Htain Linn Article - 66

နိုင်ငံရေးနဲ့ စာပေအနုပညာ (၆၆)
ဆရာဇော်ဂျီ၏ အမျိုးသားရေးစာပေများ
ထိန်လင်း
ဇူလိုင် ၁၁၊ ၂၀၁၀

အမျိုးသားစာဆိုဖြစ်တဲ့ ဆရာဇော်ဂျီကို မြန်မာ့ပထမဆုံး ခေတ်စမ်းကဗျာဆရာအဖြစ် သတ်မှတ်တဲ့အကြောင်း ပြောခဲ့ပြီးပါပြီ။ ဝေဖန်ရေးဆရာလည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်တဲ့ ဆရာ မောင်စွမ်းရည်ကတော့ “မြန်မာစာပေလောကမှာ လောကအမြင် (ဒဿနကဗျာ) အမျိုးအစားကို စတင်ဖွဲ့ဆိုသူ၊ စိုက်လိုက်မတ်တတ် ဖွဲ့ဆိုသူဟာ ဆရာဇော်ဂျီပဲ ဖြစ်တယ်” လို့ ‘ဆရာဇော်ဂျီသာ စာမဆိုခဲ့သော်’ ဆိုတဲ့ ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။ “မြန်မာစာရေးဆရာထဲက မြန်မာတို့မှာ ဒဿနပညာ အားနည်းတာကို ပထမဆုံး သိရှိဝေဖန်သူက ပီမိုးနင်း ဖြစ်ဟန်ရှိပေမယ့် မြန်မာတို့ရဲ့ အတွေးအခေါ် မြှင့်တင်ရေးကို လက်တွေ့ စနစ်တကျ ဆောင်ရွက်ခဲ့သူကတော့ ဆရာဇော်ဂျီပဲ ဖြစ်ပါတယ်။” လို့ ဆရာ မောင်စွမ်းရည်က ဆိုပါတယ်။

ဆရာဇော်ဂျီရဲ့ ကဗျာများမှာ ဗေဒါလမ်း ကဗျာတွေလို လောကအမြင်နဲ့ ဆက်စပ်တဲ့ အတွေးအခေါ် ကဗျာတွေအများအပြားတွေ့နိုင်သလို အမျိုးသားရေးကို နိုးကြားစေတဲ့ ဇာတိမာန်ကဗျာတွေလည်း အများအပြား တွေ့ရမှာဖြစ်ပါတယ်။ ခေတ်စမ်းစာပေက နိုင်ငံရေးမပါဘူး လို့ ဝေဖန်သူတွေက ဝေဖန်နေကြချိန်မှာပဲ လွတ်လပ်ရေးကို ရှေးရှုတဲ့ ဇာတိမာန်ကဗျာတွေကို ဆရာဇော်ဂျီက ရေးသားခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားကျောင်းထွက်ဖြစ်တဲ့ ဆရာဇော်ဂျီက ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ မှော်ဘီဆရာသိန်း၊ အမျိုးသားပညာဝန် ဦးဖိုးကျားတို့ရဲ့ စာပေတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒီဆရာကြီးများဟာ ဘယ်လောက် မြန်မာမှုကို မြတ်နိုးသူတွေ၊ မျိုးချစ်စိတ်ရှိသူတွေ၊ တိုင်းပြည် လွတ်လပ်လိုသူတွေ ဖြစ်တယ်ဆိုတာ အများသိကြမှာပါ။ ဒီအချက်တွေက ဆရာဇော်ဂျီကို ဇာတိမာန်ကဗျာတွေ ဖွဲ့သီဖို့ တွန်းအား ဖြစ်စေပါလိမ့်မယ်။ (နောက်ပိုင်းမှာ ‘သခင်ကိုယ်တော်မှိုင်းဋီကာ’ နဲ့ ‘သိန်းနှင့်ကျားဋီကာ’တို့ကို ဆရာဇော်ဂျီက ပြုစုခဲ့ပါတယ်။)

ဆရာဇော်ဂျီရေးသားခဲ့တဲ့ ပြဇာတ်တွေထဲမှာ ၁၉၃၃ ခုနှစ်က ရေးဖွဲ့ခဲ့တဲ့ ‘ရွှေမောင်းသံ’ ပြဇာတ်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဦးတည်ရေးသားထားတဲ့ ပြဇာတ်ဖြစ်ပြီး၊ ၁၉၄၂ ခုနှစ်မှာ ရေးသားတဲ့ ‘အောင်လံတော်’ ပြဇာတ်က ၁၉၃၁ ခုနှစ်က အမျိုးသားအောင်လံတော်နဲ့ပတ်သက်ပြီး အစည်းအဝေး ကျင်းပတဲ့အခါ အကြိတ်အနယ် ငြင်းခုံဆွေးနွေးကြပြီးမှ ဝါ၊ စိမ်း၊ နီ သုံးရောင်ခြယ် ဒေါင်းအလံကို အမျိုးသားအလံအဖြစ် သဘောတူ ရွေးချယ်ကြပုံ၊ ဒီအလံတော်က မြန်မာ့ လွတ်လပ်ရေးရဲ့ အထိမ်းအမှတ်ဖြစ်ပုံ၊ မြန်မာ့အောင်လံတော် စိုက်ထူနိုင်ဖို့ အသက်သွေး ချွေး စတေးပြီး ကြိုးပမ်းရပုံ စတာတွေကို တစ်ခန်းရပ်ပြဇာတ်အဖြစ် ဇာတ်လမ်းဆင် ရေးဖွဲ့ခဲ့တဲ့အကြောင်း ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ရှုရပါတယ်။

