Spain wins World Cup, Octopus is psychic perfection

ကမ္ဘာ့ဖလား စပိန် ရပြီ၊ ရေဘ၀ဲ ခန့်မှန်းချက် ကွက်တိ မှန်ကန်
မိုးမခအထောက်တော် အမှတ် ၀၀၈
ဇူလိုင် ၁၂၊ ၂၀၁၀သောကြာနေ့က စပိန်အလံကပ် အစာခွက်ကို ဦးစွာ ကိုင်တွယ် နေသော ရေဘ၀ဲ (ဓာတ်ပုံ-getty images)


စပိန် အသင်းက ယခုနှစ် ကမ္ဘာ့ဖလားကို ရရှိသွားသည်။ နယ်သာလန် အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် နိုင်သွားခြင်း ဖြစ်သည်။

မည်သည့် အသင်း နိုင်မည် ဆိုသည်ကို သောကြာနေ့က နာမည်ကျော် ဗေဒင်ဆရာ ရေဘ၀ဲက ခန့်မှန်းခဲ့ပြီး ဖြစ်သည်။

ရေဘ၀ဲက စပိန်အသင်း နိုင်မည်ဟု ဟောကိန်း ထုတ်ခဲ့ကြောင်း ပြီးခဲ့သည့် ဘာလင်မှ လာသော Reuters သတင်းတပုဒ်တွင် ဖော်ပြခဲ့သည်။

ဂျာမဏီရှိ ငါးပြတိုက်တခုတွင် နေထိုင်သော ရေဘ၀ဲက ထိုသို့ ခန့်မှန်း ရွေးချယ်ရန် ၃ မိနစ်ကြာ စဉ်းစားရသည်ဟု ဆိုသည်။

တချို့ပွဲစဉ်များကို မိနစ် ၇၀ ကြာ စဉ်းစားခဲ့ရသောကြောင့် ထိုရွေးချယ်မှုမှာ မြန်ဆန်သည်ဟု သတင်းတွင် ရေးထားသည်။

အစာ ထည့်ထားသည့် ခွက် ၂ခုကို စပိန်အလံ နှင့် နယ်သာလန် အလံ တို့ကို ကပ်ထားရာ ရေဘ၀ဲက စပိန်အလံ ပါသည့် အစာခွက်ကို ရွေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ရွေးချယ်မှုကို ရုပ်မြင်သံကြားကပင် တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ရသည်။

ယခင်ခန့်မှန်းချက်များကိုလည်း ထိုသို့ အစာခွက်တွင် အလံကပ်သည့် နည်းကို သုံးခဲ့သည်။ ရေဘ၀ဲ ပထမဆုံး ရွေးသည့် အစာခွက်ကို အတည်ယူသည့် နည်းဖြင့် လူတို့က ဟောကိန်းကို တွက်ချက်ခြင်း ဖြစ်သည်။


၂၀၀၈ ယူရို ဘောလုံးပွဲစဉ်များကို ခန့်မှန်းရာတွင် ၄ ပွဲမှန်ပြီး ၂ ပွဲ မှားခဲ့သည်။

ယခုနှစ် ကမ္ဘာ့ဖလားတွင်မူ ၈ ပွဲခန့်မှန်းရာတွင် ရာနှုန်းပြည့် မှန်ကန်ခဲ့သည်။

ရေဘ၀ဲသည် အသက် ၂ နှစ် ကျော်ပြီ ဖြစ်သည်။ တခြားသော မျိုးတူ ရေဘ၀ဲများကဲ့သို့ ခြေလက် ၈ ချောင်းရှိသည်ဟု သိရသည်။

စင်္ကာပူ မှ ဘောလုံးပွဲ ခန့်မှန်းသည့် နာမည်ကျော် ကြက်တူရွေး၏ ဟောကိန်းက မှားယွင်းသွားခဲ့သည်။ သူက နယ်သာလန် နိုင်မည်ဟု ဟောခဲ့သူ ဖြစ်သည်။

နယ်သာလန် အလံနှင့် စပိန် အလံ ဖဲချပ် ၂ ခုကို လှောင်အိမ် အပြင်ဘက်တွင် မှေက်ထားရာ ကြက်တူရွေးက သူ၏ လှောင်အိမ်ထဲမှ ထွက်ကာ နယ်သာလန် အလံ ဖဲချပ်ကို နှုတ်သီးဖြင့် ကိုက်ပြီး ရွေးခဲ့သည်။

ရေဘ၀ဲက ကြက်တူရွေးကို နိုင်သွားသည့်ပွဲ ဟုလည်း တချို့က ဟာသ လုပ်ကြသည်။

ဘောလုံး ပရိသတ် အများအပြားက ရေဘ၀ဲ နှင့် ကြက်တူရွေးတို့၏ ခန့်မှန်းချက်ကို ရင်ခုန်စွာ လေ့လာခဲ့ကြသူများ ဖြစ်သည်။ ထို သတ္တ၀ါတို့၏ ခန့်မှန်းချက်ကို မယုံကြည်သူများလည်း ရှိခဲ့သည်။

ရေဘ၀ဲ နှင့် ကြက်တူရွေးတို့သည် လူတို့ မွေးမြူထားသော သတ္တ၀ါများ ဖြစ်သည်။ ဘောလုံးပွဲ အပါအ၀င် မည်သည့်ပွဲကိုမျှ ကြည့်ရှုခြင်း မရှိကြပေ။

ရေဘ၀ဲ အမည်မှာ Paul ဖြစ်သည်။ ဂျာမဏီအသင်း ပါဝင်သော ဘောလုံးပွဲများကို ခန့်မှန်းပေးခဲ့ရာမှ ယခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲများ ကျင်းပချိန်တွင် ရေဘ၀ဲ၏ ခန့်မှန်းချက်က ဂျာမဏီသာမက ကမ္ဘာကျော်သွားခဲ့သည်။

ရေဘ၀ဲ Paul သည် အင်္ဂလန် ဇာတိ ဖြစ်သည်၊ နောက်ပိုင်းတွင် ဂျာမဏီသို့ ရောက်သွားသည်ဟု wiki အင်တာနက် စာမျက်နှာတွင် ရေးထားသည်။

သူ၏ ခန့်မှန်းချက်ကြောင့် ဒေါသထွက်သည့် ဘောလုံးပရိသတ် အများအပြားလည်း မြန်မာပြည် အပါအ၀င် နိုင်ငံတကာတွင် ရှိနေသည်။

စပိန် နှင့် ဂျာမဏီ ပွဲစဉ်တွင် စပိန် ရှုံးမည်ဟု ဟောကိန်း ထုတ်ခဲ့ရာ ဂျာမဏီပရိသတ်များက ဒေါကန်ခဲ့ကြသည်။ ရေဘ၀ဲ ကို သတ်ပြီး စားမည်ဟုပင် ကြုံးဝါးခဲ့ကြသည်။ ရေဘ၀ဲ ဆန့်ကျင်ရေး ကြွေးကြော်သံများ ဆူညံလာသဖြင့် စပိန် သမ္မတ Jose Zapatero နှင့် စပိန်ခေါင်းဆောင်များက ရေဘ၀ဲကို သူတို့နိုင်ငံတွင် ခိုလှုံခွင့် ပေးမည်ဟုပင် ဆိုခဲ့သည်။

Comments