Thu Rain Htet - Dear Father ...


ဖေဖေကြီး ပြဇာတ်
သူရိန်ထက်
ဖေဖော်ဝါရီ ၁၊ ၂၀၁၁

ဇာတ်လမ်းအမည်။         ။ဖေဖေကြီး
ရည်ရွယ်ချက်။               ။ထောင်ကျ နိုင်ငံရေးသမားတို့၏ ဘ၀ကို နားလည်စာနာနိုင်စေရန်၊ နိုင်ငံချစ်စိတ်၊ အမှန်တရားကို ချစ်စိတ်၊ အနစ်နာခံယူရဲသည့်စိတ်များ ဖြစ်ပေါ်စေရန်၊ ဒီမိုကရေစီ တိုက်ပွဲအတွင်း အမှန်တရားချစ်သူတို့နှင့် အမှန်ကို ဖုံးကွယ်ကာ ဖိနှိမ်ကောက်ကျစ်သူတို့ အကြား ပဋိပက္ခကို မှတ်တမ်းတင်ရန်။
ပါဝင်သူများ။                 ။ကိုစိုးမြင့်။ ကိုစိုးမြင့်ဇနီး၊ ကိုစိုးမြင့် သမီး၊ ထောင်ဝါဒါ ၃ ဦးခန့်၊ ထောင်ကျ ၃ ဦးခန့်၊ 
ကိုစိုးမြင့်ဇနီး သူငယ်ချင်း။

အခန်း ၁

အချိန်.. နေ့၊ ထောင်တွင်း
ကင်မရာ အမှောင်ဖက်မှ အလင်းဖက်သို့ ရိုက်ရန်
ယူနီဖေါင်းဝတ်နှင့် ဘွတ်ဖိနပ်စီးတဦး (ထောင်ဝါဒါ) ခြေလှမ်းမှန်မှန်နှင့် ၀င်လာ..
အသံ (နောက်ခံအသံပါးပါးတွင် ဖိနပ်သံကို စည်းချက်ယူရန်။ စိတ်လှုပ်ရှားဖွယ်ဖြစ်ရမည်။)
(ကင်မရာနှင့် အနီးဆုံး)အခန်း (  )ရှေ့သို့ အရောက်တွင် ရပ်လိုက်ပြီး….

