solution or trap?


ရွေးကောက်ပွဲဟာ ထွက်ပေါက်လား၊ ထောင်ချောက်လား
ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး
အောက်တိုဘာ ၃၀၊ ၂၀၁၀ ဆူးလေဘုရားလမ်းတွင် တွေ့ရသော စစ်အစိုးရ၏ ကြံ့ဖွံ့ ပါတီ မဲဆွယ် ဆိုင်းဘုတ်


“---အပြောင်းအလဲ ဆိုတာလဲ မြူတစ်မှုန်စာမျှ မတွေ့ရနိုင်တဲ့ ရွေးကောက်ပွဲမှာ ဘာလို့များ အိမ်ဖြည့် ဝင်ကစား ပေးနေကြမှာလဲ။ ကျောချနေတာတောင် ဓားပြမှန်း မသိကြသေးတာ အံ့စရာပဲ---”

ဒေါက်တာတူးဂျာ ဦးဆောင်တဲ့ ကချင်တိုးတက်ရေးပါတီဟာ အစောဆုံး မှတ်ပုံတင်ခဲ့တဲ့ ပါတီတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီတည်ထောင်ခွင့် မပေးခဲ့ပါဘူး။ ဘာ့ကြောင့် ပါတီတည်ထောင်ခွင့် မပေးသလဲ ဆိုတာကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြချက် မပေးခဲ့ဘူး။ ထားပါတော့။ ပါတီ တည်ထောင်ခွင့် မပေးချင်နေပါ။ တသီးပုဂ္ဂ္ဂလ အနေနဲ့ ဝင်ပြိုင်ကြမယ်ပေါ့။ ဒေါက်တာတူးဂျာ အပါအဝင် ကချင်အမျိုးသား ၁၂ ဦးဟာ ကချင်ပြည်နယ်ထဲက လွှတ်တော် မဲဆန္ဒနယ်မြေများမှာ တသီးပုဂ္ဂလကိုယ်စားလှယ်များအဖြစ် အမည်စာရင်း တင်သွင်းလိုက်ကြတယ်။

ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ (၁) ရက်ကနေ (၁ဝ) ရက်နေ့အထိ စီစစ်ပါတယ်။ စိစစ်ပြီးတဲ့ အခါမှာတော့ ဒေါက်တာတူးဂျာ အပါအဝင် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်း (၁၂) ဦးလုံးကို ရွေးကောက်ပွဲဝင်ခွင့် ငြင်းပယ်လိုက်ပါတယ်။ ဘာ့ကြောင့်လဲ။ ဘယ်ဥပဒေနဲ့ ညိစွန်းလို့ပါလဲ။ ထုံးစံအ တိုင်း ဘာအကြောင်းပြချက်မှ မပေးပါ။ ဘာအကြောင်းပြချက်မှလည်း မပေးနိုင်ပါ။ အမှန် တကယ်တော့ တိကျခိုင်လုံတဲ့ အကြောင်းပြချက် ပေးဖို့လိုအပ်ပါတယ်။

ဒေါက်တာတူးဂျာတို့ကို ဘာ့ကြောင့်ရွေးကောက်ပွဲဝင်ခွင့် မပြုသလဲ။ ဘာ့ကြောင့်ပယ်ချရသလဲ ဆိုတဲ့အဖြေက ရိုးရိုးလေးပဲဖြစ်ပါတယ်။ ဒေါက်တာတူးဂျာ တို့ဟာ ကချင်လူထုကို ကိုယ်စားပြုလို့ပါပဲ။ ကချင်လူထုက ထောက်ခံတဲ့ သူတွေဖြစ်နေလို့ပါပဲ။ ပိုရှင်းအောင် ပြောရရင်တော့ အာဏာသိမ်း အစိုးရခေါင်းဆောင်တွေနဲ့ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေဟာ ဒေါက်တာတူးဂျာတို့ကို မယှဉ်နိုင်ပါဘူး။ အဲ့ဒီကြံ့ခိုင်ရေးပါတီနဲ့ ဒေါက်တာတူးဂျာတို့ ယှဉ်ပြိုင် အရွေးခံကြရင် ကချင်လူထုက ကိုယ်ကျိုးရှာ၊ ပြည်သူ့ဘဏ္ဍာငွေတွေ အလွဲသုံးစား လုပ်နေကြတဲ့ ကြံ့ခိုင်ရေးပါတီတဖြစ်လဲ လူမိုက်အသင်း ကို မဲပေးကြမှာ မဟုတ်ပါဘူး။ ဒါ သိပ်သေချာတဲ့ အချက်ပါ။ ဒါ့ကြောင့် ပြည်သူလူထုက အပြည့်အဝ ယုံကြည်မှုရှိတဲ့ သူတွေကို ဖယ်ရှားလိုက်ပြီး ကြံ့ခိုင်ရေးပါတီ ပြိုင်ဖက်ကင်းအောင် အနိုင်ရအောင် လုပ်လိုက်တာပါ။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဖြုတ်ပယ်မှုတွေဟာ ဒေါက်တာတူးဂျာတို့နဲ့တင် ပြီးသွားမှာ မဟုတ်ပါဘူး။ နောက်ထပ် ... နောက်ထပ် ဖြုတ်ပယ်မှုတွေ လာအုံးမှာပါ။ ဘယ်လို လူတွေအတွက်လဲ ဆိုရင်တော့ ဒီမိုကရေစီအရေးကို အမှန်တကယ် ဆောင်ရွက်မယ့်သူတွေ။ ကြံ့ခိုင်ရေးပါတီကို ယှဉ်ပြိုင် စိန်ခေါ်နိုင်မယ့်သူတွေ၊ န.အ.ဖ အစိုးရက ခါးပိုက်ထဲ ထည့်လို့ မရတဲ့သူတွေ၊ ပြီးတော့ မဲဆန္ဒရှင်ပြည်သူ လူထုက ယုံကြည် ထောက်ခံသူတွေပေါ့။

