Quotes in Dec 2009



မိုးမခ၏ ဒီဇင်ဘာလ စာကိုး၊ စကားကိုး
ဒီဇင်ဘာ ၊ ၂၀၀၉

ကာတွန်း အဖွဲ့ ကွဲသွားတာရယ်လည်း မဟုတ်ဘူး။ စကားများပြီး နားလည်မှုတွေ လွဲပြီး အဖွဲ့ကွဲသွားခဲ့တာ မဟုတ်ဘူး၊ ကျန်နှစ်ယောက်က မအားတော့ ဒီအလုပ်ကို ဆက်မလုပ်ဖြစ်တာပါ။ ဒီတော့ သမီးဘာသာသမီး ဆက်လျှောက်တယ်။ တစ်ခါတလေ စိတ်အားငယ်တယ်။ ပြီးတော့ တစ်ခါတလေ မျက်နှာငယ်ရတယ်။ အရင်က သမီးတို့ အဖွဲ့က အရမ်းကြီး အောင်မြင်ခဲ့တာ မဟုတ်ပေမယ့် လူသိခဲ့တယ်။ အခု ပျောက်ပြီး သမီးတစ်ယောက်တည်း တစ်ကနေ ပြန်စပြီး ပြန်တိုးရတော့ မျက်နှာငယ်ရတယ်။ အနှိမ်ခံရတယ်။ စိတ်ဓာတ်လည်း ခဏခဏ ကျခဲ့ပါတယ်။ ဒါပေမယ့် သမီး ပြန်လှည့်သွားမှာ မဟုတ်ပါဘူး။
သီရိ၊ ကာတွန်း အဆိုတော်အဖွဲ့ အဖွဲ့ဝင်ဟောင်း
24/7 ဂျာနယ်၊ ဒီဇင်ဘာ

ချုပ်ပြီးပြောရရင် နိုင်ငံတော်အကြီးအကဲရဲ့ ကြီးမားတဲ့ အမြော်အမြင်နဲ့ ဆင်ခြင်တွက်ဆ လမ်းညွှန်မှု အောက်မှာ အပြိုင်းအရိုင်း သီးပွင့်ဖြစ်ထွန်းဝေဆာလာတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ယခု အချိန်မှာ လက်ညိုးထိုးမလွဲ ဖြစ်နေ ပါပြီ။
ကျော်ရဲမင်း၊ ဆောင်းပါးရှင်
ကြေးမုံသတင်းစာ၊ ဒီဇင်ဘာ ၁၆

မလေးရှားမှာ မိန်းကလေးတွေကို သည်ထက်ကောင်းတဲ့ နေရာ ရှိတယ်။ လစာလည်း ပိုကောင်းတယ် ဆိုပြီး စည်းရုံးတဲ့အပေါ် ယုံကြည်မိလို့ ဒုက္ခရောက်တာတွေလည်း ရှိတယ်လို့ သိရတယ်။ မလေးရှားမှာ မြန်မာအချင်းချင်း ရင်းနှီးကူညီမှုလည်း နည်းပါးတယ်လို့ ဆိုတယ်။
နံနက်ခင်း ဂျာနယ်၊ ဒီဇင်ဘာ ၁၆

(အမေရိကန်ပြည်ထောင်စုမှာ) ကျွန်တော် စိတ်မကောင်းတာ တစ်ခုတော့ တွေ့ခဲ့တယ်။ မြန်မာအချင်းချင်း နှိမ်ကြတာကို တွေ့ရတယ်။ အိန္ဒိယက ကုလားတွေ၊ တရုတ်တွေက အလုပ်တစ်နေရာရပြီ ဆိုရင် သူတို့ အမျိုးတွေ ပွားလာအောင် လုပ်ကြတယ်။ မြန်မာတွေက အဲဒီလို မဟုတ်ဘဲ အချင်းချင်း ကတ်ပြီး လုပ်နေကြတာ တွေ့ရတယ်။ အဲဒီလို လုံးဝ မဖြစ်စေချင်ပါဘူး။ မြန်မာလူမျိုးတွေ အစား ကျွန်တော် စိတ်မကောင်းပါဘူး။ မြန်မာနိုင်ငံက လာတဲ့လူဆို မြန်မာတွေကပဲ သူတို့ပဲသိ၊ တတ်တယ် ဆိုပြီး အချင်းချင်း နှိမ်ကြတာ။ တခြားလူမျိုးတွေက မြန်မာကို မနှိမ်ဘူး။

