24 Hours Electricity in Burma is a dream comes true

မြန်မာပြည်သူတွေရဲ့ ထာဝရ မျှော်လင့်ချက် သို့မဟုတ် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး
သန်းစိုးလှိုင်
ဇွန် ၂၄၊ ၂၀၁၀
နအဖ စစ်အစိုးရနဲ့ လျှပ်စစ်မီးဒုလ္လဘ
မြန်မာနိုင်ငံမှ ပြည်သူတွေ အတွက် ၂၄ နာရီလျှပ်စစ်မီးရရှိတဲ့ အဖြစ်ဟာ ကြာရှည် မခံတဲ့ ဖြစ်ရပ်တခု အဖြစ် ခံစားဆဲ ထင်မြင်နေဆဲပါ။ မှတ်မိသလောက် မဆလ အစိုးရ လက်ထက်နဲ့ နအဖ တဖြစ်လဲ န၀တ အစိုးရလက်ထက်တွေမှာ လျှပ်စစ်မီး ၂၄ နာရီလာတယ် ဆိုတဲ့ အဖြစ်ဟာ အိပ်မက်တခုမျှသာ ဖြစ်လေ့ရှိပါတယ်။ အိပ်မက် သဘာဝလိုပဲ အိပ်မက်မက်နေစဉ်သာ တကယ်လို့ ထင်မှတ်ပြီး နိုးလာတော့မှ အဖြစ်မှန်က တခြားဖြစ်နေသလိုပဲ ရက်သတ္တပတ်ကြာ၊ လအနည်းငယ်မျှ ၂၄ နာရီလာတယ် ဆိုရင်ပဲ မကြာခင် ပြတ်တောက်ရတဲ့ အဖြစ် ရောက်ရပြန်ပါတယ်။
ဒီလို အဖြစ်အပျက်ဟာ မြို့ကြီးတွေက အဖြစ်ပါ။ ကျေးလက်လို နယ်မြို့ငယ်လေးတွေဆို ဒိထက်ပိုဆိုးပြီး လျှပ်စစ်မီးကို ၂ရက်ခြား၊ ၃ ရက်ခြားပြီးမှ တခါ မြင်ရတာမျိုး ညနေမှောင်ရီပျိုးချိန်မှ ည ၉နာရီ ထိဖြန့်ဝေပေးတာမျိုးပဲ ရရှိနေတဲ့ အနေအထားပါ။
စီးပွားရေးအရ အရေးပါတဲ့ ပြည်နယ် မြို့တော်ပင်ဖြစ်ပါစေ ညမိုးချုပ်ချိန် လျှပ်စစ်မီးရဖို့တောင် ရက်ခြားစနစ်နဲ့ စခန်းသွားနေရတာပါ။ အစိုးရအနေနဲ့ လျှပ်စစ်မီးကို မှန်မှန်ရအောင် စီစဉ် မဆောင်ရွက်နိုင်ရင် ဒိထက် ခက်ခဲတဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုဖူလုံရေး၊ ပညာရေး အဆင့်အတန်း မြင့်မားရေး ဆိုတာတွေမှာ ပြောစရာ မရှိတော့ပါဘူး။ လျှပ်စစ်မီးဆိုတဲ့ အရာဟာ တွက်ချက်လို့ရ၊ ရေရှည် စီမံကိန်းချမှတ်လို့လည်းရတဲ့ အတွက် နိုင်ငံအသီးသီးမှာ အောင်မြင်အောင် ဆောင်ရွက်နိုင်နေကြတဲ့ အချိန်မှာ မြန်မာပြည်သူတွေ အတွက် ၂၄ နာရီလျှပ်စစ်မီးဟာ မနုဿတ္တ ဒုလ္လဘ ဖြစ်နေဆဲပါ။

လျှပ်စစ်မီးကို ပုဂ္ဂလိကပိုင်လုပ်ခြင်း အလားအလာ