ဆရာဇော်ဂျီရဲ့ ကဗျာတွေမှာ ဝံသာနုစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တွေ ဘယ်လောက်ပါဝင်တယ် ဆိုတာကိုလည်း ၁၉၃၅ ခုနှစ်လောက်မှာ ရေးဖွဲ့ခဲ့တဲ့ ကဗျာတွေကို ဖတ်ရှုလိုက်ရုံနဲ့ သိနိုင်ပါတယ်။

၁၉၃၅ ခုနှစ် ဒီဇင်ဘာလထုတ် အိုးဝေမဂ္ဂဇင်း မှာ ရေးသားခဲ့တဲ့ ‘တက်လူတေးသံ’ ကဗျာမှာ မြန်မာပြည်လွတ်လပ်ရေးအတွက် လူငယ်တွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးပါတယ် ဆိုတာကို ဆရာက အခုလို ရေးဖွဲ့ခဲ့ပါတယ်။

တက်လူတေးသံ

ကြက်ဖ သာလျှင်

အရုဏ်ရောင်လှ၊ ဝင်းဝါကြ၏။

ဥသြ သာလျှင်

ရာသီနွေလ၊ ဖူးပွင့်ကြ၏။

ဖားငယ် သာလျှင်

အာကာမိုးက၊ မိုးရွာကြ၏။

တက်လူ သာလျှင်

မြန်မာပြည်လှ၊ အားသစ်ရ၍

ဇေယျအောင်လံ ထူမည်တည်း။ ။


အဲဒီလမှာပဲ ‘အို တက်လူတို့’ ဆိုတဲ့ခေါင်းစဉ်နဲ့ နောက်ထပ်ကဗျာတစ်ပုဒ် အိုးဝေမဂ္ဂဇင်းမှာ ရေးသားခဲ့ပါတယ်။ အဲဒီကဗျာမှာတော့ ကိုယ့်တိုင်းပြည် ကျွန်ဘဝရောက်ရတဲ့ အဖြစ်ကို စဉ်းစားပြီး ငိုေºကွးနေရုံ၊ သံဝေဂ ယူနေရုံနဲ့ မပြီးဘဲ တိုင်းပြည်ကို ဒုက္ခတွင်းက ကယ်တင်ကြဖို့ အခုလို တိုက်တွန်းထားပါတယ်။

အို တက်လူတို့

မြန်မာပြည်ဝယ်၊ ထီးစည်တို့မင်း

ပျက်ယွင်းပါပကော၊ သို့ စိတ်စောလျက်

ဘော အို ရဲသွေး၊ တက်လူကကလေးတို့

ငိုေºကွးသမှု၊ ပြုရုံမျှဖြင့်

မပွင့်ဉာဏ်ရည်၊ လက်မလည်၍

မျက်ရည်သာလျှင် ရွှဲလိမ့်မည်။

မြန်မာပြည်ဝယ်၊ ထီးစည်တို့မင်း

ပျက်ယွင်းပါပကော၊ သို့ စိတ်စောလျက်

ဘော အို ရဲသား၊ တက်လူများတို့

တရားသံဝေ၊ ယူလေရုံဖြင့်

တက်ခွင့်မနီး၊ ဘေးကြီးနီး၍

ပုတီး အဖတ်တင် ကျန်လိမ့်မည်။

အဟောင်းပျက်လျှင်၊ အသစ်ပြင်လော့

ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး

သင်လည်းတစ်ဦး၊ သားထူး သားမြတ်

ဖြစ်အပ်ရာသည်၊ ရှေ့သို့ရည်၍

ငိုမြည်မတ

သင်္ခါရဟု၊ စိတ်ကမစော

လောလောဆယ်ဆယ်၊ ဒုက္ခနယ်ကို

ကယ်တင်နိုင်ကြပါစေသတည်း။ ။

ဆရာ့ရဲ့ကဗျာထဲမှာ ရေးဖွဲ့တိုက်တွန်းထားချက်တွေဟာ ဆိုးဝါးတဲ့အခြေအနေတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ တိုင်းပြည်တိုင်းအတွက် လိုအပ်ချက်ဖြစ်ပါတယ်။ တကယ်တော့ အနာဂတ်တိုင်းပြည်အတွက် ရှင်သန်မွေးဖွားလာတဲ့ လူငယ်တက်လူတွေက တိုင်းပြည်တိုင်းမှာ ခေတ်အဆက်ဆက် ရှိနေမှာဖြစ်သလို သက်ဆိုင်ရာတိုင်းပြည်ကလည်း ဒီလူငယ်တွေကို အားကိုးရမှာဖြစ်ပါတယ်။

အထူးသဖြင့် မျက်မှောက်ခေတ်ရဲ့ ဆိုးမွေကောင်းမွေကို ယနေ့ခေတ်လူငယ်တွေက အနာဂတ်မှာ ခံစားရမှာဖြစ်သလို ကိုယ်တိုင်ကလည်း မိမိတို့အနာဂတ်ကိုမျှော်ကြည့်ရင်း ကြိုးစားပြင်ဆင်ရမှာသာ ဖြစ်ပါတယ်။ ။

ထိန်လင်း (၇၊ ၁၂၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

Comments