Revolution participants - 11


အရေးတော်ပုံ ရင်ခုန်သူများ အပိုင်း ၁၁
အောင်ဝေး
ဒီဇင်ဘာ ၃၀၊ ၂ဝဝ၉
ထူးအိမ်သင် (သရုပ်ဖော် ပန်းချီ - အောင်လတ်)

“- - - - ထူးအိမ်သင် တောထဲမှာ ရေးစပ်ခဲ့တဲ့ အရေးကြီးပြီး ညီနောင်အပေါင်းတို့၊ သွေးစည်းကာ ညီစေညီကြစို့ ဆိုတဲ့ အဆုံးသတ်တိုက်ပွဲ သီချင်းကို - - - ”

တစ်ညနေ ဆည်းဆာအောက်မှာ ခြေစုံရပ်ပြီး ကောင်းကင်ပေါ် ငှက်တစ်အုပ် ဖြတ်ပျံသွားတာကို ကြည့်ငေး နေမိတယ်။ ချက်ချင်းပဲ ကျွန်တော့်စိတ်ထဲက ကိုရီးယားစကားပုံ တစ်ခုကို အမှတ်ရမိသွားပါတယ်။ “မိုးတိမ်တွေက လေစုန်နဲ့ မျှေmလိုက်တတ်ကြတယ်။ ငန်းရိုင်းတွေက လေဆန်ကို ဖြတ်ပြီး အိပ်တန်း ရှာကြတယ်လေ” တဲ့။ ကျွန်တော့်ရင်ထဲမှာ ထိထိရှရှဖြစ်ပြီး ကျွန်တော့် တိုင်းပြည်ကလေးက လေဆန်ငှက် တစ်ကောင်ကို သတိရ တမ်းတမိ သွားပါတော့တယ်။

လွန်ခဲ့တဲ့ အနှစ် (၂၀)ကျော် အတိအကျ ပြောရရင် ၁၉၈၉ ခုနှစ် မိုးဦးကျ လေဦးကျအချိန် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က NLD ရဲ့ ဧရာဝတီတိုင်း စည်းရုံးရေး တာဝန်နဲ့ ပုသိမ်မြို့ကို ရောက်နေပါတယ်။ ပုသိမ်မြို့ တံတားကြီးတန်းရပ် ဓနိတန်းကမ်းမှာ ကျွန်တော်တို့ရဲ့ NLD တိုင်းရုံး ရှိပါတယ်။ အဲဒီအချိန်က ၁၉၈၉ ခုနှစ် ဇန်န၀ါရီလတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း အနောက်ခြမ်း ခရီးစဉ်မှာ ကျွန်တော်တို့ တစ်အုပ်စုလုံး အဖမ်းခံရပြီး အာမခံနဲ့ ပြန်လွှတ်၊ တစ်ပတ်တစ်ခါ တရားရုံး ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပါတယ်။

မိုးဦးကျ လေဦးကျမှာ ဧရာဝတီတိုင်း ငြိမ်ပိဥက္ကဋ္ဌဖြစ်သူ နတခ တိုင်းမှူး ဗိုလ်ချုပ် မြင့်အောင်ကလည်း စစ်ဦးဘီလူး သရဲမရဲ စီးသလို အင်မတန် ကြမ်းနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်း အနောက်ခြမ်း ခရီးစဉ်မှာတင်ပဲ ဧရာဝတီတိုင်း အ၀င် မအူပင်က စပြီး ဧရာဝတီတိုင်း အထွက် မြန်အောင်၊ ကြံခင်း အဆုံး အားလုံး NLD အဖွဲ့ဝင်ပေါင်း (၈၀)ကျော် အဖမ်းခံခဲ့ရတာပါ။ ဗိုလ်ချုပ်မြင့်အောင် ဆိုတာ တခြား နေရာမှာ ဒီမိုကရေစီ ရချင်ရမယ် သူ့နယ်မြေမှာ ဘယ်တော့မှ မရစေရဘူးလို့ နုတ်က ထုတ်ပြောခဲ့တဲ့သူပါပဲ။