ရွေးကောက်ပွဲ ဥပဒေတွေမှာ ညစ်ကွက် အထပ်ထပ် ကျန်နေပါသေးတယ်။ မဲဆွယ်စည်းရုံးစဉ် ကာလမှာ တို့တာဝန် အရေးသုံးပါးထဲက တပါးပါးကို ကျူးလွန်မိရင်သော် လည်းကောင်း၊ စစ်တပ် (န.အ.ဖ) ရဲ့ ကိုယ်ကျိုးစီးပွားရှာမှုများ၊ ကမောက်ကမ လုပ်ရပ်များနဲ့အတူ အာဏာ သက်ဆိုးရှည်ရေးအတွက် ဖိနှိပ်ညှင်းပန်း၊ ဗိုလ်ကျ စိုးမိုးမှုများအကြောင်း တလုံးတလေ ယောင်ယမ်း ပြောဆိုမိရင်သော် လည်းကောင်း၊ နောက်ဆုံး မဲဆနရှင်ပြည်သူတွေက ရွေးခြယ်တင်မြှောက်လိုက်လို့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီဆိုရင်တောင် (ငွေစာရင်း) ဆိုတာနဲ့ မငြိငြိအောင် လုပ်လို့ ရပါသေးတယ်ဗျာ။

ဒါ့ကြောင့် ရွေးကောက်ပွဲ ဝင်ကြမယ့် ပုဂ္ဂ္ဂိုလ်များ စဉ်းစားသင့်လှပါတယ်။ ဘာ့ကြောင့် အချိန်ကုန်၊ လူပန်းခံနေကြမှာလဲ။ တရားမျှတမှုလည်း မရှိ။ ဒီမိုကရေစီ အတွက် ဦးတည်တဲ့ ရွေးကောက်ပွဲလည်း မဟုတ်။ အပြောင်းအလဲ ဆိုတာလဲ မြူတစ်မှုန်စာမျှ မတွေ့ရနိုင်တဲ့ ရွေးကောက်ပွဲမှာ ဘာလို့များ အိမ်ဖြည့် ဝင်ကစား ပေးနေကြမှာလဲ။ ကျောချနေတာတောင် ဓားပြမှန်း မသိကြသေးတာ အံ့စရာပဲ။ စဉ်းစားကြပါ။ ဆရာဆရာကြီးတွေ၊ နာမည်ရ ဆောင်းပါးရှင်ကြီးတွေ၊ နိုင်ငံရေး ခွဲခြမ်းစိတ်ဖြာသူ ဆိုသူကြီးတွေ ပြောသလို Alternative လေးများ စဉ်းစားကြပါအုံး။

ရွေးကောက်ပွဲဝင်တဲ့ နည်းလမ်းတစ်ခုပဲ ရှိပါသလား။ ရွေးကောက်ပွဲဟာ အမှန်တကယ် ထွက်ပေါက်လား၊ သို့တည်းမဟုတ် ထောင်ချောက်လား ဆိုတာတော့ မကြာမီ နဖူးတွေ့ ဒူးတွေ့ တွေ့ကြရတော့မှာပါ။

မူရင်း - ဗွီအိုအေ အသံလွှင့်ဌာန၊ တနင်္ဂနွေ, 19 စက်တင်ဘာ 2010
photo: AP

Comments