Skip to main content

jokes from Thai TV channel 7 :D

ရယ်လိုက်ရတာ ဖတ်ဖတ်မော
ဇာနည်ဝင်း
သြဂုတ် ၃၀၊ ၂၀၀၉


laughing grow grow laughing laugh
ယိုးဒယား ရုပ်မြင်သံကြား နံပတ် ၇ လိုင်းမှာ ရယ်စရာ ကောင်းတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတို အစီအစဉ်တွေ လာတတ်တယ်။ ရဲတပ်ဖွဲ့ဝင်တွေ ကြုံရတတ်တာတွေပါ။ ဖြစ်နေတဲ့ အချိန်မှာ ရိုက်ထားတာတော့ မဟုတ်ဘူး၊ ဇာတ်လမ်းဆင်ပြီး စိတ်ဝင်စားအောင် တင်ဆက်ထားတာတွေ။ တခါလွှင့်ရင် ဇာတ်လမ်း လေးငါးခု ပေါင်းပြီး လွှင့်တတ်တယ်။ စကားနားလည်တဲ့ သူနဲ့ အတူ ကြည့်ထားသမျှတွေထဲက ပြန်ပြောရရင် - -

အတွေ့အကြုံရှိတဲ့ရဲ
ဖြစ်ရပ် တခုမှာတော့ ရဲတွေက မူးယစ်ဆေး ရှာဖို့ အိမ်တအိမ်ကို ၀င်တယ်။ ရဲလာတာကို တွေ့တော့ ဆေး ရှိတဲ့သူက သူ့ မူးယစ်ဆေးထုပ်လေးကို ဖွက်ဖို့ ဟိုဟိုဒီဒီ လိုက်ကြည့်တယ်။ နောက်ဆုံး စိတ်အချရဆုံး နည်းလမ်းတခုကို စဉ်းစားမိသွားရော။ ရဲ ရောက်မလာခင် လုံလုံခြုံခြုံ ဖွက်ထားလိုက်တယ်။ ဟဲဟဲ - ဒီရဲတွေ ငါ့ဆေးကို ရှာလို့ မတွေ့နိုင်ဘူးပေါ့လေ။

ရဲတွေ သူ့ရှေ့ ရောက်လာတော့ သူ့ကို မေးတယ်၊ ဘာဖြစ်တာလဲ ပေါ့၊ သူ့လည်ပင်းမှာလည်း ပတ်တီး စည်းထားသလို၊ ကပ်ထားသလို၊ ဘာလိုလိုနဲ့ ဆိုတော့။ သူ ပြန်ပြောတာက “ဟုတ်တယ်၊ လည်ပင်း နာနေ လို့” တဲ့။ ခေါင်းကို ဟိုဘက် ဒီဘက် လှည့်မရလို့ တောင့်တောင့်ကြီး ဖြစ်နေရှာတယ် ဆိုပါစို့။

ဒါနဲ့ပဲ ဒီလူ့ကို မသင်္ကာကြဘူး။ ရဲတယောက်က ဒီလူ့ လည်ပင်းမှာ အုပ်ထား၊ ကပ်ထားတဲ့ ကပ်ခွာကို အားမနာ ပါးမနာ ဆွဲခွာပစ်တယ်။ ဆွဲလိုက်တော့ လည်ပင်း နာဟန်ဆောင်ပြီး ဖွက်ထားတဲ့ ဆေးထုပ် ထွက်ကျလာပါလေရော။ အလိမ်ပေါ်သွားပြီ။

ရဲက ဘာပြောလိုက်လဲ ဆိုတော့ “မင်း ငါ့ကို လိမ်လို့ ဘယ်ရမလဲ၊ ဒါက လည်ပင်းမှာ ကပ်ရတာ မဟုတ်ဘူး၊ ငါသိတာပေါ့၊ ဒါမျိုးက ငါ့မိန်းမ လစဉ်သုံးတဲ့ပစ္စည်း ကွ” တဲ့။

အင်း - အတွေ့အကြုံရှိတဲ့ ရဲနဲ့ သွားတိုးတော့ ဆရာသမား လက်ထိတ် ခတ်ခံလိုက်ရတယ်။

ခေါင်းမူးသူတယောက်၊ ရှူဆေး တတောင့်
နောက်အမှုတခုကလည်း မူးယစ်ဆေး အမှု။ အမျိုးသမီး တယောက်ကို ရဲစခန်း ဖမ်းလာပြီး အချုပ်ထဲ မထည့်ခင် ရှာဖွေရေး လုပ်တယ်။ ဆေး တွေ့ရောဗျာ။ ရဲမေက သက်သေခံပစ္စည်းကို စားပွဲပေါ် ခဏ တင်ပြီး တနေရာ ထွက်သွားတယ်။ (တော်တော်လေးကို ပေါ့လျော့တဲ့ ရဲမေဗျ၊ သူ့ကြောင့် ဒီဇာတ်လမ်း ဖြစ်လာတာ)။ မူးယစ်ဆေးပိုင်ရှင် အမျိုးသမီးလည်း မျက်နှာ မသာမယာနဲ့ ဆိုပါတော့။