ယခုလတ်တလော စက်သုံးဆီ တင်သွင်းရေးနဲ့ ဖြန့်ဖြူးရေးကို ပုဂ္ဂလိက လက်လွှဲပြောင်းပေးခဲ့တာ နှစ်ပေါင်းများစွာ အတွင်း အစိုးရရဲ့ စီးပွားရေး ချုပ်ကိုင်မှုများထဲမှ ဖြေလျော့မှု တခုဖြစ်ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေနဲ့ လုပ်ကိုင်ချင်တဲ့ နေရာမှာ လောင်စာဆီ လက်လီဖြန့်ဖြူးတဲ့ဆိုင် လွတ်လပ်စွာ လုပ်ကိုင်ခွင့် မရသည့်တိုင် ပုဂ္ဂလိက လုပ်ငန်းများဖြစ်လာတဲ့ အတွက်ဈေးကွက်မှာ ကြီးမားတဲ့ ပြောင်းလဲမှု တခု ဖြစ်နေပါတယ်။
အစိုးရက ကွပ်ကဲ ရောင်းချနေတာထက်စာရင် ဈေးနှုန်းရှင်ထားရှိပြီး အခြား ရွေးချယ်စရာဆိုင် ရှိလာတာကြောင့် နကိုက ခွဲတမ်းစနစ်နဲ့ သတ်မှတ်ဆိုင်မှာသာ ၀ယ်ယူခွင့် ရှိတာနဲ့ နှိုင်းစာရင် ကြီးမားတဲ့ ပြောင်းလဲမှုလို့ ဆိုလို့ရပါတယ်။

လောင်စာဆီ ဖြန့်ဖြူးရေး လိုပဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးတဲ့ ကဏ္ဍကို အစိုးရက အောင်မြင်အောင် မဆောင်ရွက်နိုင်ရင် ဘာကြောင့် ပုဂ္ဂလိက လုပ်ခွင့်မပြုတာလဲ။ အဆိုပါ အချက်က အတော်လေး စဉ်းစားစရာပါ။ လျှပ်စစ်ဓာတ်အားဟာ စစ်အစိုးရအတွက် နိုင်ငံရေး လက်နက် တခုဖြစ်နေသလား၊ မဟာဗျူဟာမြောက် ပစ္စည်းတခုဖြစ်လို့ လုပ်ခွင့် မပေးတာလား၊ လျှပ်စစ်မီးနဲ့ လူထုကို ချုပ်ကိုင်မထားခဲ့ရင် လူထုက လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ အနေအထား ရောက်သွားမလား ဆိုတဲ့ ဖြစ်နိုင်ခြေတွေဟာ စစ်အစိုးရကိုယ်တိုင်တော့ သိရှိပါလိမ့်မယ်။

စီးပွားရေး တိုးတက်ဖို့ရာမှာ လျှပ်စစ်ဓာတ်အား လုံလောက်အောင် ရဖို့က အဓိက အချက်အနေနဲ့ ပါဝင်နေပါတယ်။ အခုလက်ရှိ အခြေအနေမှာဆိုရင် ရန်ကုန်နဲ့ မန္တလေး စက်မှုဇုန်တွေမှာ ၁၀၀ ကေဗီကနေ ၄၊ ၅ ရာကေဗီ စွမ်းအားရှိတဲ့ မီးစက်တွေ ကိုယ်စီနဲ့ အလုပ်လုပ် နေရတာပါ။ မီးစက်တန်ဖိုး သိန်း ရာနဲ့ ချီသုံးစွဲရတဲ့အပြင် နေ့စဉ် လောင်စာဆီဖိုးကလည်း သိန်းဂဏန်းနဲ့ချီ ရှိတာမို့လို့ နေ့စဉ် သိန်းပေါင်း ရာထောင်ချီတဲ့ လောင်စာဆီဖိုးတွေကို ရန်ကုန်နဲ့ မန္တလေး စက်မှုဇုန်တွေက သုံးနေကြရတာပါ။
တဦးချင်း မီးစက်တွေသုံးစွဲနေကြတာဟာ အများစုပေါင်းပြီး သုံးစွဲတဲ့ စနစ်နဲ့ နှိုင်းယှဉ်လိုက်ရင် ထိရောက်မှု အပိုင်းမှာရော ကုန်ကျစရိတ်ပိုင်းမှာပါ အားနည်းချက်၊ အလဟဿဖြစ်မှုတွေ အများကြီး တွေ့ရမှာပါ။ စက်မှုလုပ်ငန်းရှင် တဦးချင်း ၁၀၀ ကေဗီ သုံးနေရာကနေ ၅၀၀ ကေဗီ ရှိတဲ့စက်ကို ၅ ဦး မျှသုံးခဲ့မယ်ဆိုရင် ကုန်ကျစရိတ် သိသာစွာ သက်သာပြီး စွမ်းအင်သုံးစွဲရာမှာလည်း ပိုပြီးထိရောက် လာမှာဖြစ်ပါတယ်။