ထောင်ဝါဒါ။       ။ဗျို့.. ကိုစိုးမြင့်.. ခင်ဗျားအတွက် သတင်းကောင်းပါတယ်ဗျို့..
စိုး။                   ။ဟင်း.. ဘာလဲ.. ထောက်လှမ်းရေးက ခေါ်စစ်ဦးမလို့လား။ စစ်ရတာ မမောကြသေးဘူးလားဗျာ..။
ဝါဒါ။                 ။ဒီတခါ တကယ်သတင်းကောင်းပါဗျ။
စိုး။                   ။ဘာလဲ.. ကျနော် လွတ်တော့မယ်လို့ ဘိုးတောိက ဟောလိုက်တယ်လား..
ဝါဒါ။                 ။မဟုတ်ဘူးဗျို့.. ခင်ဗျားတကယ်ဝမ်းသာရမယ့်သတင်းကောင်းပါဗျ။
(စိုး.. ၀ါဒါ မျက်နှာအမူအရာကို လှမ်းကြည့်ရင်း မတ်တပ်ထရပ်.. အနီးဝန်းကျင် အခန်းမှ ထောင်ကျများ အာရုံစိုက်နားစွင့်လိုက်ကြ)
စိုး။                   ။လုပ်စမ်းပါဦး.. ဘာဖြစ်လို့လဲဗျ
ဝါဒါ။                 ။ခင်ဗျားကို ထောင်ဝင်စာ တွေ့ခွင့်ပြုလိုက်ပြီတဲ့..။
စိုး။                   ။ဗျာ.. တကယ်.. တကယ်ပြောတာလား.. (အံ့သြ၀မ်းသာစွာ) (ဘေးအခန်းမှလူများလည်း ၀မ်းသာသွား)
ဝါဒါ။                 ။တကယ်ပြောတာဗျ။ အဲဒါ ခင်ဗျားအိမ်ကိုလည်း လှမ်းအကြောင်းကြားပြီးပြီ။ လာမယ့်အပတ် (    )နေ့ ဧည့်ထွက်တွေ့ဖို့ ပြင်ထားကိုယ့်လူရေ။
စိုး။                   ။ကျနော့်အိမ်ကို .. ဟာ.. ဟုတ်လား.. ၀မ်းသာလိုက်တာဗျာ.. ကျနော်.. ကျနော့်ဇနီးနဲ့ သမီးလေးနဲ့ တွေ့ရတော့မယ်ပေါ့ဟုတ်လား..။ ကျနော့်သမီးလေးကို မြင်ရတော့မယ်ပေါ့..ဟုတ်လား..
ဝါဒါ။                 ။ဟုတ်ပါ့ဗျာ.. ဧည့်တွေ့အပြန် ကျုပ်အတွက် ဆေးလိပ်ပေးဖို့တော့ မမေ့နဲ့နော်.. ဟဲ ဟဲ..သွားပြီဗျို့..
စိုး။                   ။စိတ်ချ။ စိတ်ချ။ စားမြိန်ထုပ်ပါ ကျွေးဦးမှာ.. ဟူး.. ၀မ်းသာလိုက်တာဗျာ။ သမီးလေး.. သမီးလေး.. သမီးလေးနဲ့ တွေ့ရတော့မယ်.. ဒီတသက် မမြင်ဖူးတဲ့သမီးလေး.. တသက်လုံး မြင်ခွင့်မရတော့ဘူးထင်ထားတဲ့ သမီး လေးနဲ့ တွေ့ရတော့မယ်..။ ရဲဘော်တို့ရေ..  (ဘေးအခန်းများသို့ ၀မ်းသာစွာ လှမ်းအော်ပြော) ကျနော့်သမီးလေးနဲ့ တွေ့ရတော့မယ်ဗျ.. ကျနော့်သမီး.. ကျနော့်သမီးလေးနဲ့ တွေ့ရတော့မယ်.. (၀မ်းသာစွာ မျက်ရည်ကျပြီးပြော)
ဘေးအခန်းမှ ထောင်သားတဦး။              ။သြော်.. စိုးမြင့်.. စိုးမြင့်.. (ခေါင်းတညိတ်ညိတ်နှင့် သူပါရောပြီး မျက်ရည်ဝဲသွား)

