Burmese Passport will be bar coded to protect security and fraud


မြန်မာ ပတ်စ်ပို့ကို နိုင်ငံတကာ ပတ်စ်ပို့များနည်းတူ ဘားကုတ်များ ထည့်မည်ဟုဆို
မိုးမခအထောက်တော် ၀၀၉
ဇန်န၀ါရီ ၂၀၊ ၂၀၁၀
          မြန်မာ ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) တွင် လုံခြုံရေးစနစ် တိုးမြှင့်တော့မည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိတဦးကို ကိုးကားပြီး တနင်္လာနေ့ထုတ် Voice ဂျာနယ်တွင် ရေးထားသည်။ လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်၍ ထုတ်ပေးသည့် ပတ်စ်ပို့များတွင် “ကမ္ဘာ့အဆင့်မီ ဘားကုတ်များ”  ထည့်သွင်းမည်ဟု ဆိုသည်။
          ဘားကုတ်များ ထည့်သွင်းသည့် ပတ်စ်ပို့ကို နိုင်ငံတကာ လူဝင်မှု ကြီးကြပ်ရေး အရာရှိ၊ လေကြောင်းလိုင်းဝန်ထမ်းတို့ အသုံးပြုသည့် ကွန်ပြူတာများတွင် ထည့်သွင်းလျှင် ပတ်စ်ပို့ကိုင်ဆောင်သူ၏ အချက်အလက်များ ပေါ်လာမည်ဖြစ်သည်။

           နိုင်ငံအများစု၏ ပတ်စ်ပို့တွင် ကိုယ်ရေးအချက်အလက်များကို ပုံနှိပ် ဖော်ပြလေ့ရှိသည်။ ဓာတ်ပုံကိုလည်း ပုံနှိပ်သည်။ မြန်မာပတ်စ်ပို့များတွင် ကိုယ်ရေးအချက်အလက်များကို လက်ဖြင့်သာ ရေးသားဖော်ပြကြသည်။ ကိုင်ဆောင်သူ၏ ဓာတ်ပုံကပ်ထားသော  စာမျက်နှာကိုလည်း ပလပ်စတစ်ဖြင့် ဖုံးထားသည်။ ထို့ကြောင့် ပလပ်စတစ်ကို ခွာပြီး ကိုယ်ရေးအချက်အလက်များ ပြင်ဆင်ရေးသားသည့် ပတ်စ်ပို့ အတု အများအပြား ထွက်ပေါ်နေသည်။
          မကြာမီ လအနည်းငယ်အတွင်း ပတ်စ်ပို့တွင် ဘားကုတ်များ ထည့်သွင်းမည်ဟု ဆိုသဖြင့် အတုအပ ပြုလုပ်ရန် ခက်ခဲသွားဖွယ်ရှိသည်ဟု မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရောက် မြန်မာတဦးက မိုးမခကို ပြောသည်။ ပြည်ပရောက် မြန်မာများအတွက် တရားမ၀င်လမ်းကြောင်းမှ ပတ်စ်ပို့လုပ်ပေးသည့် ဈေးနှုန်းလည်း ခုန်တက်သွားနိုင်သည်ဟု သူက ခန့်မှန်းသည်။
          ဧပြီလ ၁ ရက်နေ့ မတိုင်မီ ထုတ်ပေးသည့်  ပတ်စ်ပို့များတွင် ဘားကုတ်များ ပါဝင်ခြင်း မရှိသော်လည်း ဆက်လက် အသုံးပြုနိုင်သည်ဟု Voice ဂျာနယ်တွင် ရေးထားသည်။



(ဓာတ်ပုံ - အခြားနိုင်ငံသားများ၏ ပတ်စ်ပို့မိတ္တူများ)

Comments