သားစိုး၊ အဆိုတော်
ပေါ်ပြူလာဂျာနယ်၊ ဒီဇင်ဘာ ၁၅

လက်ရှိရထားလမ်းများတွင် အသုံးပြုလျက်ရှိသည့် ဇလီဖားတုံးများ သည် သုံးနှစ်လျှင်တစ်ကြိမ် အစား ထိုး လဲလှယ်တပ်ဆင်ပေးရသည်။ ယ ခု တရုတ်နည်းပညာကိုအသုံးပြု၍ မြန်မာအင်ဂျင်နီယာများတီထွင် ဖန် တီးထုတ်လုပ်ထားသည့် ကွန်ကရစ် ဇလီဖားတုံးများမှာ နှစ်ပေါင်း ၆၂ နှစ်အထိ အသုံးပြုနိုင်ပြီး ၆၂ နှစ် ကြာမှ တစ်ကြိမ် လဲလှယ်ပေးရမည် ဖြစ်ရာ ရေရှည်တွင် ပစ္စည်းခ၊ လုပ် အားခ စသည့် စရိတ်စကများသာမက လုံခြုံစိတ်ချမှုတွင်ပါ အားသာချက်များ ရှိကြောင်း သိရသည်။

မြန်မာပို့စ် ဂျာနယ်၊ ဒီဇင်ဘာ ၃

တောင်းရမ်းစားသောက်တဲ့သူတွေ တခြား အမြင်မတော်တာတွေ နိုင်ငံခြားသားက ဓာတ်ပုံရိုက်တော့ ဘာဖြစ်လဲ။ သူတို့ မှတ်တမ်းတင်ပေးတဲ့အတွက် ကျေးဇူးတောင် တင်ရဦးမယ်။ အရေးကြီးတာက နောင်တစ်ချိန် မရှိဖို့ပဲ။ ဒီအခြေအနေကနေ တိုးတက်အောင် ကြိုးစားကြဖို့ပဲ။

ဦးကြည်မြင့်၊ စာရေးဆရာ
Flower News ဂျာနယ်၊ ဒီဇင်ဘာ ၁၅

FM ရေဒီယို အသံလွှင့်ဌာနတွေလဲ အတော်များများ ပေါ်လာတယ်။ ဂျာနယ်တွေရဲ့ အရေအတွက်ကလဲ များလာပါတယ်။ ဒါပေမဲ့ အရေအတွက် များတိုင်းတော့ တိုးတက်လာပြီလို့ မဆိုသာပါဘူး။ ဒီ မီဒီယာတွေရဲ့ လုပ်ပိုင်ခွင့်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ အတွက် လုပ်ပိုင်ခွင့်တွေလည်း ပြန်ကြည့်ဖို့ လိုပါတယ်။ အရေအတွက် များပြားလာတာကိုတော့ ကြိုဆိုရမှာ ဖြစ်ပါတယ်။