အဲဒီလို ဖက်ဆစ် သံဖနောင့်အောက်က ဖိနှိပ်မှုတွေ တင်းကျမ်းပြည့်နေတဲ့ နေရာကို မိုးဦးလေဦးနဲ့အတူ လေဆန်ငှက်တစ်ကောင် မုန်တိုင်း မိုးတိမ်တွေထဲမှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။ မိုးတွေ သဲသဲမဲမဲ ရွာနေတဲ့ တစ်နေ့မှာ ကျွန်တော်ရှိရာ ဓနိတန်းလမ်းထဲက NLD တိုင်းရုံးကို သူရောက်ရှိလာပါတယ်။ သူ့တစ်ကိုယ်လုံး မိုးရေတွေ ရွှဲရွှဲစိုလို့ပါ။ ကျွန်တော်တို့ တိုင်းရုံးမှာရှိတဲ့ NLD လူငယ်တွေက သူ့ကို လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ သူကလည်း အားလုံးကို တရင်းတနှီး ပြန်လည် နှုတ်ဆက် ပွေ့ဖက်ပါတယ်။

မိုးစဲလေစဲမှာတော့ NLD တိုင်းရုံးမှာ အဆိုတော်ထူးအိမ်သင် ရောက်နေတယ် ဆိုတဲ့ သတင်းက ပုသိမ်မြို့ပေါ်က ကျောင်းသား လူငယ်တွေကြားမှာ သတင်းပျံ့သွားပါတော့တယ်။ အဲဒီနေ့က ထူးအိမ်သင်နဲ့ ကျွန်တော် တံတားကြီးတန်း ဘုရားကြီးကျောင်းတိုက်ရှေ့က လှဌေး လက်ဖက်ရည်ဆိုင်ကလေးမှာ စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြပါတယ်။

အဲဒီအချိန်က သူတောထဲက ပြန်ရောက်လာတာ မကြာလှသေးပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်တော့ သူက သူ့မိဘများရှိရာ မော်လမြိုင်ကို ရောက်နေပါတယ်။ အဲဒီကနေ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ အခြား ဒီမိုကရေစီ အင်အားစုတွေနဲ့ အတူ သူ တောထဲကို ရောက်သွားပါတယ်။ ပထမ သေဘောဘိုးကို အရင်ရောက်သွားတယ်လို့ ထင်ပါတယ်။ အဲဒီမှာ သူ တောခိုလာတဲ့ ကျောင်းသားတွေ၊ လူငယ်တွေကြားမှာ အဆိုတော်မွန်းအောင်နဲ့ တွေ့ဆုံလိုက်ရတာပါပဲ။

ကိုမွန်းအောင်နဲ့ သူ ပထမတော့ သေဘောဘိုးမှာပဲ အတူနေနေကြရတယ်။ နောက်တော့မှ တော်လှန်ရေးအတွက် အနုပညာဌာနဖွင့်ဖို့ သူတို့နှစ်ယောက် မာနယ်ပလောက ခေါ်လိုက်ပုံရပါတယ်။ ကိုမွန်းအောင်နဲ့ ထူးအိမ်သင်တို့ မာနယ်ပလောကို ရောက်သွားကြတယ်လို့ ဆိုပါတယ်။

ကျောင်းသားတွေ တောထဲရောက်ပြီး နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွဲနေရတဲ့ အချိန်ပါ။ ဒီအချိန်မှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်က ကျောင်းသားတွေကို အိမ်ပြန်လာဖို့ ပြန်လည် ဖိတ်ခေါ်တဲ့ ကြေညာချက် ထုတ်ပါတယ်။ ပြန်လာတဲ့ သူတွေကို အရေးမယူဘူး ဆိုတဲ့ န၀တရဲ့ သဘောထား ကြေညာချက်ထဲမှာ ပါပါတယ်။

ဒီလိုအခြေအနေမှာ ထူးအိမ်သင် အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ သူ့အနေနဲ့ စွမ်းဆောင်နိုင်တဲ့ အရည်အသွေး မရှိဘူး။ ဒီနေရာဟာ သူနဲ့ မကိုက်ညီဘူး။ ဒီတော့ သူနဲ့ ကိုက်ညီတဲ့ နေရာကို ပြန်ပါရစေဆိုပြီး ကိုမွန်းအောင်တို့ အားလုံးကို တောင်းပန်ပြီး သူအိမ်ပြန်လာခဲ့တာပဲလို့ ထူးအိမ်သင်က ပြောပြပါတယ်။ သူ့ရဲ့ mother unit ဖြစ်တဲ့ ဂီတလောကကို သူပြန်လာခဲ့တာပါပဲ။

