When you meet with Tiger and Gator

ကျားတွေ မိချောင်းတွေနဲ့ ဆုံကြတဲ့ ချောက်ကမ်းပါးအစွန်းက ...
မိုက်ခဲစိန်
အောက်တိုဘာ ၃၀၊ ၂၀၁၀
ရွေးကောက်ပွဲ ၀င်၊ မ၀င် ဆိုတာက လွန်ခဲ့တဲ့ ဧပြီလကတည်းက ရှင်းသွားပြီ။ မ၀င်တဲ့သူက တခွန်းပဲ။ ၀င်မယ်ဆိုသူတွေက ဆက်ပြီတော့ အစိုးရကို ခယ ရတယ်။ ပြိုင်ဘက်တွေနဲ့ အပြိုင်မဲဆွယ်ရတယ်။ မဲဆွယ်တယ် ဆိုတာက ဆင်တွေ၊ အကောင်ကြီးတွေကို ယှဉ်ပြီး မဆွယ်နိုင်ကြပါဘူးလေ။ အကောင်သေးတွေ အချင်းချင်း တွန်းကြ တိုက်ကြ ပြိုင်ကြရတာပါ။
ဟော … ပြည်သူတွေမှာကလည်း မဲပေးရေး မပေးရေး လမ်း ၂ ခွကို ဖြတ်ခဲ့ကြပြီးပါပြီ။ မဲမပေးတဲ့သူက ရှင်းတယ်၊ တခွန်းပဲ။ မယုံဘူး၊ မဲမပေးဘူး၊ ဒါပဲ အေးရော။ အဲလိုလူမျိုးကို ဘယ်လိုမှကို ဒုက္ခလိုက်ပေးနေစရာ မလိုဘူး။ အင်း … မဲပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ သူတွေကမှ ပြဿနာဖြစ်တော့တာ၊ ဘယ်သူ့ကို ပေးမလဲ။ ဘယ်သူ့ကို မပေးဘူးလဲ။ အဲသည် လမ်း ၂ ခွကို သူတို့က ရောက်ရရှာတာ။
            မဲပေးတယ် ဆိုတာမှာ ဘယ်သူကို ပေးမှလဲ။ ဘယ်အကောင်တွေကို ပေးကြမှလဲပေါ့။ အကောင်တွေပါ ဆိုမှတော့ ကြီး ကြီး ငယ် ငယ် အစွယ်တွေ တဖွေးဖွေး၊ ဟန်ရေးတွေ တပြပြလို့ပဲ မြင်ကြည့်ကြပေတော့။
အခု ကျနော်တို့ဟာ ခြောက်ကမ်းပါး တခုရဲ့ အစွန်အဖျားမှာ ရောက်နေပြီ။ ခုန်ချလိုက်မယ်ဆိုပြန်တော့ အောက်မှာစားမယ့်ဝါးမယ့် ငါးမန်းတွေ၊ မိချောင်းတွေက ပင်လယ်ထဲကနေ စောင့်ကြိုနေတယ်။ နောက်ကို လှည့်ကြည့်လိုက်တော့ သားရေတမြားမြားနဲ့ ကျားတွေ ခြင်္သေ့တွေ သားရဲတွေက လှမ်းလာနေတယ်။ ရပ်နေလို့တော့ မရတော့ဘူး။ တခုခုကို ရွေးရတော့မယ်။ ကျားအစားခံလိုက်ရတာက ပိုသက်သာမလား၊ မိချောင်းအကိုက်ခံလိုက်ရတာက ပိုကောင်းလား။ စစ်အစိုးရက သဘောကောင်းချင်ယောင်ဆောင်၊ တရားမျှတချင်ယောင်ဆောင်။ ကြိုက်ရာရွေး….တဲ့ဗျား။
ဒီတော့ ဘယ်ဟာမှ မကောင်းတဲ့ လမ်းနှစ်ခွကို ဘယ်ဟာရွေးရွေး ဘာမှတော့ မထူးဘူး။ ဒါပေမယ့် တခုတော့ ရှိတယ်။ ခုန်ချပြီးတော့ မိချောင်း အကိုက်ခံ ငါးမန်း အစားခံပြီး အသက်ရှင်ရက်နဲ့ ဒီမိုကရေစီတဘက်ကမ်းကို ရောက်မှာပါလို့တော့ မျှော်လင့်ချက်စကားမျိုးတော့ မပြောလေနဲ့။ စခုန်ချလိုက်ကတည်းကိုက သေဖို့ ပြင်ထားပဲ။ သေမှန်းသိတယ်ဟေ့။ ဒါပေမယ့် ဒီလမ်းပဲ ရွေးလိုက်ပြီ ဆိုရင် အဓိပ္ပါယ်ရှိတယ်။ ရွေးတာကိုက သေဖို့ ပြင်ပြီးသားပဲ။
