနိုင်တာကို နားလည်ပြီး တဖြေးဖြေးရင့်ကျက်လာအောင် အေးချမ်းတည်ငြိမ်စွာ ၀ိုင်းဝန်းတည်ဆောက်သွားကြရမှာ ဖြစ်ကြောင်း …”

ဆိုပြီး သူ့ဆန္ဒကို ထုတ်ဖော်ခဲ့သည်။


သို့ဖြစ်သဖြင့် စာတမ်းရှင်အသီးသီး၏ အာဘော်သည် လက်ရှိစစ်အာဏာရှင်ကြီးနှင့်ပတ်သက်ပြီး အတတ်နိုင်ဆုံး အကောင်းမြင် မျှော်လင့်ချက်တို့နှင့် ထုံမွှန်းရေးသားထားသည်ဟု ဆိုရမလိုဖြစ်နေသည်ဟု ပြည်တွင်းက အတိုက်အခံ နိုင်ငံရေးပါတီဝင်တဦးက တုန့်ပြန်လိုက်သည်။


စာညွန်းများ-

ကျော်ဝင်း - http://drlunswe.blogspot.com/search?q=%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9%E1%81%80%E1%80%84%E1%80%B9%E1%80%B8

မောင်စူးစမ်း - http://padaukmyay.blogspot.com/2008/09/blog-post_08.html

နေ၀င်းမောင် - http://www.mizzimaburmese.com/component/content/article/747-q--q--.html

တင်မောင်သန်း - http://docs.google.com/gview?a=v&attid=0.1&thid=11fac7e630c5f31b&mt=application%2Fpdf&pli=1

ဗိုလ်သန်းရွှေ - http://myanmar.com/newspaper/kyaymon/Mar28.pdf

Comments