သူပြန်လာတဲ့အချိန်မှာ န၀တ စစ်အုပ်စုက ကိုမင်းကိုနိုင်ကို ထောင်ထဲ ဖမ်းထည့်လိုက်ပါပြီ။ ကိုမိုးသီးဇွန် တောခိုသွားပါပြီ။ ရွေးကောက်ပွဲက ဘယ်နေ့မှန်း မသိသေးပါဘူး။ ခေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်တွေကို န၀တက အကြီးအကျယ် ပိတ်ပင် ဟန့်တားနေတဲ့ အချိန်ပါ။

ဒီအချိန်မှာ သူ ကျွန်တော်ရှိတဲ့ ပုသိမ်ကို ရောက်လာခဲ့တယ်။ ၁၉၈၉ မိုးဦး လေဦး။ ကျွန်တော်တို့ ညီအစ်ကို သူငယ်ချင်းနှစ်ယောက် လတ်တလော နိုင်ငံရေး အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါတယ်။ ကျွန်တော် ကဗျာမရေးဘဲ NLD မှာ နိုင်ငံရေး ၀င်လုပ်နေတာကိုတော့ သူဘာမှတ်ချက်မှ မပေးပါဘူး။

အဲဒီမှာ ထူးအိမ်သင်ဆီက ပုသိမ်က ကျောင်းသားလူငယ်တွေအတွက် သူ တစ်ခုခု လုပ်ပေးချင်တယ် ဆိုလို့ ကျွန်တော်တို့ ဓနိတန်းလမ်းရုံးမှာ ကျောင်းလူငယ်တွေကို စုစည်း စီစဉ်ပေးရပါတယ်။ သူနဲ့ အတူလိုက်လာတဲ့ ပုသိမ်က ငယ်သူငယ်ချင်း တစ်ယောက်က ထူးအိမ်သင် တောထဲမှာ ရေးစပ်ခဲ့တဲ့ “ အရေးကြီးပြီး ညီနောင်အပေါင်းတို့၊ သွေးစည်းကာ ညီစေညီကြစို့” ဆိုတဲ့ အဆုံးသတ်တိုက်ပွဲ သီချင်းကို အသေအချာ စနစ်တကျ နုတ်စ်တွေ ဘာတွေနဲ့ ပုသိမ်မြို့က လူငယ်တွေကို သင်ပေးခဲ့တာပါပဲ။

ထူးအိမ်သင် ပုသိမ်ကနေ ပြန်သွားတော့ ကျွန်တော် သူ့လက်ထဲ ကျွန်တော်ရွတ်ဆို အသံသွင်းထားတဲ့ ဧရာဝတီတိုင်း စည်းရုံးခရီးစဉ်ကဗျာ တိပ်ခွေကလေး ထည့်ပေးလိုက်ပါတယ်။

၁၉၈၉ ခုနှစ် အာဇာနည်နေ့ အရေးအခင်းနဲ့ ကျွန်တော်တို့တစ်တွေ ပုသိမ်ထောင်ထဲ ရောက်ကြရပြန်တော့ ထူးအိမ်သင် သင်ပေးခဲ့တဲ့ အဆုံးသတ်တိုက်ပွဲ သီချင်းဟာ ထောင်ထဲမှာ ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင် သီချင်း ဖြစ်လာခဲ့တော့တာပဲပေါ့။

၁၉၉၂မှာ ကျွန်တော် ထောင်က ပြန်လွတ်လာပြီး ရန်ကုန်တက်လာတော့ ထူးအိမ်သင်က ၃၃လမ်း လေထန်ကုန်းမှာ ကျွန်တော့်ကို လာတွေ့ပါတယ်။ ကျွန်တော့်အတွက် နာရီတစ်လုံးနဲ့ သူ့ရဲ့ “အတ္တပုံဆောင်ခဲများ” အခွေ လက်ဆောင်ပေးပါတယ်။

ငှက်တစ်ကောင်ကတော့ လေဆန်ကိုဖြတ်ပြီး ပျံသန်းသွားပါပြီ။ ကျွန်တော်တို့ အိပ်တန်းရှာတွေ့ဖို့ပဲ လိုပါတော့တယ်။

လေဆန်မှာ မြှားတန်းလန်းနဲ့ ပျံသန်းရဲတဲ့ငှက်သာ မနက်ဖြန်အတွက် ဖြစ်တယ်။

[ မူရင်း - လွတ်လပ်တဲ့ အာရှအသံ / Radio Free Asia - www.rfa.org/burmese ]

Comments