အောင်လှထွန်း၊ သတင်းထောက်
ရန်ကုန်တိုင်းမ်ဂျာနယ်၊ ဒီဇင်ဘာ ၃

လက်ထပ်တော့မယ် ဆိုရင် အသေအချာ စဉ်းစားရမှာ မှန်ပေမယ့် သိပ်စဉ်းစားရင် အဆင်မပြေတာတွေ အများကြီး ရှိတတ်ပါတယ်။ တချို့ အချက်တွေက လက်ထပ်ပြီးမှ ညှိယူရတာ ရှိပါတယ်။ - - - လက်ထပ် ထိမ်းမြားတယ် ဆိုတာ လူသားတိုင်း မဖြစ်မနေ ထမ်းဆောင်ရမယ့် တာဝန်လို့ မြင်ပါတယ်။

မြန်မာတဦးနှင့်လက်ထပ်ထားသော ဂျပန်အမျိုးသမီး (အမည်ဖော်ပြမထား)
နံနက်ခင်း ဂျာနယ်၊ ဒီဇင်ဘာ ၁၆

အမေ အကယ်ဒမီ ရခဲ့တဲ့ ဇာတ်ကွက်ကလည်း ထူးခြားတယ်။ အဲဒီ အခန်းကို ရိုက်ဖို့ ဦးသာဓုက အမေ့ကို အသံနေ အသံထားက အစ အမျိုးမျိုး သင်ပေး တယ်။ အမေက လုပ်လို့ မရခဲ့ဘူး။ နောက်ဆုံး ဦးသာဓုက အမေ့ကို ပြောတယ်။ “ဟဲ့ တင်တင်အုန်း နင်မလုပ်နိုင်ရင်လည်း သင်္ဃန်းကျွန်း ဈေးမှာ ဈေးသွား ရောင်းစားတော့တဲ့။ လူတွေ အများကြီးကြားမှာ အပြောခံရတော့ အရမ်း ရှက်သွားတယ်။ နားထဲမှာလည်း လေတွေထွက်ပြီး ငါ ရအောင် လုပ်မယ်လို့ ဆုံးဖြတ်ပြီး လုပ်တယ်။ အမေ့ စိတ်သွင်း လိုက်နိုင်ပြီဆိုတာ သိတော့ ဦးသာဓုက သူ့လူတွေ (ကင်မရာမင်း)ကို လက်တို့လိုက်တယ်။ ရီဟာဇယ်ပေါ့။ အမေလည်း အားကုန် လုပ်လိုက်တာ။ ရီဟာဇယ်လည်းပြီးရော နှာနှပ်ယူခဲ့ရတယ်။ သတိပါ လစ်သွားလို့လေ။ အဲဒီ ရီဟာဇယ်ကိုပဲ ဦးသာဓုက အတည် ရိုက်ယူခဲ့တာ။ အဲဒီ ဇာတ်ဝင်ခန်းက အကယ်ဒမီ ကွက်ဖြစ်သွားတယ်။ အဲဒီ ဇာတ်ဝင်ခန်းမှာ ၀တ်ခဲ့တဲ့ အ၀တ် အစားတွေကိုပဲ အကယ်ဒမီ ပွဲမှာ ၀တ်ပြီး တက်ခိုင်းတယ်။