စစ်အစိုးရ အနေနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေးကို နှစ်တို နှစ်ရှည် စီမံကိန်းတွေနဲ့ နှစ်ရှည်လများ လုပ်ကိုင်လာပေမယ့် အခုအချိန်ထိ ရန်ကုန်ရော မန္တလေးမြို့နှစ်မြို့လုံးမှာ ၂၄ နာရီ မရရှိနိုင်သေးပါဘူး။
အဲဒီလို ၂၄ နာရီလာအောင် မလုပ်နိုင်တော့ဘူး ဆိုရင် ဘာလို့ ပုဂ္ဂလိက လုပ်ပိုင်ခွင့် မပေးတာလဲလို့ မေးစရာရှိပါတယ်။ ဖြစ်နိုင်ခြေ အချက် ၂ ချက်ရှိပါတယ်။ တချက်ကတော့ လျှပ်စစ်ဓာတ်အား လုပ်ငန်းဟာ အစိုးရကသာ ချုပ်ကိုင်သင့်တဲ့ လုပ်ငန်းလို့ ယူဆထားတာ ဖြစ်ပြီး နောက်တချက်ကတော့ အခုလို လူထုတွေရော လုပ်ငန်းရှင်တွေပါ လျှပ်စစ်မီးနဲ့ ဗျာများနေကြတဲ့ အဖြစ်ကို စစ်အစိုးရက လိုလားနေခြင်းပဲ ဖြစ်ပါတယ်။ လူတွေ၊ လုပ်ငန်းရှင်တွေ ဗျာများနေကြမှ စစ်အစိုးရကို ပြုတ်ကျအောင် မလုပ်ဆောင်နိုင်ဘူး၊ နိုင်ငံရေးကို စိတ်မ၀င်စားနိုင်ဘူးလို့ သူတို့အနေနဲ့ ထင်မြင်ယူဆပါလိမ့်မယ်။

လက်ရှိလည်ပတ်နေတဲ့ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ
မြန်မာနိုင်ငံရဲ့ ကမ်းရိုးတန်းမြို့ အချို့မှာ ပြည်မက လောင်စာ၊ စွမ်းအင်၊ လျှပ်စစ်ဓာတ်အား လိုင်းစတာတွေ မပံ့ပိုးနိုင်တာကြောင့် ဒေသအာဏာပိုင် စစ်တိုင်းမှူးတွေရဲ့ ခွင့်ပြုချက်အရ ပုဂ္ဂလိက လုပ်ငန်းရှင်က မြို့နယ် လျှပ်စစ် ဓာတ်အားပေး စနစ်ရဲ့ လိုင်းတွေကို သုံးစွဲပြီး မြို့ကို ဓာတ်အားဖြန့်ဖြူးပေးနေတဲ့ သာဓကတွေ ရှိပါတယ်။
အဲဒီမြို့တွေကတော့ ရခိုင်ပြည်နယ်မှာ စစ်တွေမြို့နဲ့ တနင်္သာရီတိုင်းမှာ မြိတ်နဲ့ ထားဝယ်မြို့တွေပဲ ဖြစ်ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင် တဦးအနေနဲ့တောင် ၂၄ နာရီ လျှပ်စစ်မီးရ အောင်လုပ်နိုင်သေးရင် နိုင်ငံရဲ့ သယံဇာတ အရင်းအမြစ်အားလုံးနဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို ရယူထားတဲ့ အစိုးရတစ်ရပ် အနေနဲ့ ဘာကြောင့် မလုပ်နိုင်သလဲ ဆိုတာပေါ်လွင်လာပါတယ်။

