Yoke Soe - MoeMaKa News on the Run

မိုးမခဖတ်ဖို့ အပြေးအလွှားသတင်းများ

ရုပ်ဆိုး

ဇွန် ၃၀၊ ၂၀၀၉

လုံခြုံရေးတပ်တွေကို မီဒီယာသင်တန်းပေး - ဖောင်ကြီးမှာ လုံခြုံရေးတပ်သားတွေ၊ ၀န်ထမ်းတွေကို မီဒီယာသင်တန်း တပတ်ခန့် ခေါ်ပေးတယ်လို့ ဆိုပါတယ်။ ပြည်ပမီဒီယာတွေက စစ်အစိုးရဆီက ခွင့်ပြုချက်တောင်းစရာ မလိုလို့ လူထုထံကို အမြန်ရောက်ရှိပြီး လွှမ်းမိုးမှုတွေ လုပ်နိုင်တယ်။ အစိုးရမီဒီယာကတော့ ခွင့်ပြုချက်အဆင့်ဆင့်လိုအပ်လို့ နှေးကွေးရတယ်ဆိုတာကို ရှင်းပြပြီးတော့ အခုလို မြန်ဆန်သွက်လက်တဲ့သတင်းတွေကို မယုံကြည်ဖို့ မိန့်ကြားတယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးခန်းမမှာ လုပ်ခဲ့တဲ့ ဒေါ်စုရှင်းလင်းပွဲ - အယင်အပတ်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက မူးယစ်ဆေးဝါးနှင့် ပတ်သက်တဲ့ အစိုးရအဆောက်အဦမှာ လုပ်တာကြောင့် ပြည်တွင်းမီဒီယာတွေ အငိုက်မိသွားတယ်လို့ ပြောကြပါတယ်။ မူးယစ်ဆေးဝါးအကြောင်းတွေ ရှင်းမယ်လို့ ထင်နေတာကနေ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရှင်းလင်းတာဖြစ်လို့ အံ့အားသင့်ကြတယ်လို့ ဆိုပါတယ်။ စစ်အစိုးရရဲ့ သတင်းပြန်ကြားရေး လက်ကိုင်တုတ် ၂ ဦးဖြစ်တဲ့ မြတ်ခိုင်နဲ့ ဟိန်းလတ်ကပဲ အဆင်သင့်ပေးထားတဲ့ မေးခွန်းတွေ ဖတ်ပြတာကို တွေ့ကြရပါတယ်။

အစိုးရက ၂ ကျပ်၊ ကုန်သည်ကြီးများ ၂ ကျပ်ခွဲ - လယ်သမားတွေ၊ တောင်သူတွေကို စစ်အုပ်စုက မိုးစပါးချေးငွေတွေ ထုတ်ပေးတဲ့နေရာမှာ ၂ ကျပ်တိုးနဲ့ ချေးတယ်လို့ ဆိုပေမယ့် စစ်အုပ်စုက ကုန်သည်ကြီးများကို ၂ ကျပ် တိုးနဲ့ ထုတ်ချေးတာ ဖြစ်ပါတယ်။ ကုန်သည်ကြီးတွေက လက်သမားတွေကို ၂ ကျပ်ခွဲ တိုးနဲ့ တဆင့် ပြန်ချေးကြတယ်လို့ သိရပါတယ်။ ခန့်မှန်းတာကတော့ ချေးငွေရဲ့ ၁၀ ရာခိုင်းနှုန်းဟာ တောင်သူလယ်သမားတွေဆီက ပြန်ရဖို့ လမ်းမရှိဘူးလို့ ကုန်သည်ကြီးတွေ အဆိုအရ သိရပါတယ်။