မြတ်မွန်၊ သရုပ်ဆောင်
ပေဖူးလွှာမဂ္ဂဇင်း၊ ဒီဇင်ဘာ

အရာရှိတွေဟာ မကြာခဏ ပြောင်းလဲနေကြတာမို့ တခါတရံ တပ်ကြပ်ကြီးတွေက တပ်စုမှူး အရာရှိတွေထက်တောင် ရဲဘော်တွေအပေါ်မှာ သြဇာအာဏာ လွှမ်းမိုးတာ တွေ့ရပါတယ်။ ရဲဘော်တွေက သူတို့ကို ချစ်ကြောက်ရိုသေကြရပြီး စစ်မြေပြင်မှာ သူတို့ဟာ အားအကိုးရဆုံးလည်း ဖြစ်ကြပါတယ်။ - - - - တပ်ရင်းမှူးတွေဟာ တပ်အောက်ခြေမှာ ဖြစ်ပျက်နေတာတွေကို သိရှိဖို့ လူယုံတွေကို ဆရာကြီးတွေကို မွေးထားတတ်ကြသလို နေရာကောင်းပေးကာ သူကောင်းပြုထားတတ်ကြပါတယ်။ အဲဒီဆရာကြီးတွေရဲ့ ဇနီးမယားတွေကလည်း တပ်ရင်းမှူးကတော်နဲ့ ပနာသင့်ရတဲ့အပြင် အချိန်ပြည့် သွားရောက်ကာ ဝေယျာဝစ္စ လုပ်ပေးကြရပါတယ်။ ဇနီးမယားတွေဟာ တပ်တွင်းအောက်ခြေက သတင်းတွေကိုလည်း တင်ပြကြရပါတယ်။ အခုဆိုရင် တချို့တပ်တွေမှာ တပ်ရင်းမှူးကတော်တွေတောင် ရုံးခန်းသီးသန့်ဖွင့်ကာ နေ့စဉ် ဓာတ်ဆီ သုံးစွဲမှု၊ ရိက္ခာအနေအထား၊ တပ်တွင်းသာရေး နာရေးကိစ္စတွေ၊ တပ်တွင်း စီးပွားရေး လုပ်ငန်းတွေကို စီစဉ်ညွှန်ကြားနေတာကို အံ့သြစဖွယ် တွေ့မြင်နေရပါတယ်။

ဗိုလ်ထက်မင်း၊ တပ်မတော်အရာရှိဟောင်း
မဇ္စျိမ mizzimaburmese.com ၊ ဒီဇင်ဘာလ ၂၅

(လက်ဘက်ရည်ဆိုင်) မထိုင်ဖြစ်တော့ပါဘူး။ အလုပ်တွေလည်း မအားလို့ပါ။ အရင်တုန်းက အချိန်တွေ အရမ်း ပိုနေတာကိုး။

မယ်လိုဒီ၊ သရုပ်ဆောင်
မုခမဂ္ဂဇင်း၊ ဒီဇင်ဘာ

ကင်ဆာ ဖြစ်နေတယ်ဆိုတာသိလိုက်ရတော့ စိတ်ထဲမှာ အကောင်းဆုံး ကြိုးစားဖြေရှင်းမယ် ဆိုတာပဲ ရှိတယ်။ အဲဒါကြောင့်လည်း ခွဲစိတ်မှုကို သိသိချင်းပဲ လုပ်ဖြစ်သွားတယ်၊ - - - နှစ်နှစ် ရှင်မလား၊ သုံးနှစ် ရှင်မလား အဲဒီအတွင်းမှာပဲ ကိုယ်က အကောင်းဆုံး ဖြစ်အောင် ရပ်တည်သွားချင်တယ်။ ဒီ အလုပ်တွေကလည်း ကိုယ် ၀ါသနာပါတဲ့ အလုပ်တွေပဲဆိုတော့လေ အလုပ်ထဲကို စိတ်နှစ်လိုက်ပြီ ဆိုရင်တော့ ဝေဒနာ တစ်ဝက်က သက်သာသွားသလို ခံစားရတယ်။ ပြီးတော့ အလုပ်လုပ်နေရင် ဒီ ရောဂါထဲကို စိတ်မရောက်နေတော့ ကိုယ်က အကောင်းပကတိအတိုင်း ပို ဖြစ်တယ်လို့ ခံစားရတယ်။ အိပ်ရာထဲ လှဲ နေပြီးတော့ စိတ်ဓာတ်တွေ ကျနေတာနဲ့ စာရင်ပေါ့။

