celebrity couple in Rangoon

အချစ်ရေးက နွေးနွေးထွေးထွေးပါလို့ ပြောတဲ့ အိန္ဒြာကျော်ဇင် နဲ့ ပြေတီဦး
ခင်နှင်းလွင်
သြဂုတ် ၈၊ ၂၀၁၀
ပြီးခဲ့သည့် ကြာသပတေးနေ့က ဆီဒိုးနား ဟိုတယ် ဧည့်ခံပွဲတခုတွင် တွေ့ရသော အိန္ဒြာကျော်ဇင် နှင့် ပြေတီဦး။ ချစ်သူနှင့် လက်ထပ်ဦးမည် မဟုတ်ကြောင်း သတင်းဂျာနယ်များသို့ သီးခြားစီ ပြောကြားခဲ့ကြသည်။ (ဓာတ်ပုံ - အလင်းတန်းဂျာနယ်)

နာမည်ရ မင်းသား မင်းသမီး နှစ်ဦးရဲ့ အချစ်ရေးကိစ္စ သတင်းဂျာနယ် တစ်ချို.မှာ ဖော်ပြခဲ့လို့ ပရိသတ်များ စိတ်ဝင်စားနေကြပါတယ်။

“အခုတလော ဂျာနယ်ဖတ် ပရိတ်သတ် တစ်ချို့က အိန္ဒြာကျော်ဇင် သတင်းပါတဲ့ ဂျာနယ်ကို မေးကြတယ်။ လတ်တလော သတင်း အနေနဲ့တော့ နာမည်ရ မင်းသား မင်းသမီး ဆိုတော့ သူတို့ ပရိသတ်တွေက စိတ်ဝင်စားကြတာပေါ့။ ဝေဖန်ကြတာလဲ အစုံပါပဲ” လို့ ဂျာနယ် လက်ပွေ့ ရောင်းသမား တစ်ဦးက ပြောပြခဲ့ပါတယ်။

တစ်ချိန်က နာမည်ရ အဆိုတော် ဟေမာနေ၀င်းနှင့် ရာဇာနေ၀င်းတို့ရဲ့ ၀မ်းကွဲ ညီမတော်စပ်တဲ့ အိန္ဒြာကျော်ဇင် ခေါ် အူဝဲဟာ ရီဝေယံနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့တဲ့ အနှိုင်းမဲ့ ဗီဒီယိုဇာတ်ကားနဲ့ ပရိသတ် နှစ်ခြိုက်ခဲ့ပြီး ဖက်ရှင်ကျကျ ၀တ်ဆင်တတ်မှုကြောင့် နာမည် ရရှိခဲ့သူဖြစ်ပါတယ်။

နာမည်ကြီး ရုပ်ရှင်မင်းသား တစ်ဦး၊ စစ်အစိုးရ ဗိုလ်ချုပ်သား တစ်ဦးတို့နဲ့ နာမည် ထွက်ခဲ့ပြီး ယခုတဖန် နာမည်ရစ သရုပ်ဆောင် ပြေတီဦးနဲ့ ဂျာနယ် တစ်ချို့မှာ မသိမသာ ဖော်ပြခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

“မင်းသမီးမှ မဟုတ်ပါဘူး သာမန်မိန်းကလေး အနေနဲ့လည်း ကိုယ့်အပေါ်တန်ဖိုးထား အားကိုးရမယ့် ယောက်ျား တစ်ယောက်နဲ့ ဆုံစည်းရတာ ကောင်းတာပေါ့။ ဒါပေမဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားမယ် ဆိုရင် မြန်မာ မိန်းကလေး အနေနဲ့ ပိုကောင်းပါတယ်” လို့ စမ်းချောင်း မြို့နယ်မှ မကေသီက သူ့အမြင်ကို ပြောပြပါတယ်။

မြန်မာ့အသံနှင့် မြ၀တီမှ ထုတ်လွှင့်ခဲ့တဲ့ မြန်မာစာ၊ မြန်မာစကား အစီအစဉ်နဲ့ အနုပညာ လောကထဲ ရောက်ရှိပြီး လတ်တလော ကားရိုက် များလာတဲ့ ပြေတီဦးဟာ သဘာဝ ကျကျ သရုပ်ဆောင် တတ်တာကြောင့် နာမည်ရလာတာပါ။

ပြည်တွင်းထုတ် ဂျာနယ် တစ်စောင်မှာတော့ နှလုံးသားရော ဦးနှောက်ကပါ လက်ခံနိုင်တဲ့သူကို ရွေးချယ်မှာပါ လို့ ပြေတီဦးက ပြောပြသွားကြောင်း ဖော်ပြထားခဲ့ပါတယ်။

Comments