Renting 800 MHz CDMA Phone not popular in Rangoon


ဆက်သွယ်ရေးမှ ငှားရမ်းသည့် ၅သိန်းတန်ဖုန်း ယခင်ဖုန်းများလောက် စိတ်ဝင်စားမှုမရှိကြ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇန်န၀ါရီ ၂၈၊ ၂၀၁၀
မြန်မာ့ ဆက်သွယ်ရေးမှ ငှားရမ်းချထားပေးသည် ဆိုသည့် စီဒီအမ်အေ စနစ်သုံ; RUIM, Re-usable Identification Module ဆင်းကဒ်အား Elite Tech ဟု အမည်မှည့်ခေါ်ထားသည့် ကုမ္ပဏီမှ ထုတ်ပေးပြီး အဆိုပါကုမ္ပဏီမှ တင်သွင်းလာသည့် အထိုင်ဖုန်းများလည်းရောင်းချ လျက်ရှိသည်ဟု ကြားသိရသည်။
သို့ရာတွင်ယခင် ဂျီအက်စ်အမ်ဖုန်း၊ စီဒီအမ်အေ ၈၀၀ ဖုန်းနှင့် ကမ်းရိုးတန်းဖုန်းများကဲ့သို့ ကိုယ်တိုင်သုံးရန် မဟုတ်ပဲ အကျိုးအမြတ်ရရန် လျှောက်ထားခြင်း ၀ယ်ယူခြင်းများ မတွေ့ရပဲ အနေအထားကို စောင့်ကြည့်လျက်ရှိကြသည် ကိုတွေ့ရသည်။
ဇန်န၀ါရီလအတွင်း ရန်ကုန်မြို့တခွင်၌ အဆိုပါ ၅သိန်းတန် ဖုန်းအလုံးရေ တစ်သိန်း အငှားချထားပေးမည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားသော်လည်း အမှန်တကယ် လျှောက်ထားသူ မများပြားသဖြင့် သက်ဆိုင်ရာ ရပ်ကွက် အေးချမ်းသာယာရေး အဖွဲ့မှ ဥက္ကဌ၊ ရာအိမ်မှူးတို့က ဖုန်းလျှောက်ထားလိုပါက ထောက်ခံချက်ထုတ်ပေးမည် ဖြစ်ကြောင်း ရပ်ကွက်တွင်း နေထိုင်သူများကို လိုက်လံနှိုးဆော်လျက်ရှိသည် ကိုကြားသိရသည်။
ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူတဦးက
“ကျွန်တော်တို့ ရယက အတွင်းရေးမှူးက တနေ့ အိမ်တွေကိုလိုက်ပြောတယ် ဖုန်းလျှောက်မလား ၊ ဖုန်းလျှောက်ရင် ထောက်ခံချက်ပေးမယ် ဆိုပြီးလိုက်နှိုးဆော်နေတယ်၊ လူတွေ အနေနဲ့လည်း ဖုန်းက တမြို့လုံးယူသွားချင်တဲ့နေရာ ယူသွားလို့မရဘူး၊ တမိနစ်ကို ပြောခက ၅၀ ကျပ်ဆိုတော့ ၀ယ်ဖို့မ၀ယ်ဖို့ကို စောင့်ကြည့်နေကြတယ်”
ဟုပြောဆိုသည်။
၂၀၀၁ခုနှစ်အကုန်မှစတင်ပြီး ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ မိုဘိုင်းဖုန်းများအား စစ်အရာရှိ၊ ဌါနဆိုင်ရာအရာရှိများအား အငှားချထားပေးခဲ့သည်။ ထိုအချိန်မှ စပြီး ယခုနှစ်ပိုင်းအထိ တယ်လီဖုန်း ငှားရမ်းခွင့် ပါမစ်ကို အခွင့်အရေးတခု အဖြစ်ရှုမြင်ခဲ့ကြပြီး ဗိုလ်ချုပ်များ၊ ၀န်ကြီး ဒုဝန်ကြီး ညွှန်ချုပ် အစရှိသည့် ရာထူးကြီးသူများ၏ မိသားစု ဆွေမျိုးသားချင်းများ၊ စစ်တပ်အရာရှိများ နှင့်အရပ်ဘက် အရာရှိများအား ရာထူး မြင့်ရာမှ နိမ့်ရာသို့ တဆင့်ပြီး တဆင့် ငှားရမ်းခွင့် ပါမစ်ချပေးကာ အကျိုးအမြတ်ရရှိစေခဲ့ကြသည်။
ဖုန်းပါမစ်ချထားပေးခြင်း ဖြစ်စစ်အစိုးရအပေါ် သစ္စာစောင့်သိစေရန်နှင့် စည်းရုံးရေး လက်နက်သဖွယ် အသုံးပြုခဲ့သည်ကို တွေ့ရှိရသည်။ ဂျီအက်စ်အမ်ဖုန်း ဈေးအမြင့်ဆုံးဖြစ်သည့် ၂၀၀၃ ခုနှစ်အကုန်တွင် ဖုန်း ဆင်းကဒ် တစ်ကဒ်ကို ကျပ်ငွေ သိန်း ၅၀ ၀န်းကျင်အထိ ရှိခဲ့ပြီး ပြီးခဲ့သည့် နှစ်တွင်မူ ၁၇သိန်း ၁၈သိန်းအထိ ပေါက်ဈေးရှိခဲ့သည်။ ယခုနောက်ပိုင်း အက်ဖ်အီးစီ ၂၀ တန် တလခံကဒ်များ ပေါ်ထွက်လာခြင်း၊ ၁၅သိန်းခွဲ ပေးသွင်းရသည့် စီဒီအမ်အေ ၄၅၀ မီဂါဟဇ် စနစ်သုံး ကမ်းရိုးတန်းဖုန်းများ ပေါ်လာခြင်း စသည့်အချက်များကြောင့် ဖုန်းဈေးကွက်မှာ အကျိုးအမြတ်ရရှိသည့် ဈေးကွက်အဖြစ်မှ အသုံးလိုသူများသာ ၀ယ်ယူသည့် ဈေးကွက်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

          ထို့အတွက်ကြောင့် အခြားမည်သည့်နိုင်ငံတွင်မျှမရှိသည့် ဖုန်းရောင်းဝယ်ခြင်း၊ ဖုန်းငှားရမ်းခြင်းဈေးကွက်များ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လာခဲ့ပြီး ဖုန်းငှားရမ်းခွင့် ရရှိသူ အစိုးရ၀န်ထမ်း အချို့မှာ မိုဘိုင်းဖုန်း ကဒ်ဖိုးငွေ၁၅သိန်း ၅သောင်းကျပ်ကိုပင် စိုက်ထုတ် ပေးမသွင်းနိုင်ဘဲ ပါမစ်ကို ကျပ်သိန်းဂဏန်း အနည်းငယ် အမြတ်ယူပြီး ရောင်းချခဲ့ကြသည်။ ယခုအခါ မြန်မာ့ဆက်သွယ်ရေး၏ လုပ်ပိုင်ခွင့်အများစုကို စစ်အစိုးရမိသားစုများနှင့် အကြီးမားဆုံး အကျိုးတူ လုပ်ကိုင်သူ ဦးတေဇ၏ ထူး ကုမ္ပဏီခွဲများသို့ လွှဲပြောင်း လုပ်ကိုင်စေလျက်ရှိသည်။

Comments