Burmese workers in private sectors expecting salary raise like the government employees

ပုဂ္ဂလိက လုပ်ငန်းမှ ၀န်ထမ်းများလည်း လစာတိုးမြင့်ရန် မျှော်လင့်နေကြ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇန်န၀ါရီ ၃၀၊ ၂၀၁၀
ယခု လကုန် ၃၁ ရက်နေ့တွင် အစိုးရ၀န်ထမ်းများအား ပေါကြွယ်စရိတ် ကျပ် ၂ သောင်းထပ်ဆောင်းပေးမည့် အစီအစဉ်ကြောင့် ပုဂ္ဂလိက ကဏ္ဍမှ လခစား ၀န်ထမ်းများလည်း လစာတိုးမြှင့်ရန် မျှော်လင့်လာကြသည်ဟု ကုမ္ပဏီဝန်ထမ်းများက ပြောဆိုသည်။
အစိုးရ၏ အောက်ခြေ၀န်ထမ်းမှ အစ ညွန်ချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး အဆင့်ထိ တဦးလျင် ကျပ် ၂ သောင်း ထပ်ဆောင်းပေးမည့် လုပ်ဆောင်ချက်ကြောင့် ငွေကြေးဖောင်းပွလာမည့် အရေးကို စိုးရိမ်ပူပန်ပြီး ပုဂ္ဂလိက ကဏ္ဍတွင် လုပ်ကိုင်နေကြသည့် ၀န်ထမ်းများ အနေဖြင့်လည်း လစာတိုးတက်ရရှိရန် မျှော်လင့်လျက် ရှိကြသည်။
အစိုးရ၀န်ထမ်းများ ပေါကြွယ်စရိတ် ထပ်ဆောင်းပေးမည့် သတင်းထွက်ပေါ်ပြီး နောက် လွန်ခဲ့သည့် သီတင်းပတ် ၂ပတ်ဝန်းကျင်က အသားငါး၊ ကြက်သွန်၊ ဆန်အစရှိသည့် နေ့စဉ်စားသောက်ကုန်များ ၅ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းဝန်းကျင် အထိရုတ်တရက် မြင့်တက်သွားခဲ့ပြီး တပတ်ကျော်အကြာတွင် အနည်းငယ် ပြန်လည်ကျဆင်းခဲ့သည်။
သို့သော်ထိုအဖြစ်အပျက်သည် လစာ အပိုဆောင်းတိုးပေးမည့် နောက်တွင် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာမည့် အရေးကို သတိပေးလိုက်သကဲ့သို့ ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍမှ လခစား ၀န်ထမ်းများ အနေဖြင့်လည်း ထိုသို့မြင့်တက်လာနိုင်သည့် ကုန်ကျစရိတ်ကို ကာမိစေရန် လစာတိုးဖို့မျှော်လင့် လျက်ရှိကြခြင်းဖြစ်သည်။
ရန်ကုန်မြို့ ခရီးသွားလုပ်ငန်း ကုမ္ပဏီ တခုမှ လခစားဝန်ထမ်း တဦးက``အစိုးရ၀န်ထမ်းတွေ အပိုဆောင်း စရိတ်ရတယ် ဆိုတာကြားရတော့ ၀မ်းသာပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ကုမ္ပဏီကို ပြောဖို့ရှိပါတယ်။ လမ်းစရိတ်၊ စားသောက်စရိတ်မြင့်လာရင် လခက သုံးလို့မလောက်ဖြစ်လာမှာကို စိုးတာပါ။ ငွေဖောင်းပွလာမယ်လို့ ထင်တယ်။ ကုမ္ပဏီဘက်ကလည်း ပြင်ဆင်နေတယ်လို့ ကြားတာပါပဲ´´ဟု ပြောဆိုသည်။