ဆန် ပြသနာ - ဆန်တွေ ဒီတခါ ပိုလျှံမယ်လို့ ပြောသူက ပြောနေပါတယ်။ ပြည်ပဈေးကွက်ကို ပို့တဲ့နေရာမှာ စစ်အုပ်စုရဲ့ စွက်ဖက်မှုတွေ၊ ချုပ်ကိုင်မှုတွေကြောင့် နိုင်ငံခြားဖောက်သည်တွေက စိတ်ချလက်ချ အမှာစာ မပို့ရဲကြဘူးလို့ ဆိုပါတယ်။ နိုင်ငံတကာမှာ စီးပွားကျနေတော့ အခြားနိုင်ငံများနဲ့ ဈေးကွက်တည်ငြိမ်တဲ့ဆီကနေ ဆန်ကို အရင်မှာယူပြီးတော့မှ မြန်မာ့ဆန်ကို နောက်ဆုံးဦးစားပေးအဖြစ် မှာယူမယ်လို့ ပြောသံထွက်နေပါတယ်။ နိုင်ငံတကာ ကုန်သွယ်ရေး စည်းမျဉ်းတွေ၊ အာမခံချက်တွေကို မြန်မာအာဏာပိုင်တွေက နားမလည်တာအပြင် ပြည်ပက ၀ယ်လက်တွေဖက်ကလည်း ကတိမတည်တာတွေ၊ လိမ်လည်တာတွေ ရှိတာကြောင့် ပြည်တွင်းကုန်သည်ကြီးတွေမှာ အခက်အခဲရှိတယ်လို့ ပြောပါတယ်။

ပဲ ပြသနာ - မနှစ်က ပဲဈေးကွက် ပျက်တော့ မြန်မာပြည်မှာ မကြုံဖူးတဲ့ ပြသနာဖြစ်တယ်လို့ ကုန်သည်ကြီး တချို့က ပြောပါတယ်။ စစ်အစိုးရက ဒီလိုအကြပ်အတည်းတွေကို ညှိနှိုင်းဖြေရှင်းဖို့ ဆောင်ရွက်သင့်တယ်၊ အဖွဲ့ ဖွဲ့သင့်တယ်လို့ ပြောကြပါတယ်။ နောက်ပြီးတော့ ကုန်သည်ဈေးကွက်ကို နောက်ပိုင်း အလုံးအရင်းနဲ့ ၀င်ရောက်လာသူတွေက ငွေမည်းကို ငွေဖြူဖော်တဲ့ လူတွေ ဖြစ်တယ်လို့လဲ ပြောနေကြတော့ ဒီကိစ္စကို အစိုးရက လက်ပိုက်ကြည့်နေဦးမှာပဲလို့လည်း ထင်မြင်ချက် ပေးနေကြပါတယ်။

အင်းစိန် ရုးံချိန်း လှုပ်ရှားမှု - အင်းစိန်ထောင်အနီးမှာ လုံခြုံရေးတွေက အကန့်လိုက် ဖြတ်တောက်ပြီး ပိတ်ဆို့ထားတဲ့အတွက် လာရောက်စောင့်ကြည်သူတွေမှာ အုပ်စုတွေ ကွဲပြီး အားနည်းနေတာကို တွေ့ရပါတယ်။ အင်အားအတောင့်ဆုံးကတော့ လုံခြုံရေးတွေနဲ့ အရပ်ဝတ်အကြမ်းဖက်သမားတွေပဲ ဖြစ်တာကို တွေ့ရပါတယ်။ အင်န်အယ်ဒီပါတီ ရုံးချုပ်ရှေ့မှာလည်း စောင့်ကြပ်သူတွေ ပိုများလာတဲ့အတွက် အဲသည် အရပ်ဝတ်အကြမ်းဖက်အုပ်စုတွေအချင်းချင်း အားလပ်နေချိန်များမှာ ဖဲရိုက်ခြင်း၊ အံစာပစ်ခြင်းနဲ့ လောင်းကစားဝိုင်းငယ်ကလေးတွေတောင် ဖြစ်လာတယ်လို့ ပြောကြပါတယ်။

Comments