Japanese Reporter award

ကင်ဂျိနာဂါအိ အမှတ်တရဆု အကျဉ်းကျ သတင်းသမား ၂ ဦး ရရှိ
မိုးမခအထောက်တော် အမှတ် ၀၀၁
ဇန်နဝါရီ ၂၇၊ ၂ဝ၁ဝ
ရန်ကုန်မြို့ဆန္ဒပြပွဲတခုတွင် ဂျပန်သတင်းထောက် ကင်ဂျိနာဂါအိ သတင်းယူနေစဉ် ပစ်ခတ်ခံရသဖြင့် လဲကျသွားပုံ (ဓာတ်ပုံ- Reuters)

ဒုတိယအကြိမ်မြောက် ကင်ဂျိနာဂါအိ အမှတ်တရဆုကို အကျဉ်းကျနေသည့် မြန်မာသတင်းသမား၂ဦးကို ပေးအပ်ရန် ရွေးချယ်ထားသည်ဟု ဂျပန်သတင်းဌာန APF နှင့် ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂတို့က အင်္ဂါနေ့တွင် ကြေညာလိုက်သည်။

ဆုရသူ ဗီဒီယိုရိုက်ကူးသည့် သတင်းသမား၂ ဦးမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရသော မလှလှဝင်း၊ ထောင်ဒဏ် ၁၇ နှစ် ကျခံနေရသော ကိုဝင်းမော်တို့ဖြစ်သည်ဟု ဆိုသည်။

ကင်ဂျိနာဂါအိ အမှတ်တရဆုသည် ၂ဝဝ၇ ခုနှစ်က ရန်ကုန်မြို့ဆန္ဒပြပွဲတွင် သတင်းယူနေစဉ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ဂျပန်သတင်းထောက် မစ္စတာကင်ဂျိနာဂါအိ အထိမ်းအမှတ်ပြုသောအားဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

သတင်းသမားများကို ဖမ်းဆီးထောင်ချ၊ ညှင်းပန်းနှိပ်စက်ရာတွင် ထင်ရှားသည့် မြန်မာနိုင်ငံတွင် စွန့်စားပြီး သတင်းယူနေသူများကို မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး ဦးစံမိုးဝေက ချီးကျူးလိုက်သည်။

“သတင်းမှန်ရဖို့ စွန့်စားဆောင်ရွက်ကြသူတွေဟာ သူရဲကောင်းတွေ ဖြစ်ပါတယ်။ သူတို့လို ပုဂ္ဂိုလ်မျိုးတွေ ရှိနေသရွေ့ ကျနော်တို့နိုင်ငံမှာ မျှော်လင့်ချက်တွေ ရှိနေဦးမှာပါ”ဟု ဦးစံမိုးဝေက ပြောသည်။

ဒုအကြိမ်မြောက် ကင်ဂျိနာဂါအိ အမှတ်တရဆုကို ရှေ့လတွင် ကျင်းပမည့် မြန်မာမီဒီယာညီလာခံတွင် ပေးအပ်မည်ဟု ဆိုသည်။

ပထမအကြိမ်မြောက် ကင်ဂျိနာဂါအိ အမှတ်တရဆုကို ရရှိသူမှာ မကြာမီက ထောင်မှ လွတ်လာသည့် သတင်းထောက် အိမ့်ခိုင်ဦး ဖြစ်သည်။

Comments