အဲ … နောက်ပြီးတော့ ကျား အစားခံလိုက်တော့မယ့် လမ်းကို ရွေးလိုက်ပြီဆိုလည်း ဒါကလည်း သေဖို့ပဲ ရှိတယ်။ ဒါလည်း သေမှာပဲ။ ဘာမှ မထူးဖူး။ အဲဒီလို ရွေးလိုက်လို့ ကျားက ဥပုဒ် စောင့်နေမှာ မဟုတ်ဘူး။ သေလမ်းချည်းမို့လို့ ဘာရွေးရွေး မှားတယ်လို့ မဆိုချင်ဘူး။ (သေမှာကို သိပြီး ရွေးတာကို ခင်ဗျားက ဘယ်လိုဝင်ပြီး ဝေဖန်ချင်သေးသလဲ)
မဲပေးတော့မယ့် ပြည်သူတွေလည်း ခုနကလိုပဲ။ ပြည်သူတွေ ချောက်ကမ်းပါးထိပ် ရောက်နေတာပဲ။ ဘာမှမထူးဘူး။ အခု မိုက်ခဲစိန်တယောက်  ပြည်သူတွေကြားထဲက ဒီစာကို ရေးလိုက်တာ။ ပြည်သူတွေကိုယ်စား ဒီစာလုံးတွေ ရေးလိုက်တာပဲ။ ပြည်သူတွေကြားထဲက စကားသံတွေ နားထောင်ကြည့်ပြီး ရေးလိုက်တာ။ အနှေးယာဉ် အမြန်ယာဉ် ရထား သင်္ဘော လှေ သမ္ဗာန်စီးပြီး ကြားခဲ့တာတွေ။ နေပြည်တော် မြို့ပြ တောရွာ၊  အလုပ်သမား လယ်သမား ဈေးသည်တွေကြားထဲက စကားလုံးတွေ စုဆောင်းခဲ့တာ။
ကျနော်၊ ကျမတို့ ဘာမှ မထူးဘူး။ သူတို့ ပေးပေး မပေးပေး၊ သူတို့ပဲ နိုင်မှာ။ ကဲ … သူတို့ မနိုင်လည်း နိုင်မှာပဲ။ သူတို့ရူံးရင် မနိုင်နိုင်အောင် လုပ်ပြီး နိုင်မှာပဲ။ အဲဒါပဲ။ အဲဒါ အလုပ်ရှုပ်ခံပြီး ရွေးကောက်ပွဲ လုပ်နေရသလား။ အဲဒီနေ့ကျ အလုပ်ပျက် အကိုင်ပျက် ဖြစ်အုံးမယ်။ မဲမပေးမိရင်လည်း ဘာဖြစ်ဦးမှာလဲ ကြောက်ရ။ သူတို့ကိုပဲ ပေးရမှာပါဗျာ။ မဲပေးဖို့အရေး အလုပ်ရှုပ်ခံပြီး ဟိုသွားရ၊ နံမယ်ရှာရ၊ မဲပုန်းရှာရ၊ လက်မှတ်ထိုးရ၊ ခြိမ်းခြောက်တာ ခံရ။ အဲဒါ သူတို့ မဲပေးပါ့မယ် ဆိုတဲ့သူတွေ အလုပ်ပျက် အကိုင်ပျက် ဖြစ်ရဦးမယ်။
မိချောင်း အကိုက်ခံလိုက်ရ ကောင်းမလား။ ကျားကိုက်ခံလိုက်တာ ပိုသက်သာမလား။ စဉ်းစား … စဉ်းစား …။ ဒီနေရာမှာ ကိုမိုက်ခဲစိန်က အကြံတခု ပေးလိုက်မယ်။ ကျားကိုက်ခံရမှာကြောက်တဲ့သူက မိချောင်းအစားခံလိုက်ပါ။ မိကျောင်းအစားခံရမှာကြောက်တဲ့သူက ကျားဆွဲတာပဲ ခံလိုက်။ အဲဒါပါပဲ။
(တကယ်ကတော့ ဖောက်ထွက်တွေးနည်းက ရှိထားပြီးသားလေ၊ မဲမပေးနဲ့တော့ … ကျားတွေ ခြင်္သေ့တွေကို ချောက်ကမ်းပါးထဲကို ပေး ခုန်ချလိုက်၊ ဟိုးအောက်ထဲမှာ ငါးမန်းတွေ မိချောင်းတွေနဲ့ ဆင် (အဲလေ) ကျားတွေ၊ ခြင်္သေ့တွေ တွေ့ကြပါစေ၊ ရင်ဆိုင်ကြပါစေပေါ့။ ကိုယ်ကတော့ ကမ်းပါးကနေ ခြေတွဲလွဲချိတ်ပြီးသာ ထိုင်ကြည့်နေရုံသာ။ )
အဟိ …
(ဓာတ်ပုံ - အောင်မိုးဝင်း (BGAN)  ရဲ့ ဒီဇိုင်းပိုစတာကို ယူသုံးတယ်။ ခွင့်မတောင်း)

Comments