အဲဒီအချိန်မှာ အမျိုးသမီး နောက်တယောက်ကို ဖမ်းခေါ်လာတယ်။ ထိုင်ခိုင်းတယ်။ ဒီတော့ အခန်းထဲမှာ ၂ယောက် ဖြစ်သွားတယ်။

နောက်ရောက်လာတဲ့သူက နေမကောင်းဘူး။ ဟန်ဆောင်တာ မဟုတ်ဘူးနော်။ တကယ် ခေါင်းမူးနေတာ။ ကံကောင်းချင်တော့ စားပွဲပေါ်မှာ ရှူဆေးတောင့်တခု တွေ့တယ်။ အတော်ပဲ၊ ဒါ ရှူလိုက်ရင်တော့ ခေါင်းမူး ခေါင်းကိုက် သက်သာပြီပေါ့လေ။

ဒါနဲ့ ရှူဆေးကို လှမ်းယူတယ်။ ဘေးက စိတ်ညစ်နေတဲ့ အမျိုးသမီးက ကမန်းကတန်း တားပါသေးတယ်၊ တားလည်း မရဘူး၊ နောက်ကျသွားပြီ။ ခေါင်းမူးနေတဲ့ ဟိုတယောက်က ရှူဆေးတောင့်ကို နှာခေါင်းဝမှာ တေ့ပြီး အားပါးတရ ရှူထည့်လိုက်တယ်။

ရှူဆေး ဆိုတာမျိုးက ခေါင်းမူးတဲ့သူ ရှူပြီးရင် မျက်လုံး မှေးစင်းသွားပြီး သက်သာသွားတတ်တယ်။ သို့ပေမယ့် ဒီတယောက်ကတော့ အဲသလို မဟုတ်ဘူး၊ သူ ရှူပြီးတော့ မျက်လုံးတွေ ပြူးထွက်ကုန်တယ် ပြီးတော့ “ဘာနံ့ကြီးလဲ၊ နံလိုက်တာ၊ ဘယ်ကောင်မစုတ်ရဲ့ u-q#b@*!xf$o&4+€? လဲ” စသဖြင့် တယောက်တည်း ပွက်လော ရိုက်သွားပါလေရော။

စိတ်ညစ်နေတဲ့ အမျိုးသမီးကလည်း သူ့ကို တိုက်ရိုက် ထိတော့ ဘယ်သည်းခံပါ့မလဲ၊ ပြန်ဆဲတာပေါ့ “f€&#-?q0o#b@*!x$f” ဒါနဲ့ ရန်ဖြစ်ကြတယ်။

ဇာတ်သိမ်းရရင် ရဲမေတွေ ပြန်ရောက်လာပြီး ဖြေရှင်းရတယ်။ လက်စသတ်တော့ ဟိုအမျိုးသမီးက မူးယစ်ဆေးကို အဲဒီ ရှူဆေးတောင့်ထဲမှာ ထည့်ပြီး ဟိုဒင်း - - ဘာခေါ်မလဲ လုံခြုံတဲ့ တနေရာမှာ သူ ဖွက်ထားတာ လို့ ဆိုတယ်။ ခေါင်းမူးတဲ့သူတောင် “အလိုင်ဝါး” လို့ အော်ပြီး မျက်လုံး ပြူးထွက်သွားပုံကို ကြည့်ရင် အနံ့အသက် အတော် ဆိုးမယ်လို့ ပရိသတ်က ခန့်မှန်းနိုင်တယ်။ ဒါကို အားပါးတရ ရှူလိုက်မိလို့ ခေါင်းမူးတဲ့ ဟိုတယောက် ဒုက္ခ ရောက်သွားရရှာတာ။

ထိုင်းစကားကျွမ်းတဲ့ မြန်မာပြည်သားများ မှတ်သားဖွယ်
မြန်မာပြည်သားတချို့ ထိုင်းစကားကို ထိုင်းတယောက်လို ပြောတတ်ကြတယ်။ သိတဲ့အတိုင်း အများစုက ဘာစာရွက်စာတမ်းမှ မရှိဘူး။ ဖမ်းပြီး နယ်စပ်ကို ပြန်ပို့ခံရတာမျိုးက ရိုးနေပြီ။