ထားဝယ်မြို့မှာ ၂၄ နာရီလျှပ်စစ်မီး ရနေတာ ၆ နှစ် ရှိပြီ
တနင်္သာရီတိုင်းရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ထားဝယ်မြို့မှာ တယူနစ်ကို ၄၅၀ ကျပ်နဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တဦးက အစိုးရလျှပ်စစ် ဓာတ်အားပေး လုပ်ငန်းနဲ့ ပူးပေါင်းပြီး ဖြန့်ဝေပေးနေပါတယ်။ ဒီဇယ် ဆီ အတက်အကျ (အဆိုပါ ဒေသပေါက်ဈေး) အပေါ်မူတည်ပြီး တယူနစ် ဓာတ်အားခ အပြောင်းအလဲ ရှိနိုင်တယ်လို့ လည်း သိရပါတယ်။ ၄၅၀ ကျပ်ကတော့ ယခုလတ်တလော ဒီဇယ်ဈေးအရ ဖြစ်ပေါ်နေတဲ့ နှုန်းပါ။ အချို့သော ပုဂ္ဂလိက လျှပ်စစ်မီးတွေလို ညဘက် အချိန်ပိုင်းမဟုတ်ပဲ ၂၄ နာရီပတ်လုံး ပေးနိုင်အောင် စီစဉ်ထားတာ တွေ့ရပါတယ်။
ဖိုးသီးချို လုပ်ငန်းစုလို့ အမည်ရတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်က အဲဒီလုပ်ငန်းကို လုပ်ကိုင်တာဖြစ်ပါတယ်။ အစိုးရရဲ့ နကိုရှိပြီးသား ဂျင်နရေတာတွေ အပြင် ဒီဇယ်သုံး ဂျင်နရေတာတွေ ၄၊ ၅လုံး ထပ်မံ တပ်ဆင်ပြီး ထားဝယ်မြို့ရဲ့ သုံးစွဲမယ့် လျှပ်စစ်ဓာတ်အားကို လုံလောက်အောင် ပေးဝေနေတာ အခုဆိုရင် ၆နှစ်နီးပါး ရှိပြီ လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။
စတင်သွယ်တန်းတဲ့ အချိန်မှာတော့ စပေါ်ငွေ ၄သောင်းကျပ် ပေးသွင်းရပြီး မီးမမှန်၊ အားမပြည့်တဲ့ အဖြစ်မျိုးကြောင့် သုံးစွဲသူက မသုံးတော့ဘူး ဆိုရင် အထက်ပါ လိုင်းကြေး ပြန်အမ်းပေးမယ် လို့ဆိုပါတယ်။ လျှပ်စစ်မီး သုံးစွဲသူ တဦးအနေနဲ့ အနည်းဆုံး တလ ၁၀ ယူနစ် သုံးစွဲရမှာ ဖြစ်ပြီး အများဆုံး ၂၀၀ ယုနစ် အထိ သုံးစွဲနိုင်တယ် လို့လည်း သိရပါတယ်။
ဒိထက်ပိုတဲ့ ယူနစ် သုံးလိုရင်တော့ လျှပ်စစ်ဓာတ်အား ဖြန့်တဲ့ဆီမှာ ညှိနှိုင်းပြီး သီးခြား မီတာပုံးနဲ့ သွယ်တန်းရမယ်လို့ ဆိုပါတယ်။
တလကို ယူနစ် ထောင်နဲ့ချီသုံးစွဲတဲ့ တည်းခိုခန်း၊ ဟိုတယ်လို လုပ်ငန်းတွေလည်း ရှိတယ်လို့ မြို့ခံ တဦးက ပြောပါတယ်။ မိမိကိုယ်ပိုင် မီးစက်နဲ့ သုံးတာနဲ့စာရင် အကုန်အကျ ပိုသက်သာပြီး မီးစက်ထိန်းသိမ်းရတဲ့ ဒုက္ခ၊ လောင်စာဆီ ဖြည့်ရ၊ သိုလှောင်ရတဲ့ ဒုက္ခတွေ မခံစားရတော့ဘူး လို့လည်း သိရပါတယ်။