မေစံပယ်၊ မော်ဒယ်၊ အူမကြီးကင်ဆာဝေဒနာရှင်
မြန်မာတိုင်းမ်၊ ဒီဇင်ဘာ ၁၈

ကျွန်တော်က မမိုးရဲ့ ပရိသတ်ပါ။ ဟိုးအရင် မော်ဒယ် စလုပ်ကတည်းက အားပေးတဲ့ အမာခံပရိသတ်ပါ။ အဲဒီ အနုပညာ လောကထဲမှာက ကျွန်တော်နဲ့ သိတဲ့လူတွေ ရှိတယ်လေ။ သူတို့တွေကနေ မိတ်ဆက်ခိုင်းပြီး မမိုးနဲ့ စသိခဲ့တာပေါ့။ နောက်မှ ချစ်သူတွေဖြစ်တာပါ။
ကောလဟာလ ဆိုတာတော့ ရှိတတ်ပါတယ်။ တစ်ခါတလေ ကျွန်တော်ကိုယ်တိုင် အိမ်မှာ ရှိနေရင်းနဲ့ကို ကောလဟာလက ထွက်နေတာပါ။ ကျွန်တော်တို့ကတော့ ကောလဟာလကို မဖြေရှင်းဘူး။ လျစ်လျူရှုထားလိုက်တာပါပဲ။

ညီညီထွန်း၊ မိုးဟေကို၏ချစ်သူ
လျှပ်တစ်ပြက်ဂျာနယ်၊ ဒီဇင်ဘာ ၂၅

မဆွိတီတို့ သူငယ်ချင်းထဲက တစ်ယောက်ပေါ့လေ။ သူက တစ်ချို့ကိစ္စတွေမှာ နဲနဲ ကွန်ဆာဗေးတစ်ဆန်တယ်။ ရှေးရိုးစွဲတယ်ပြောရမှာပေါ့။ သူတို့မိသားစု မျိုးရိုးဓလေ့စရိုက်ကိုကပဲ အဲလို ရှေးရိုးစွဲတာဖြစ်ဟန်တူပါရဲ့ ။

ဟိုတစ်နေ့ကမှ သိလိုက်ရတာ ... သူကသူ့ယောက်ျားကို ညတိုင်းရှိခိုးပြီးအိပ်သတဲ့လေ။ ဒီခေတ်ကြီးထဲများ ယောက်ျားရှိခိုးအိပ်တယ်ဆိုတော့ အံ့လဲအံ့သြ၊ ရယ်လဲရယ်ချင်သွားတယ်။ ဘာလို့လဲဆိုတော့ သူ့အမျိုးသားကလဲ သူနဲ့ ရွယ်တူ၊ အတန်းတူ သူငယ်ချင်းကနေ ကြိုက်ပြီး အိမ်ထောင်ပြုကြတာကိုး။ ကိုယ်ကလဲ ၂ယောက်စလုံးကို ကျောင်းကထဲက သိနေ၊ ခင်နေတော့ ရယ်ချင်သွားတာ။

အဲဒါ လင်မယား ဘာသာ၊ဘာဝ အမြဲတမ်းတော့ ဘယ်တည့်မလဲနော့။ တစ်ခါတစ်လေ ရန်ဖြစ်တဲ့နေ့တွေ၊ စိတ်ကောက်ကြတဲ့နေ့တွေ လည်းရှိမှာပေါ့။ အဲဒီလို ရာသီဥတု မသာမယာဖြစ်တဲ့နေ့တွေကျရင်ကော ဘယ်လိုလဲ။ အဲလိုနေ့တွေတော့ မရှိခိုးတော့ဘူးပေါ့ဆိုတော့။ ဘာပြောတယ်ထင်တုံး။

အဲလို စိတ်ဆိုးတဲ့အခါဆိုရင်တော့ ထိုင်ကန်တော့မနေတော့ပဲ ကုတင်ပေါ်ကတင်ပဲ ယောက်ျားဘက်လှည့်ပြီး "တော့ကို ကျုပ်ရှိခိုးတယ်တော် " ဆိုပြောသတဲ့။ စိတ်ဆိုးပါတယ်ဆိုမှတော့ လေသံက ဘယ်သို့ ဘယ်ပုံဖြစ်မလဲဆိုတာတော့ ပိတ်သတ်ကြီး ကိုယ့်ဟာကိုယ်သာ စဉ်းစားကြပါကုန်။

