Face Mask in Rangoon

ပါးစပ် နှာခေါင်းစည်း တပ်ဆင်သူ ရန်ကုန်တွင် ရုတ်တရက် များပြားလာ

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇွန် ၃၀၊ ရန်ကုန်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က အတည်ပြုခဲ့သည့် မြန်မာနိုင်ငံတွင် ပထမဆုံးသော လူတုပ်ကွေး ကူးစက်မှု ဖြစ်ပွားပြီး ၃ရက်အကြာတွင် ရန်ကုန်မြို့ရှိကျောင်းအချို့တွင် ကျောင်းသားများအား ပါးစပ် နှာခေါင်းစည်း တပ်ဆင်ရန်ညွှန်ကြားမှု များပေါ်ထွက်ခဲ့ပြီး အခြား ရန်ကုန်မြို့ခံများအကြား တွင်လည်း ကူးစက်ခံရမည့် အရေးစိုးရိမ်မှုများ ကြီးထွား လာနေသည်ကို တွေ့မြင်နေရသည်။

ပုဇွန်တောင် မြို့နယ်ရှိ ဆေးနှင့် ဆေးပစ္စည်းရောင်း သူတဦးက``ဒီနေ့ တနေ့လုံး မိဘတွေ ပါးစပ် နှာခေါင်းစည်း လာဝယ်နေကြတယ်၊ ပစ္စည်းကလည်း ဒီရက်ပိုင်းမှာမှ ဈေးတက်သွားတယ်။ ၃ဆနီးပါးလောက် တက်သွားတယ်။ အခု ရောင်းနေတဲ့ဟာ ဒီနေ့မနက်မှ မင်္ဂလာဈေးက ရခဲ့တာ၊ ပြီးခဲ့တဲ့ ရက်ပိုင်းကလေးက သွင်းတဲ့ကုမ္ပဏီက မရောင်းတော့ပဲ အခုရက်ကျမှ တခြားဆိုင်တွေက တဆင့်ထွက်လာတာ၊´´လို့ ပြောဆိုပါတယ်။

ယမန်နေ့ကတည်းက ဒဂုံ(၁) အထက ကဲ့သို့သော ရန်ကုန်မြို့ရှိ နာမည်ကြီး ကျောင်းများတွင် ပါးစပ် နှာခေါင်းစည်း တပ်ဆင်ထားသည့် ကျောင်းသားများကို စတင်တွေ့ရှိနေခဲ့ရပြီး ယနေ့တွင်မူ အခြားသော ကုမ္ပဏီဝန်ထမ်းများနှင့် လူငယ်များအကြားတွင်ပါ တပ်ဆင်မှု သိသိသာသာ များပြားလာသည် ကိုတွေ့ရှိရသည်။

တက္ကစီမောင်းသူ တဦးကလည်း ပါးစပ် နှာခေါင်းစည်းတပ်ဆင်ထားပြီး ``ခရီးသည်တွေအထဲမှာ ရောဂါရှိတဲ့သူတွေ ပါမပါ မပြောနိုင်ဘူးလေ၊ အဲဒါနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ တပ်ဆင်ထားတာပါ၊ အများနဲ့ ဆက်ဆံနေရတယ်ဆိုတော့ ´´ဟု ပြောဆိုသည်။

ရန်ကုန်မြို့လယ်တွင် လမ်းဘေးဈေးသည် တဦးဖြစ်သူကလည်း လူအချို့ ပါးစပ် နှာခေါင်းစည်း တပ်ဆင်လာသည်ကို ရုတ်တရက် မြင်တွေ့ရသဖြင့် သူ့အနေဖြင့် ရောဂါ၏ သဘောသဘာဝ၊ ကူးစက်နိုင်ခြေ ရှိမရှိ စသည်တို့ကို မသိသော်လည်း စိုးရိမ်မိသည်ဟု ထုတ်ဖေါ်ပြောဆိုသည်။

ထိုသို့ ယနေ့မှ စတင်ကာ တပ်ဆင်သူ ရုတ်တရက်များပြားလာခဲ့ရခြင်းမှာ ပထမဆုံး ကူးစက်ခံရသည့် ၁၃နှစ် အရွယ်ကျောင်းသူမှာ ယမန်နေ့က သေဆုံးသွားပြီ ဆိုသည့် ကောလဟလများ ကျယ်ပြန့်စွာ ထွက်ပေါ်နေခဲ့ခြင်း ကြောင့်ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ခံများကပြောဆိုသည်။

