Thai destroys Burmese school

ရွှေ့ပြောင်းအလုပ်သမားကျောင်း မီးရှို့ခံရ
ကရင်သတင်းစဉ်
မတ် ၃၀၊ ၂၀၀၉

မဲဆောက်မြို့တောင်ဘက် ၄၄ကီလိုမီတာ အကွာအဝေးရှိ ဖုတ်ဖရမြို့နယ်မှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ စာသင်ကျောင်း တကျောင်းကို ထိုင်းအာဏာပိုင်များက မတ်လ ၂၈ရက်နေ့က မီးရှို့ ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ထိုသို့ ကျောင်းမီးရှို့ခြင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဦးမိုးကြိုးက “မနက် ၁ဝနာရီလောက်မှာ ထိုင်း နယ်ခြားစောင့်တပ်က စစ်သား ၁ဝဦး ရောက်လာပြီး စာသင်ကျောင်းထဲက စာရေးကိရိယာတွေနဲ့ ထိုင်ခုံတွေကို ဖျက်ဆီးသွားပါတယ်။ ကျောင်းက အုတ်နဲ့ ဆောက်ထားတော့ မီးမစွဲပါဘူး။ ဒါပေမဲ့ ကျောင်းကိုပြန်ပြင်ဖို့ထားထားတဲ့ သက်ကယ်တွေကိုပါ မီးလောင်သွားတယ်”ဟု ကရင်သတင်း စဉ်ကို ပြောသည်။

ကျောင်းသူကျောင်းသားဦးရေ တရာကျော်နှင့် ဆရာ၊ ဆရာမ ၆ဦးရှိသည့် အဆိုပါမူလတန်းကျောင်းကို အမျိုးသား လုံခြံရေးအရ ဖျက်ဆီးရခြင်းဖြစ်ပြီး ယခုရက်မတိုင်ခင်က ကျောင်းကို ဖျက်ပေးရန် လေးကြိမ် တိုင်တိုင် လာရောက် ပြောဆိုခဲ့ကြောင်းနှင့် နောက်ထပ် သုံးရက်ကြာလျှင် ကျောင်းပစ္စည်းများကို ရွှေ့ပြောင်းမထားပါက လာရောက် မီးရှို့ဦးမည် ဖြစ်ကြောင်းလည်း ၎င်းထိုင်းစစ်တပ်က ပြောဆိုသွားသည်ဟု သိရသည်။

“အဲလိုလုပ်တာကတော့ လူသားချင်း အတော်ရက်စက်ရာကျတယ်။ အဲဒါနောက်ပိုင်းမှာ ပြဿနာတွေလည်း အများကြီးရှိလာနိုင်တယ်လေ။ အဲဒီနေရာက ကလေးတွေလည်း နောက်နှစ်ကျောင်းဆက်နေဖို့အတွက် အခက်အခဲဖြစ်ပြီပေါ့”ဟု ရွှေ့ပြောင်း ကျောင်းဆရာတဦးက ပြောသည်။

စာမေးပွဲဖြေဆိုပြီး၍ ကျောင်းပိတ်ရက်ဖြစ်သည့်အတွက် စာသင်ကျောင်းအတွင်း ကျောင်းသားများ မရှိသော်လည်း ကျောင်းသားမိဘများမှာမူ တောထဲ ဝင်ရောက် ရှောင်တိမ်းနေရပြီး စာသင်ကျောင်းမရှိပါက ကလေးများ၏ စာရိတ္တများပျက်စီးကာ ခိုးဆိုးလုယက်မှုများ ဖြစ်လာနိုင်သည်ဟုလည်း အလုပ်သမားရေးရာ ဆောင်ရွက်နေသူ ဦးမိုးကြိုးက သုံးသပ် ပြောဆိုသည်။

၎င်းထိုင်းစစ်တပ်သည် ပြီးခဲ့သည့် မတ်လ (၂၂)ရက်နေ့ကလည်း ကျောင်းအနီးတဝိုက်ရှိ မြန်မာပြည်သားများ၏ တဲအိမ်များကို မီးရှို့ခဲ့ပြီး ၂ဝဝ၈ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့ကလည်း ဝါးတောနေရာရှိ မြန်မာပြည်သားများ၏ နေအိမ်အလုံး ၈ဝကို ဖျက်ဆီးပစ်ခဲ့သဖြင့် မြန်မာအလုပ်သမားများမှာ ထွက်ပြေး ပုန်းရှောင်နေခဲ့ရသည်ဟု သိရသည်။

Comments