Saung Yun La - To Sabe - Poem


ရနံ့မမွှေးနိုင်တော့တဲ့ စပယ်ပင်မကလေး … သို့
ဆောင်းယွန်းလ
ဇန်န၀ါရီ ၂၉၊ ၂၀၁၀
ဘုရားသခင်အကြောင်းပြောတော့
သူမက ရယ်မောတယ်။
 ရယ်လိုက်ရင် မြစ်တစင်းလိုပဲ
တသွင်သွင် စီးဆင်းနေတဲ့
သူမရဲ့ ရယ်မောခြင်းတွေထဲကို
ကျနော်က ကျနော့်စိတ်တွေနဲ့  ရွက်လွှင့်နေခဲ့လိုက်မိတယ်။
 အဲဒါ…
လွန်လေပြီးသော နှစ်ပေါင်းများစွာတုန်းက
ပြန်မလှန်ကြည့်ဖြစ်တော့တဲ့ ဒိုင်ယာရီစာမျက်နှာတွေထဲမှာပေါ့။
 အခုတော့ …
ကျနော့် စပယ်ပင်ကလေးက
သူမရဲ့ ပန်းပွင့်တပွင့်ချင်းစီပေါ်မှာ
မွန်းကြပ်မှုတွေကို ကပိုကရို လိမ်းကျံလို့
 ဖုန်ထူတဲ့ လမ်းမပေါ်မှာ သောကကို နေပူစာလှုံလို့
 ခပ်သိမ်းကုန်သော အမှုခင်းအမှုရာတွေထဲမှာ
ဘုရားသခင်လည်း တရေးတမောမှ မအိပ်စက်နိုင်
မိုးစင်စင်လင်းကတည်းက တသသ တနေကြတဲ့
နှုတ်ခမ်းဖျားပေါင်း သန်းခြောက်ဆယ်ကျော်ရဲ့ စက္ကန့်တံတွေပေါ်မှာ ။
 အခုတော့လည်း
ဘုရားသခင်ရဲ့ အလိုတော်အတိုင်း
ပြန်မနိုးတော့တဲ့ အိပ်ပျော်ခြင်းတွေထဲမှာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်နေကြသူတွေက
နင်နဲ့ငါ့ကို ပြန်ပြီးအမျှဝေရမယ့် ကိန်းကြီးဆိုက်နေပါပြီ စပယ်ပင်မကလေးရေ ။        ။

Comments