Kyaw Thu - FFSS Yangon Activity (28th February 2011)

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
မတ် ၁၊ ၂၀၁၁

 
 တရွာမပြောင်း သူကောင်းမဖြစ်

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၁၀.၃.၂၀၁၁ (ကြာသပတေး) နေ့တွင် မျိုးဆက်သစ်ကလေးငယ်များ အတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ဒုတိယအကြိမ်အဖြစ် စတင်၍ သင်ကြားပို့ချပေးတော့မည် ဖြစ်သည်။ သင်တန်းတက်ရောက်လိုသော တတိယတန်းမှ အဌမတန်းအရွယ် ကလေးငယ်ပေါင်း ၃၀၀ ဦးခန့် လာရောက် စာရင်းပေးသွင်းပြီး ဖြစ်ပါသည်။

 
ယင်းကလေးငယ်များအား ၅.၃.၂၀၁၁ (စနေ) နေ့တွင် သင်တန်း Levels ခွဲခြားရန်အတွက် စမ်းသပ်ဖြေဆိုမှုများ ပြုလုပ်၍ အတန်းခွဲ ၆ ခု ခွဲခြားကာ သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။ 

 
၂၀၁၀ ခုနှစ် ပထမအကြိမ် အခြေခံအင်္ဂလိပ်စာသင်တန်းတွင် ကလေးငယ်ပေါင်း ၄၀ ဦးခန့်သာ ရှိခဲ့သောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း အဆောက်အဦအပေါ်ထပ်တွင် သင်ကြားမှုကို အသင်းသားများဖြစ်သော လူမှုရေး ဆရာ/မများ၏ အကူအညီဖြင့် ကုသိုလ်ဖြစ် သင်ကြားပေးနိုင်ခဲ့သည်။ ယခု ကလေးငယ်ပေါင်း ၃၀၀ ဦး ခန့် တိုးပွားလာသည့်အတွက် အခြေခံ အင်္ဂလိပ်စာသင်တန်း သင်ကြားမည့် စေတနာဝန်ထမ်း ဆရာ/မများလည်း လိုအပ်လျှက် ရှိပါသည်။ စိတ်ပါဝင်စား၍ သင်ကြားလိုသည့် စေတနာ့ဝန်ထမ်း ဆရာ/မများသည် နာရေးကူညီမှု အသင်း(ရန်ကုန်) ၅၈၀၁၃၃၊ ၅၈၁၃၆၃၊ ၀၉-၈၆ ၄၀၂၂၀ သို့လည်းကောင်း၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ လာရောက်စုံစမ်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။


ထပ်မံ၍ ၁၄.၃.၂၀၁၁ မှ ၁၈.၃.၂၀၁၁ နေ့ရက်များတွင် ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာ ကလေး သင်တန်းနှင့် ဧပြီလတွင်လည်း မျိုးဆက်သစ်ကလေး ပန်းချီသင်တန်းတို့အား ပညာရှင်ကြီးများမှ လာရောက် သင်ကြားပို့ချမည်ဖြစ်သည်။ 


ထို့အပြင် မျိုးဆက်သစ်ကလေးငယ်များ သက်တောင့်သက်သာစွာဖြင့် ပညာသင်ကြားနိုင်စေရန် သင်တန်းခန်းမများအား ထပ်မံ၍ အလိုရှိသောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ် ဆေးခန်း အပေါ်ထပ်ရှိ “သုခအလင်း” စာကြည့်တိုက်၊ ပြန်ကြားရေးဌာနအခန်းနှင့် ဘုရားခန်း (အစည်းအဝေးခန်းမ) တို့အား ယခု ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်သည့် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်အဆောက်အဦသို့ သက်ဆိုင်ရာပစ္စည်းများ၊ စာအုပ်/စာပေများ၊ ကွန်ပျူတာ ပစ္စည်းများ၊ ဘီဒိုများ အစရှိသည်တို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေး အသင်းသား/သူများ၏လုပ်အားဖြင့် စုပေါင်း၍ ၂၇.၂.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် ပြောင်းရွေ့ခဲ့ကြပါသည်။