အခြား ပုဂ္ဂလိက လခစား ၀န်ထမ်း တဦးကမူ ``ကျွန်မတို့ အလုပ်ရှင်ကတော့ အဲဒီကိစ္စကို မသိသလိုနေတယ်။ စကားမစပ်ဘူး။ ကျွန်မတို့ကတော့ ကုန်ဈေးနှုန်း တက်မယ့်အရေးကြောင့် လစာတိုးဖို့ မျှော်လင့်ပါတယ်´´ဟုပြောဆိုသည်။ လမ်းဘေးဈေးသည် တဦးကလည်း ``လစာအပိုဆောင်းပေးတာကြောင့် ငွေဖောင်းပွပြီး ကုန်ဈေးနှုန်းတွေ တက်လာမှာ စိုးတယ်။ ငွေအသုံးမခံတော့မှာကို စိုးတယ်´´ဟုပြောဆိုသည်။
ယခုလို အစိုးရ၀န်ထမ်းများအား ပေါကြွယ်စရိတ်ပေးမည့် သတင်းမထွက်ပေါ်မီ  ပြီးခဲ့သည့် လများအတွင်းက လှိုင်သာယာရှိ စက်ရုံအလုပ်ရုံ အချို့တွင် လုပ်သားများ လစာတိုးတောင်းသည့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ကုန်ဈေးနှုန်း တဖြည်းဖြည်း မြင့်တက်လာမှုကြောင့် နေ့စား၊ နာရီစား စက်ရုံဝန်ထမ်းများ အနေဖြင့် မလောက်ငှ၍ အလုပ်ရုံပိုင်ရှင်များအား ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် ပုဂ္ဂလိက လခစားဝန်ထမ်းတဦး၏ အနိမ့်ဆုံးလစာမှာ တလလျင် ကျပ် ၃ သောင်းဝန်းကျင်သာ ရှိပြီး ယခုပေါကြွယ်စာရိတ် ပေးပြီးသည့်နောက် အနိမ့်ဆုံး နေ့စားအစိုးရ၀န်ထမ်း တဦး၏ လုပ်ခမှာ တရက်လျင် ကျပ် ၁၅၀၀ ဖြစ်သည့်အတွက် ပုဂ္ဂလိကကဏ္ဍထက် ပိုမိုမြင့်နေသည်ကို တွေ့ရှိရသည်။ ၀န်ထမ်း ဦးရေ ခန့်မှန်းခြေ ၇ သိန်း ကျော်နှင့် လက်နက်ကိုင် စစ်တပ် အင်အား ၄ သိန်းကျော်ရှိသည့် မြန်မာနိုင်ငံတွင် တဦးလျင် ကျပ်၂သောင်းထပ်ဆောင်း ပေးသည့်အတွက် ငွေကြေးလည်ပတ်မှုထဲသို့  လစဉ် ကျပ် သန်းပေါင်း ၂သောင်းကျော် စီးဝင်လာမည့် အတွက် လူအများက ငွေဖောင်းပွလာမည်ကို စိုးရိမ်ကြခြင်း ဖြစ်သည်။ နအဖ အစိုးရအနေဖြင့် ငွေကြေးလည်ပတ်မှု ပမာဏမည်မျှရှိသည် အစရှိသည့်ကိန်းဂဏန်းများကို တရားဝင် ထုတ်ပြန်ကြေငြာခြင်းမရှိသည်မှာ နှစ်အတန်ကြာကတည်းက ဖြစ်သည်။
ဓါတ်ပုံ - အင်းစိန်မြို့နယ်ရှိ ဈေးတဈေးအတွင်း ဈေးဝယ်နေသူတဦး

Comments

အော်..ဒီဆရာ့နယ် အစထဲက အစိုးရ အမှုထမ်းပဲလုပ်ပါလား ငယ်ငယ်ထဲက စစ်တပ်ထဲ
ဝင်လို့ရနေတဲ့ဟာ.ကလေးစစ်သားတောင်လုပ်လို့ရသေး
တနေ့ ဗိုလ်ချူပ်ကြီးများလို ကြွယ်ဝချင်တောင်ကြွဝ လာဦးမှာ..
လစာ နဲ့ ကုန်ဈေးနှုန်း....ကြက်မ နဲ့ ကြက်ဥ ပုံပြင်ပါပဲ...