အခန်း ၂

နေ့၊ ထောင်တွင်း။ ရေချိုးခန်း (ရိုက်ကွင်းအနေအထားအရ.. သင့်တော်သလို နေရာပြောင်းရိုက်နိုင်)
ထောင်ကျ ၂ ဦးနှင့် ကိုစိုးမြင့်
ကိုစိုးမြင့်။                      ။သီချင်းဆိုနေ.. `ဘူးမမှုတ်နဲ့ သမီးရယ်.. ဖေဖေကြီးကိုချစ်တယ်ဆို ဆိုဆိုဆို.. ဘူး မမှုတ်ပါနဲ့ သမီးရယ်.. ဒယ်ဒီလေးကိုချစ်တဲ့ဆို ဆိုဆိုဆို.. ကုန်လိမ့်မယ် ဖွာလန်တို.. ဆံကျစ်ကလေးကတထွာတညို.. လှလှပပမှ…… သပ္ဖါယ်ကာ အမြင်မတို တကာမတွေကြည်ညို..´
ထောင်ကျ ၁။                ။ကိုစိုးမြင့်ကြီး.. သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး သီချင်းတကြော်ကြော်နဲ့ ပျော်နေတယ်ပေါ့လေ..။ ခင်ဗျားကို ဒီလိုမျိုး တခါမှ မမြင်ဖူးပါဘူး
စိုး။                   ။ပျော်ရမယ်လေဗျာ.. ကျုပ်သမီးလေးနဲ့ တွေ့ခွင့်ရတော့မယ်။ ကျုပ်ဇနီးနဲ့လည်း တွေ့ခွင့်ရတော့မယ်။ သမီးလေးကို တခါမှ မမြင်ဖူးသေးဘူးဗျ။
ထောင်ကျ ၂။                ။ဟုတ်လား။ ခင်ဗျား အိမ်က တခါမှ ထောင်ဝင်စာ လာမတွေ့လို့လား
ထောင်ကျ ၁။                ။မဟုတ်ဘူး ကိုယ့်လူရေ.. ဆရာကိုစိုးမြင့်ကြီး ထောင်ကျတာ ၅ နှစ်ကျော်ရောပေါ့။ တခါမှ ထောင် ၀င်စာ ခွင့်မပြုဘူးလေ။
ထောင်ကျ ၂။                ။ဟာ.. ဟုတ်လား.. ကျုပ်တို့လို လူသတ်မှုမပြောနဲ့ ဟို မုဒိန်းမှုနဲ့ ထောင်ကျတဲ့ ကောင်တွေ တောင် ထောင်ဝင်စာ တွေ့ခွင့်ရတာ.. ဆရာက ဘာမှုမို့လို့လဲဗျ။
စိုး။                               ။ အေး.. မုဒိန်းမှု လူသတ်မှုက ပြစ်မှုမကြီးသေးဘူုးမောင်ရေ.. ငါတို့လို နိုင်ငံရေးမှုက မင်းတို့ ထက် ၁၀ ဆ မက အပြစ်ကြီးသတဲ့ဟ။