ထားဝယ်မြို့သူ မြို့သားတွေ အနေနဲ့ တယူနစ်ကို ၄၅၀ ကျပ်ဆိုတဲ့ အချက်ကြောင့် လျှပ်စစ်မီးကို လိုအပ်သလောက်ပဲ သုံးစွဲကြသလို အမြဲတမ်း လာနေတယ် ဆိုတဲ့ အသိကြောင့် အခြားမြို့တွေမှာလို မီးလာချိန်မှာ လိုတာရော မလိုတာပါ ဖွင့်ကြ လုပ်ကြတဲ့ အလေ့အထမျိုးမရှိတော့ဘူး လို့မြို့ခံတွေက ပြောပါတယ်။
ထားဝယ်မြို့ခံ တဦးက
“မီး အမြဲလာနေတယ် ဆိုတဲ့ အသိကြောင့် စိတ်က လုံခြုံတယ်။ လျှပ်စစ်မီးနဲ့ လုပ်စရာရှိတာကို ကိုယ့်စိတ်ကြိုက် အချိန်မှာ လုပ်လို့ရတယ်။ တယူနစ်နှုန်းက အခြားမြို့တွေထက် များပေမယ့် လျှပ်စစ်ကို မလိုအပ်တာ မသုံးဖို့ ချွေတာတဲ့ အလေ့လည်း ရသွားတယ်၊ အခု ပုဂ္ဂလိကလျှပ်စစ်မီး စနစ်ကို မြို့က လူအားလုံးနီးပါး သဘောကျကြတယ်”
ဟု ပြောသည်။
ပုဂ္ဂလိကမီးကို ထားဝယ်မြို့နေထိုင်သူ ရာနှုန်းပြည့်နီးပါး သုံးကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ လျှပ်စစ်ဓာတ်အား ပေးနေတဲ့ဘက်က မီးလိုင်း ပြင်ဆင် ထိန်းသိမ်းမှု လုပ်ဆောင်စရာ ရှိလို့ ပြတ်တောက်မယ် ဆိုရင် ကြိုတင်ပြီး အကြောင်းကြားတယ် လို့လည်း မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်က လျှပ်စစ်မီးနဲ့တော့ ကွာပါ့လို့ ဖတ်ရတဲ့သူတွေက ယူဆကောင်း ယူဆပါလိမ့်မယ်။ ရန်ကုန်က လျှပ်စစ်မီး ဆိုတာဟာ လာချင်တဲ့ အချိန် လာမယ်။ လူတွေ သိပ်အသုံးမလိုတဲ့ အချိန်ဖြစ်တဲ့ ညသန်းခေါင်မှာ ပိုရလိမ့်မယ်။ ဖြတ်ဖို့လိုရင် အချိန်မရွေး ဖြတ်တောက်လေ့ ရှိပြီး ဂရစ်လိုင်း (မြန်မာပြည် အလယ်ပိုင်းနဲ့ အောက်ပိုင်း ဆက်သွယ်ထားတဲ့ ပါဝါလိုင်း) ပေါ်မှာ ဓာတ်အားတွေ ပိုနေပြီဆိုရင် ခွဲတမ်းချိန် မဟုတ်လည်း ဖွင့်ပေးလေ့ရှိပါတယ်။
ဓာတ်အား မလောက်တဲ့အခါမှာ သုံးစွဲသူတွေအနေနဲ့ အရေးတကြီး လိုနေပေမယ့်လည်း ဖြတ်ဖို့ ၀န်မလေးသလို ပိုနေတဲ့ အခါမှာလည်း သုံးစွဲသူတွေ မလိုအပ်လည်း လွှတ်ပေးတဲ့ စနစ်နဲ့ သွားနေတာက လက်ရှိ စစ်အစိုးရရဲ့ လျှပ်စစ်ဓာတ်အားပေး စနစ်ပဲ ဖြစ်ပါတယ်။
(ဓာတ်ပုံ - ထားဝယ်က အစိုးရရဲ့ ဟောင်းနွမ်းနေတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ကြီးများ)

Comments