အစိုးရပိုင်မီဒီယာ မြန်မာ့ရုပ်မြင်သံကြားနှင့် ယနေ့ထုတ် သတင်းစာများတွင် ပထမဆုံး ကူးစက်ခံရသည့် အဆိုပါ ကျောင်းသူမှာ အခြေအနေကောင်းမွန်ကာ ပြန်လည် သက်သာလာနေပြီဟု ဖေါ်ပြထားသော်လည်း မြန်မာနိုင်ငံလူထု အနေဖြင့် အစိုးရ၏ မီဒီယာကို မယုံကြည်မှု ပြင်းထန်ပြီး ၊ အချို့မှာ အဖြစ်မှန်ကို သိရှိလိုလျင် အစိုးထုတ်ပြန်ကြေငြာသည်နှင့် ပြောင်းပြန် အဓိပ္ပါယ် ကောက်ယူရမည် ဟူသည့် နားလည် သဘောပေါက်မှုမျိုးလည်း ရှိနေသည်ကိုလည်း ကြားသိရသည်။

ပြည်တွင်းထုတ် ဂျာနယ်များ အနေဖြင့် ယခု လူတုပ်ကွေး သတင်းကို လူစိတ်ဝင်စား ခံရဆုံး သတင်းအဖြစ် ဖေါ်ပြဖို့ ကြိုးစားလျက်ရှိကြသော်လည်း ကျန်းမာရေး ၀န်ကြီးဌါနမှ တာဝန်ရှိသူများ အနေဖြင့် လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် လူထု၏ စိုးရိမ်ပူပန်မှုများကို လျော့ကျစေရန် ရှင်းလင်း ပြောဆိုမှု အားနည်းလျက်ရှိကြောင်း ပြည်တွင်း သတင်းထောက်များက ပြောဆိုလျက်ရှိသည်။

အမေရိကတိုက် မက္ကဆီကို နိုင်ငံတွင် လွန်ခဲ့သည့် ၂လကျော်မှ ၀က်များတွင် ဖြစ်ပွားပြီး မျိုးစိတ်အသစ် ပေါက်ဖွားကာ လူသို့ စတင်ကူးစက်ခဲ့သည့် လူတုပ်ကွေး (ထိုစဉ်က ၀က်တုပ်ကွေး ) ရောဂါသည် အချိန်တိုတိုတွင်း မက္ကဆီကို နိုင်ငံနှင့် ကူးလူးဆက်ဆံမှုရှိသည့် အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ သြစတေလျ၊ အစရှိသည့် အာရှနိုင်ငံများ အပါအ၀င် ဥရောပ နိုင်ငံများ သို့ပါ ကူးစက်ခဲ့ပြီးနောက် တွင် ဇွန်လအတွင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ကမ္ဘာ့ ကပ်ရောဂါအဆင့် (အမြင့်ဆုံး အဆင့်) သို့သတ်မှတ်ခဲ့သည်။ လူတုပ်ကွေးရောဂါကြောင့် ကမ္ဘာ တ၀ှမ်းတွင် လူပေါင်း ၂သောင်းကျော်ကူးစက်ခံ ခဲ့ရပြီး ၂၀၀ ကျော်မှာ အသက်ဆုံးရှုံးခဲ့ရသည်ကို တွေ့ရသည်။

(ပုံ - ရန်ကုန်မြို့ရှိ ဆေးပစ္စည်း ဆိုင်တဆိုင်တွင် တွေ့ရသော ပါးစပ်နှာခေါင်းစည်းများ၊ လမ်ဘေး ပလက်ဖေါင်း တွင်လည်း ပါးစပ်နှာခေါင်းစည်း ကို ဗန်းဖြင့်ချရောင်းလာသည် အထိ ရန်ကုန်မြို့ခံများ အကြားစိုးရိမ်မှု မြင့်တက်လာသည်ကို တွေ့ရသည်)(ပုံ - ရိုက်တာဓာတ်ပုံ၊ အင်တာနက်။ မြန်မာကလေးငယ်များ ပါးစပ်နှာခေါင်းစည်းများ ၀တ်ဆင်ထားစဉ်)

Comments