ထောင်ကျ ၁။                ။ဆရာစိုးတို့ အဖြစ်ကလည်း ရင်နင့်စရာပါကွာ။ သူများပစ္စည်းဆို အပ်တိုတချောင်းတောင် မယူဖူးတဲ့သူက .. ထောင်ထဲက ဘယ်တော့မှ လွတ်မယ်မသိသေးဘူးတဲ့လေ။
စိုး။                               ။ထောင်ထဲက မထွက်ရတောင် အခုလို ထောင်ဝင်စာ တွေ့ခွင့်ရတာ ၀မ်းသာလှပါပြီဗျာ.. ကျုပ်က မတရားလုပ်တဲ့သူမဟုတ်လို့ ဘယ်တော့မှ နောင်တမရဘူး။ မတရားလုပ်နေသူတွေသာ နေ့စဉ်နဲ့အမျှ ရှက်နေ ကြောက်နေ နောင်တရနေရမှာလေ.. (ပြောရင်း ကိုစိုးမြင့်ထွက်သွား)
ထောင်ကျ ၁။                ။ဆရာစိုးက တော်တော်လေးစားဖို့ကောင်းသလို သနားဖို့လည်း ကောင်းတယ်ဗျာ။ သူ အဖမ်း ခံရတော့ သူ့မိန်းမက ကိုယ်ဝန်နဲ့လေ.. အဲဒီကိုယ်ဝန်ကြီးနဲ့ထဲက အဖမ်းခံထားလိုက်တာ တခါမှ တွေ့ခွင့်မရသေးဘူး လေ။ သူ့ကလေးဆို တခါမှကို မမြင်ဖူးသေးဘူး။ အခုမှ ပထမဆုံး ထောင်ဝင်စာ တွေ့ခွင့်ရတာကွ။
ထောင်ကျ ၂။                ။ဒီလောက်ထိ စိတ်ဆင်းရအောင် လုပ်ထားတာ သနားစရာပဲနော်။
ထောင်ကျ၁။                 ။အေးကွာ.. သူကို ထောင်မှူးက လက်မှတ်ထိုးခိုင်းတယ်လေ.. လက်မှတ်တချက်ထိုးလိုက်ရင် ထောင်က လွတ်မှာကွ။
ထောင်ကျ ၂။                ။ဟာ.. ဟုတ်လား. ဒါဆိုလည်း လက်မှတ်ထိုးလိုက်ရင် ပြီးတဲ့ဟာကိုဗျာ..
ထောင်ကျ ၁။                ။ဟ ကောင်ရ.. ဆရာစိုးမြင့်က မင်းတို့လို ငါတို့လို ခပ်ညံ့ညံ့ လူမျိုးမဟုတ်ဘူးကွ။ အများ အတွက် လုပ်တာ။ ကိုယ်ကျိုးလုပ်တာ မဟုတ်ဘူးလေ။ လက်မှတ်ထိုးခိုင်းတာကလည်း မှားပါတယ်။ နောက်မလုပ် တော့ ပါဘူး ဆိုတာမျိုး ထိုးခိုင်းတာ။ မတရားတာ မမှန်တာကို မှန်တဲ့ တရားတဲ့သူတွေက ဘယ်တော့မှ အရှုံးမပေး အလျော့ မပေးဘူးကွ…