ဆွိ၊ ဘလော်ဂါ
http://auntysweet.blogspot.com/ ဒီဇင်ဘာ ၂၄

ဖော်ဝဒ်မေးလ်တွေ ရတတ်ကြပါသလား။ အီးမေးလ် သုံးသူတွေရဲ့ ၁ဝဝ% က ရပါတယ်လို့ ဖြေကြမှာပါ။

- - - မူရင်းက ဝဘ်ဆိုဒ်တခု၊ ဘလော့ဂ်တခု ဖြစ်နေတာလည်း များတာကိုး။ ဒါပေမဲ့ ဖော်ဝဒ်မေးလ်လည်း မဆိုးပါဘူး အနည်းဆုံး "သူ ငါ့ကို သတိရသားပဲ" လို့ သိရတာပေါ့။

ဖော်ဝဒ်မေးလ်တွေရဲ့ အကြောင်းအရာကလည်း စုံပါတယ်။ ဟာသတိုထွာ အစ၊ နှလုံးရောဂါ ကာကွယ်နည်း အလယ်၊ မော်ဒယ်မလေး အိပ်ခန်းထဲမှာ ဖုံးပြောနေပုံ အဆုံး အားလုံးပါပါတယ်။ အများစုက စိတ်ဝင်စားစရာပါ။ တချို့ သူငယ်ချင်းတွေ ပို့တဲ့ မေးလ်တွေကိုတော့ ရုံးမှာဖွင့်ရင် ကမန်းကတန်း ပိတ်ပြစ်ရလွန်းလို့၊ ဘယ်သူတွေ ပို့တာဆို ရုံးမှာ ဖွင့်လို့ မဖြစ်ဆိုတာမျိုး မှတ်ထားရတယ်။

အကောင်းအဆိုး ရောနေတဲ့ ဖော်ဝဒ်မေးလ်ကတော့ မြန်မာ ဘလော့ဂ်တွေက၊ ဝဒ်ဆိုဒ်တွေက ကောင်းနိုးရာရာလေးတွေ ကူးပြီးပို့ပေးတာပါ။ ကိုယ် လက်လှမ်းမမှီတဲ့၊ သတိမထားမိလိုက်တဲ့ သတင်း၊ ဗဟုသုတ၊ ရသစာစု စတာတွေ ပါတတ်လို့ ကောင်းပါတယ်။ ဒါပေမဲ့ ဆိုးတာက ရေးတဲ့သူနဲ့၊ မူလဆိုဒ် မပါတာ များပါတယ်။ စာတပုဒ်လုံးကို ဓာတ်ပုံတွေပါကူးပြီးမှ ဘာလို့ရေးသူ နာမည် ချန်ထားခဲ့ကြသလဲ စဉ်းစားမရပါ။

တင်မင်းထက်၊ ဘလော်ဂါ
http://tinminhtet.blogspot.com/ ဒီဇင်ဘာ ၂

"နင့်အသက် တခါလွှတ် ငါ့အသက် ဆယ်ခါလွှတ်"

ကျမတို့ ငယ်ငယ်က ငှက်လွှတ်၊ ငါးလွှတ်ကြတဲ့ အခါ ပြောလေ့ရှိကြတဲ့ စကား လေး...ခု အသေအချာ ပြန်စဉ်းစား ကြည့်မိတဲ့ အခါ အတော်ကလေး ရယ်စရာ ဖြစ်နေတာ...။