တနေ့တော့ ထိုင်းစကား မွတ်နေတဲ့ မြန်မာ အလုပ်သမား အဖမ်းခံရတယ်။ ရဲက သူ့ကို အင်တာဗျူးတယ်၊ ထိုင်းလား မြန်မာလား မသဲကွဲတော့ ဗျူးပြီး စမ်းသပ်တာ။ ဟန်ကျနေတာပဲ။ သူက ထိုင်းတယောက်လို ဖြေနိုင်တယ်ပေါ့ဗျာ။ ရဲက သူ့ရဲ့ ကိုယ်ရေး အချက်အလက်တွေ မေးတယ်၊ အဖေအမေ ဘယ်သူလဲ ဘာညာပေါ့။ အကုန် ဖြေနိုင်တယ် လျှောလျှောရှူရှူ။ ပါးစပ်ထဲ ရောက်လာတဲ့ နာမည်တွေကို အဖေ အမေနာမည် လုပ်ပစ်လိုက်တယ်။

သံသယကြီးတဲ့ ရဲက ဒီမေးခွန်းတွေပဲ နောက်တခါ ထပ်မေးတယ်။ အဲဒီအခါမှ ကွဲတော့တာပဲ။ ဘယ်မှာနေလဲ၊ အသက် ဘယ်လောက်လဲ ဆိုတာတွေကို အရင်လို တူအောင် ဖြေနိုင်ပေမယ့် အဖေ အမေ နာမည်တွေကတော့ ပထမဖြေတာနဲ့ မတူတော့ဘူး။ အလိမ် ပေါ်ပါလေရော။ ရဲက ဖမ်းပြီပေါ့။

ကောင်းလိုက်တဲ့ စိတ်ကူး
အခု ပြောမယ့် အမှုမှာတော့ ဆိုင်ကယ်စီး လူတယောက် ပစ္စည်း အလုခံရတယ်။ လုတဲ့သူတွေက ဆိုင်ကယ်နဲ့ ထွက်ပြေးတယ်။ ဆရာသမားက လုသွားတဲ့သူတွေ နောက်ကို လိုက်တယ်၊ သူ့ပစ္စည်း ပြန်ရချင်လို့။

လမ်းမှာ ရဲနဲ့တွေ့တယ်၊ အရှိန် မလျှော့ဘူး။ ဒါနဲ့ ရဲတွေက အံ့သြတယ်၊ ဒီကောင် ဘာကြောင့် အရှိန်ကြီးကြီး မောင်းရသလဲပေါ့။

အံ့သြတဲ့ ရဲတွေကို သူက လက်ခလယ် ထောင်ပြလိုက်ပါလေရော၊ (မျက်စိထဲ မြင်ယောင်ကြည့်ပါဦး) ဘာပြောကောင်းမလဲ ရဲတွေ ရှူးရှူး ရှားရှား ဖြစ်ပြီး သူ့နောက် လိုက်ပြီပေါ့။

လက်မ ထောင်ပြရင် အိုကေ ဆိုတဲ့ အဓိပ္ပာယ် ထွက်တယ်။ လက်ခလယ်ထောင်ပြရင်တော့ ရိုင်းရိုင်းစိုင်းစိုင်း ဆဲတဲ့သဘော။ ဒါက ကမ္ဘာသုံး ဘာသာစကား။ ယိုးဒယားမှာလည်း ဒါကို နားလည်တယ်။ အင်္ဂလိပ်ကားတွေမှာ မြင်ဖူးထားတာကိုး။

သူ ရှေ့က အရှိန်နဲ့မောင်း၊ ရဲတွေက နောက်က ထပ်ချပ်မကွာလိုက်၊ နောက်ဆုံး သူ့ပစ္စည်း လုတဲ့သူတွေကို မီသွားတယ်။ ဒီလူတွေကို အဲဒီရဲတွေရဲ့ အကူအညီနဲ့ ဖမ်းလိုက်ပါလေရော။ ရဲတွေကိုတော့ နောက်မှ တောင်းပန်ရတယ်၊ ဆိုင်ကယ်ရပ်ပြီး အကူအညီတောင်းရင် အဆင်ပြေချင်မှ ပြေမယ်၊ အချိန်ကြာရင် လုတဲ့သူတွေ လွတ်သွားနိုင်တယ် ဘာညာပေါ့း)

ကောင်းလိုက်တဲ့ စိတ်ကူးဗျာ၊ မဟုတ်ဘူးလား။ ကဲ - ကိုယ့်လူတို့၊ အရေးကြုံလို့ ထိုင်းရဲတွေနဲ့ တွေ့ရင် အကူအညီတောင်းဖို့ လက်ခလယ် ထောင်ပြကြပါစို့။ ။

0