အခန်း ၃
ကျေးလက်တောရွာလေး။ နေ့ ။ အိမ်အပြင်ဖက်။
သမီးလေးက အိုးပုတ်လေးများဖြင့် ဆော့ကစားနေ။ ကိုစိုးမြင့် ဇနီး ဆန်စပါးလုံးရွေးနေစဉ် သူငယ်ချင်း အမျိုးသမီး တဦးဝင်လာ..။

သူငယ်ချင်း။                  ။ယောင်းမရေ.. ညည်းယောင်္ကျားကို တွေ့လို့ရတော့မယ်ဆို..
ဇနီး။                             ။ဟုတ်တယ်သူငယ်ချင်းရေ.. မနက်က လူကြီးတယောက်လာပြောသွားတယ်။ တွေ့ခွင့်ရမယ် တယ်။ အဲဒါ ရန်ကုန်ကို သဘက်ခါလောက်သွားရမယ်။
သူငယ်ချင်း။                  ။ဟုတ်လား.. ညည်းတော့ ၀မ်းသာနေမှာပေါ့နော်။
ဇနီး။                             ။ယောင်္ကျားကို ထောင်ထဲမှာ သွားတွေ့ရတာဆိုတော့ ၀မ်းနည်းဝမ်းသာကြီးပေါ့ဟာ။ (ပြောရင်း အသံ အနည်းငယ် တုန်သွား) ငါ့ယောင်္ကျားကို တွေ့ချင်စိတ်ထက် သမီးလေးကို သူ့အဖေဆိုတာကို ပြချင် မြင်စေချင်တာ ပါဟာ..(အသံတိမ်သွား) (သမီးလေးကို တချက်ရိုက်ပြရန်။ ငေးကြောင်ကြည့်နေ)
သူငယ်ချင်း။                  ။အင်း. ဟုတ်တယ်နော်..။နင့်သမီးလေး သနားပါတယ်။ သူ့အဖေကို တခါမှမမြင်ဘူးရှာဘူး။ နင် သွားဖို့လာဖို့ရော အဆင်ပြေရဲ့လား..
ဇနီး။                             ။ငါ စုဆောင်းထားတာလေးတွေကတော့ ထောင်ဝင်စာအတွက် ၀ယ်ရမယ်လေ။ ဘလချောင် ကြော်၊ငါးပိကြော်၊ ငါးခြောက်ကြော်.. ပြီးတော့ သူ့အဖေကြိုက်တဲ့ ကြက်သားဆီပြန်လေးလည်း ချက်သွားရမယ်။ ဆေးပေါ့ လိပ်လည်း ၀ယ်ရမယ်.. နောက်ပြီး..
သူငယ်ချင်း။                  ။အေးပေါ့.. ဖျားတာနာတာဖြစ်ရင် သောက်ဖို့ ဆေးလေးဘာလေးလည်း ၀ယ်သွားဦးနော်..။
ဇနီး။                             ။အေးဟယ်.. ရန်ကုန်ကို မရောက်တာကြာတော့ သွားရမှာတော့ ခပ်လန့်လန့်ပဲ.. ငွေတော့ မလုံလောက်မှာစိုးလို့.. ငါ့နားကပ်လေး သွားပေါင်ပေးပါလား သူငယ်ချင်းရယ်.. ရသလောက်ပေါ့.. (ပြောရင်း နားကပ် ချွတ်ပေး)
သူငယ်ချင်း။                  ။အေး.. အေး.. ငါသွားပေါင်ပေးမယ်.. ငါးပိကြော်နဲ့ ဆေးပေါ့လိပ်တော့ ငါလုပ်ပေးလိုက်ပါ့မယ် သူငယ်ချင်းရယ်.. ညည်းတယောက်တည်း သမီးတယောက်နဲ့ ရုန်းရကန်ရတာ.. ငါကိုယ်ချင်းစာပါတယ်.. သမီး.. ဒေါ်လေးဆီ လာပါဦး.. သမီးက ဖေဖေကြီးနဲ့ တွေ့ရတော့မယ်နော်.. ၀မ်းမသာဘူးလား
(သမီးငယ်က ဘာမှမပြောတတ်ပဲ ငေးကြောင်ကြည့်နေပြီး အမေ့ထံ ကပ်သွား။ အမေက လှမ်းချီပြီး)
ဇနီး။                             ။သမီးလေး.. သမီးလေး သိပ်တွေ့ချင်တဲ့ သမီး ဖေဖေနဲ့ တွေ့ရတော့မယ်သိလား။
သမီး။                           ။သမီး ဖေဖေက ဘယ်မှာလဲဟင်..
ဇနီး။                             ။ဟိုး ရန်ကုန်မှာသမီးရဲ့.. အဝေးကြီးမှာ သွားတွေ့မယ်နော်
သမီး။                           ။ဖေကြီးက ဘာလို့ရန်ကုန်မှာနေတာလဲ..
ဇနီး။                             ။လူကြီးတွေက ဖမ်းထားလို့ သမီးရဲ့
သမီး။                           ။လူဆိုးတွေက ဖေကြီးကို ဖမ်းထားလို့လား။
သူငယ်ချင်း။                  ။ဟုတ်တယ်… ဟုတ်တယ်.. လူဆိုးတွေက သမီးဖေကြီးကို ဖမ်းထားတယ်။
သမီးသွားတွေ့မယ်မဟုတ်လား..။
သမီး။                           ။တွေ့မယ်.. တွေ့မယ်..
သူငယ်ချင်း။                  ။ဖေကြီးနဲ့တွေ့ရင် သမီးက ဘယ်လိုခေါ်မလဲ
သမီး။                           ။…………………
ဇနီး။                             ။ဖေဖေကြီး လို့ ခေါ်ရမယ်နော်.
သမီး။                           ။ဖေ  ဖေ   ကြီး.. ဖေဖေကြီး (တိုးတိုးလေးခေါ်ကြည့်)