ဘယ့်နှယ် သူ့ တော့ တခါလွှတ်ပြီး ကိုယ့်ကျတော့ ဆယ်ခါ လွှတ်ရမယ် လို့ ၊ ဘေးမဲ့လွှတ်တဲ့ ဇီဝိတ ဒါန မြတ်တဲ့ အလှူပါပဲ၊ ဒါပေမဲ့ လောဘလေး တန်းလန်းနဲ့ လှူတဲ့ အလှူ ဖြစ်နေခဲ့တယ်၊ ကိုယ်က ၉ ခါ အမြတ် ပြန်ရဖို့ တွက်ပြီး လှူထား တာကိုး...။

တကယ်ဆိုရင် အရင်ဆုံး လှောင်ချိုင့်ထဲက ငှက်ကလေးရဲ့ နေရာမှာ ကိုယ်ချင်းစာ စိတ်ကလေးနဲ့ ခဏ ဝင်ကြည့်ရမှာ ၊ ခမျာ တကယ်ပဲ ကျဉ်းကြပ် နေပါလား၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရှာမှာ ၊ သူလဲပဲ လွတ်လပ်စွာ ပျံသန်း ချင် ရှာလိမ့်မပေါ့၊ ငါသာ ဆိုရင်ရော ဘယ်လိုများ ခံစား ရမှာပါလိမ့်၊ သူ့ကို လွှတ်လိုက် ရင်ဖြင့် သူ ပျော်ရှာမှာ...။

အဲဒီလို...ငှက်ကလေး အပေါ် ချမ်းသာစေချင်တဲ့ စိတ်လေး ထားပြီး တကယ် လွှတ်လိုက်တဲ့ အခါမှာလည်း ဟိုးကောင်းကင်ကြီးထဲ လွတ်လပ်စွာ တဟုန်ထိုး ပျံသွားတဲ့ ငှက်ကလေးရဲ့ ပျော်ရွှင်မှုလေး ၊ အဲဒါလေးကို ရင်ထဲ ကူးစက်လို့ ငှက်ကလေး နဲ့ အတူ ခံစား ပေးရမှာ...။

ချစ်ကြည်အေး၊ ဘလော်ဂါ
http://chitkyiaye.blogspot.com/ ဒီဇင်ဘာ ၂၄

ရုပ်ရှင်က အထိရောက်ဆုံး မီဒီယာတစ်ခုလို့ ထင်တယ်။ တော်တော် ထိရောက်ပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုက ရောက်ရှိသွားနိုင်မယ့် လူဦးရေ အရေအတွက် အတိုင်းအတာက တော်တော် ကျယ်ပြန့်တယ်။ ကျွန်တော်တို့ မြန်မာ လူ့အဖွဲ့အစည်း ဓလေ့ထုံးစံနဲ့ နေ့တဓူဝ ဘဝထဲမှာ ရုပ်ရှင်က တော်တော် အရေးပါတယ်။ - - - - ကျွန်တော်တို့ တင်ပြချင်တာတွေလည်း ခပ်ကြောင်ကြောင်တွေ ဆိုတော့ ဒါကိုလိုက်ပြီး သရုပ်ဆောင်နိုင်ဖို့ ခပ်ကြောင်ကြောင် မင်းသားတစ်ယောက်လည်း လိုအပ်တာပေါ့နော်။ - - ရဲတိုက်ကို တွေ့လာတာပဲ။ - - သူက Intelligence ဖြစ်တယ်။ ကျွန်တော်တို့ကိုလည်း သည်းခံနိုင်လိမ့်မယ် ထင်တယ်။ ကျွန်တော်တို့ကို သည်းခံနိုင်ဖို့ မလွယ်ဘူး။ သုံးနှစ်အတွင်းမှာ ဘယ်နှစ်ကားပဲ ထွက်လို့လဲ။ သူ့မှာ ကျွန်တော်တို့ကို သည်းခံနိုင်တဲ့ အစွမ်းအစတွေနဲ့ အကုန်လုံး ပြည့်စုံနေခဲ့ပါတယ်။

ရဲနိုင်မိုး၊ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေး
မုခမဂ္ဂဇင်း၊ ဒီဇင်ဘာ

Comments