အခန်း ၎
ထောင်တွင်း။ နံနက်ခင်းပိုင်း

ထောင်ကျ ၃။                ။ဗျို့.. ကိုစိုးမြင့်ကြီး.. ဒီနေ့ ထောင်ဝင်စာတွေ့ရမယ်ရက်နော်.. ၀မ်းသာလုံး ဆို့နေတယ်ဆို
ကိုစိုးမြင့်။                      ။ဟုတ်တယ် ဆရာကြီးရေ့.. သမီးနဲ့တွေ့ရတော့မယ်.. ဇနီး တွေ့ရတော့မယ်..  မတွေ့ဖူး သေးတဲ့ သမီးလေးနဲ့ တွေ့ရတော့မယ်ဗျ။ သမီးလေးက သူ့အမေတူဆို ချောမှာဗျ.. အဟီး
ထောင် ၃။                     ။ကိုစိုးမြင့် ၀မ်းသာအားရ မိသားစုကိစ္စပြောတာ ဒီတကြိမ်ပဲ မြင်ဖူးတယ်။
ကိုစိုးမြင့်။                      ။ဝမ်းသာတာပေါ့ဆရာရယ်.. ကျနော့်မှာ ဒီဇနီးနဲ့ မမြင်ဖူးသေးတဲ့ ဒီသမီးလေးပဲ သံယောဇဉ် ရှိတာ။ဒီသမီးလေးပဲ ကျနော့်ဘ၀အတွက် မျှော်လင့်ချက်ရှိတာပါ.. ကျနော့်တသက် မမြင်ရတော့ဘူးလို့ ထင်ထားတာ ပါ ဆရာကြီးရယ်..
ထောင် ၃။                     ။ဘာပဲဖြစ်ဖြစ် ဒီနေ့ တွေ့ရတော့မယ်မဟုတ်လား။ ခင်ဗျားအတွက် ၀မ်းသာတယ်ဗျာ။
ကိုစိုးမြင့်။                      ။ဟုတ်ကဲ့ဆရာကြီး။ အပြန်ကျရင် စားမြိန်ထုပ်စားဖို့သာ အသင့်ပြင်ထားဆရာကြီးရေ။
ထောင် ၃။                     ။မစားရလည်း မင်းပျော်နေတာမြင်ရတာကိုပဲ ဗိုက်ဝသွားပါပြီကွာ..
ထောင် ၃။                     ။(တကိုယ်တည်းပြော)သြော်.. မိဘမေတ္တာ.. မိဘမေတ္တာ.. ဘယ်လောက်ပဲ ပြင်းထန် မာကျော တဲ့ စိတ်ဓါတ်ရှိတဲ့သူဖြစ်ဖြစ် သားသမီးနဲ့ ဆိုရင် နူးညံ့သိမ့်မွေ့ပြီး ကျက်သရေရှိသွားတော့တာပဲ။ ဒုက္ခဆင်းရဲတွေ လွတ် ငြိမ်းကြပါစေ။ ဓမ္မက အဓမ္မကို ကျော်လွှားနိုင်ပါစေ..။ လူအချင်းချင်း နှိမ်စက်ခြင်း ကင်းရှင်းကြပါစေ..။ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ..။

အခန်း ၅
ထောင်အပြင်ဖက်။

ကိုစိုးမြင့်ဇနီးနှင့်သမီး ထောင်စင်စာ လာတွေ့သည့်အခန်း
အနီးတွင် တခြားဧည့်လာတွေ့သူအချို့ရှိနေသင့်သည်။ ကိုစိုးမြင့်ဇနီးက ပစ္စည်းအချို့နှင့်အတူ သမီးလေးအား ဘေးတွင်အတူထိုင်နေ။ သမီးလေးက မမြင်တွေ့ဖူးသည်များကို အထူးအဆန်းဖြစ်နေ။ (စကားတတ်သည့်ကလေးဖြစ်က တီတီတာတာ ပြောနေ မေးနေလျှင် ပိုကောင်းသည်)

ဇနီး။                             ။ဖေကြီးနဲ့တွေ့ရတော့မယ်သမီးလေးရဲ့။ မပျော်ဘူးလား
သမီး။                           ။ပျော်တယ်။ဖေဖေကြီး… (ဖေဖေကြီး.. ဖေဖေကြီး.. ဖေဖေကြီးကို ချစ်တယ်.. )
ထိုစဉ် ယူနီဖေါင်းဝတ် တဦး အနီးမှဖြတ်သွား။ ကလေးက ယူနီဖေါင်းဝတ်မမြင်ဖူးသဖြင့် အထူးအဆန်းကြည့်..
လက်ညှိုးထိုးပြီး……… ဖေဖေကြီး.. ဖေဖေကြီး..
(ယူနီဖေါင်းဝတ် ကြောင်ကြည့်ပြီး ပြုံးစိစိနှင့် ထွက်သွား။ )
ကိုစိုးမြင့်ဇနီးရှက်သွား။ ကလေးဖက်လှည့်ပြီး..
ဇနီး။                             ။အဲဒါဖေဖေကြီး မဟုတ်ဘူးသမီးရဲ့ ဖေဖေကြီးလာတော့မယ်နော်.. ခဏစောင့်နော်.. ရော့ မုန့်လေးစားထားနော်..
သမီး။                           ။မုန့်မစားဘူး။ ဖေကြီးပဲ တွေ့ချင်တယ်..(ဖေဖေကြီး.. ဖေဖေကြီး.. ဖေဖေကြီးကိုချစ်တယ်..)
ဇနီး။                             ။အေး.. အေး.. နင့်အဖေလာတော့မယ်နော်..
ထိုစဉ် နောက်ထပ် ယူနီဖေါင်းဝတ်တဦးဝင်လာ.. သမီးက ၀မ်းသာစွာ..
သမီး။                           ။ဖေဖေကြီး.. ဖေဖေကြီး..
ယူနီဖေါင်းဝတ်များလှည့်ကြည့်.. ကလေးနှင့်အမေအားတွေ့သွား.. ပြီတီတီ မျက်နှာပေးဖြင့်.. (ဟီး… သမီးက အဖေလိုနေတယ်ထင်တယ်.. )ဟု ပြောသွား….
ဇနီး။                             ။( ရှက်သွားပြီး) .. သမီး..  နင့်အဖေ မဟုတ်ဘူးလို့ ပြောနေတယ်မဟုတ်လား.. ကဲဟယ်.. ဒီလောက်ဖြစ်တာ.. (ဖြန်း   ကနဲ တင်ပါးကိုရိုက်လိုက်ပြီး..) ဖေဖေကြီး ဦး… ဖေဖေကြီးဦး.. )
(သမီး ၀မ်းသာနေရာမှ ရုတ်တရက် မျက်နှာညှိုးကျသွား။ နားမလည်စွာ. ၀မ်းနည်းစွာ…) ဘာစကားမှမပြောတော့…
ထိုစဉ် ထောင်ဝါဒါတဦးရောက်လာ။ ကလေး ဘာမှမပြောတော့။
ဝါဒါ။                             ။ထောင်ကျ ကိုစိုးမြင့် ဧည့်တွေ့။ အလှည့်ကျပြီ..
ဇနီး။                             ။ဟုတ်… ဟုတ်ကဲ့ .. သမီးလေး.. လာလာ… သမီးဖေဖေနဲ့ တွေ့ခွင့်ရတော့မယ်.. လာ.. လာ.. သမီးလေး.. လာ.. (၀မ်းသာစိတ်လှုပ်ရှားစွာ သမီးကို လက်ဆွဲပြီး ထ လိုက်သွား။ သမီးမျက်နှာမကြည်လင်ဖြစ်နေသည်ကို သတိမထားမိလိုက်။)

အခန်း ၆
ထောင်ဝင်စာတွေ့ (နောက်ဆုံးခန်း)
တဖက်တွင် ကိုစိုးမြင့်။တခြား တဖက်တွင် ဇနီးနှင့် သမီး။ (ကင်မရာ အပေါ်စီးမှ၊ နောက်.. ဘယ် ညာ တဆက်တည်းအကူးကို  ကရိန်းဖြင့် ရိုက်နိုင်လျှင် ပိုကောင်းမည်။)
ဇနီး။                 ။ကိုစိုး။ ရှင်ပိန်သွားတယ်နော်။ နေရောကောင်းရဲ့လား။
စိုး။                   ။ကောင်းတယ် ညီမလေး.. ဒါ.. ကိုစိုး သမီးလေးလား… သမီး.. သမီး..
ဇနီး။                 ။ဟုတ်တယ်.. သမီးလေးတောင် ၅ နှစ်ပြည့်တော့မယ်.. သမီး… သမီးလေး သိပ်တွေ့ချင်တဲ့ ဖေဖေကြီး.. လေ.. ဖေဖေကြီးလို့ ခေါ်လိုက်.. ညကဆို တညလုံး ဖေဖေကြီး ဖေဖေကြီးနဲ့ ခေါ်နေလိုက်တာ.. တရေးနိုးတော့ ဖေဖေ ကြီးဆိုပြီး ထ ဖက်သေးတာ..
စိုး။                   ။ဟုတ်လားသမီး.. သမီးလေး.. သမီးလေး..
သမီး။               ။………………………။
ကလေးငယ် ဘာမှ မပြော။ မျက်နှာတွင် မျက်ရည်များ။
စိုး။                   ။သမီး… သမီး.. သမီးဘာဖြစ်လို့ ငိုနေတာလဲ.. ဖေကြီးလေ..
ဇနီး။                 ။သမီးလေး.. သမီးလေး အရမ်းတွေ့ချင်နေတဲ့ သမီးဖေကြီးလေ..
သြော်.. ခုနက တွေ့သမျှ ယူနီဖေါင်ဝတ်တွေကို ဖေဖေကြီး လိုက်ခေါ်နေလို့ မခေါ်ဖို့ ရိုက်လိုက်မိတာ.. သမီးလေး.. ဒါမှ သမီး ဖေဖေကြီးလေ.. ဖေဖေကြီးလို့ခေါ်လိုက်နော်.. သမီးတွေ့ချင်တယ်ဆိုတဲ့ သူရဲကောင်း ဖေဖေကြီးလေ.. ဖေကြီးလို့ခေါ်လိုက်.. နော်။ (ငိုသံပါကြီးဖြင့်ပြော)
သမီး။               ။ ၀ါး…………… (အားပါးတရ အော်ငို။ )
ဇနီး။                 ။သမီး .. အဟင့်.. အဟင့်.. သမီးသိပ်ခေါ်ချင်တဲ့ ဖေဖေကြီးလို့ ခေါ်….လိုက်…. အဟင့်….
စိုး။                   ။သမီးလေး.. သမီးလေး……………….(ပြောနေရင်း စိတ်မထိန်းနိုင်ပဲ မျက်ရည်များစီးကျလာ)
သမီး။               ။ဝါး.. (အားလုံးမျက်ရည်ကိုယ်စီဖြင့်)

နောက်ခံသီချင်းသံထွက်လာ

ဖေဖေကြီး.. ဖေဖေကြီး.. ဖေဖေကြီးကို ချစ်တယ်..
ဖေဖေကြီး.. ဖေဖေကြီး.. ဖေဖေကြီးကို ချစ်တယ်..
ဖေဖေကြီး.. ဖေဖေကြီး.. ဖေဖေကြီးကို ချစ်တယ်..


ပြီး

သူရိန်ထက် (မေ ၅၊ ၂၀၁၀)
အဘဟံသာဝတီ ဦးဝင်တင်ရဲ့ ဘာလဲဟဲ့ လူ့ငရဲ စာအုပ်ထဲက “ဖေဖေကြီးနဲ့ သမီးလေးရဲ့ဟီးရိုး” (စာ ၂၅၁-၂၅၂-၂၅၃)ကို ခံစားဖန်တီးပါတယ်။ ဆရာကြီးရေးတဲ့ မူရင်းဖြစ်ရပ်၊ မူရင်းစာတွေကို မမှီတာကိုတော့ ၀န်ခံပါတယ်။ ကာယကံရှင်တွေဆီက ခွင့်ပြုချက်မယူနိုင်တာလည်း တောင်းပန်ပါတယ်။) (ဇာတ်ညွှန်းကြမ်းဖြစ်ပါတယ်။ ထီပေါက်ရင် ရိုက်ကူးရန် ရည်ရွယ်ထားပါကြောင်း)

Comments