“သုခအလင်း” စာကြည့်တိုက်သည် ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့တွင် ၁ နှစ်သား အရွယ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ယင်း ၁ နှစ်သားအရွယ် “သုခအလင်း” စာကြည့်တိုက်အား မျိုးဆက်သစ် လူမှုရေးသမားများ၏ စည်းလုံးခြင်းအင်အား၊ ဖေးမမှုအကြင်နာတရားတို့ဖြင့် လက်ရှိ “သုခအလင်း” စာကြည့်တိုက်ထက် ပိုမို၍ကျယ်ဝန်းသော ဧရိယာခန်းမ၊ ပိုမို၍အသိပညာ ပွားများစေမည့် စာအုပ်/စာပေများဖြင့် နောင်တချိန်တွင် နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံ၏ သားကောင်း သမီးကောင်းများကို ဖော်ထုတ်မွေးဖွားနိုင်ရန်အတွက် ယခုကဲ့သို့ တရွာမပြောင်း သူကောင်းမဖြစ်ဆိုသည့် စကားအတိုင်း ကောင်းမြတ်သော နေရာရွေ့ပြောင်းမှုကို မင်္ဂလာရှိစွာဖြင့် လုပ်ဆောင်ခဲ့ကြပါသည်။

 
 ဂါရဝတရား

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ၁၀ နှစ် ပြည့်ခဲ့ပြီဖြစ်သလို အများပြည်သူတို့အတွက် အခမဲ့ ဆေးဝါးကုသပေးခဲ့သော “သုခကုသိုလ်ဖြစ် ဆေးခန်း” သည်လည်း ၂၀၁၁ ခုနှစ်၊ မတ် ၂ ရက်နေ့တွင် ၄ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှ စ၍ ကျန်းမာရေးဝန်ဆောင်မှုများ၊ ဆေးဝါးကုသပေးမှုများ၊ တကြိမ်တည်း အသက်နှစ်ချောင်း ကယ်ရာရောက်သည့် ခွဲစိတ်မွေးဖွားမည့် ကိုယ်ဝန်ဆောင်မိခင်များအား ကူညီဖေးမခွဲစိတ် မွေးဖွားပေးမှုများကို လုပ်ဆောင်ပေးခဲ့ရာမှ ယခုဆိုလျှင် ဓာတ်ခွဲခန်း၊ ရောဂါရှာဖွေရေး တီဗီ ဓာတ်မှန်ခန်း၊ သွားရောဂါကုသမှု၊ မျက်စိဝေဒနာရှင်များအား ကုသပေးမှု၊ ကလေးအထူးကု၊ အရေပြား အထူးကု၊ နား နှာခေါင်း လည်ချောင်း အထူးကု၊ အပ်စိုက်အထူးကု၊ အရိုးအကြော အထူးကုနှင့် အထွေထွေရောဂါ ကုသမှုများအပြင် မျက်စိခွဲစိတ်ခန်းအားလည်း ၂၀၁၁ ခုနှစ်၊ ဧပြီလ အတွင်းတွင်စတင်၍ ခွဲစိတ်ပေးမှုများကို လုပ်ကိုင်ဆောင်ရွက်တော့မည် ဖြစ်ပါသည်။

သုခကုသိုလ်ဖြစ်ဆေးခန်း (၄) နှစ်ပြည့် အခမ်းအနားအား ၂၇.၂.၂၀၁၁ (တနင်္ဂနွေ) နေ့၌ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းသို့ အားကိုးတကြီးဖြင့် လာရောက် ကုသကြသော လူနာများအား မေတ္တာ၊ ဂရုဏ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြု၍ အခမဲ့ လာရောက်ကုသပေးခဲ့သော လူမှုရေးဆရာဝန်ကြီး/ဆရာဝန်မကြီးများ ၄၈ ဦးတို့၏ ကျေးဇူးတရားများအား မှတ်တမ်းတင် ဂါရဝပြုအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်း အခမ်းအနားတွင် ကြွရောက်လာကြသော ဆရာဝန်ကြီးများ/ဆေးပညာရှင်များအား ဂုဏ်ပြု လက်ဆောင်များပေးအပ်၍ ကြက်သားပလာတာဖြင့် သုခအဟာရ စားသောက်ဆောင်တွင် ဧည့်ခံကျွေးမွေးခဲ့ပါသည်။
 
 
သုခကုသိုလ်ဖြစ်ဆေးခန်း ၄ နှစ်ပြည့် အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်မှ ကျေးဇူးတင်စကား ပြောကြားခြင်းတို့အပြင် ဆရာဝန်ကြီးများ/ဆေးပညာရှင်များ၏ အကြံပြုချက်များကို သုခကုသိုလ်ဖြစ် ဆေးခန်း ဆေးကော်မတီအဖွဲ့ဝင်များမှ ရှေ့ဆက်၍ အများပြည်သူတို့၏ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဆထက်တိုး၍ ကူညီဖေးမ ကုသမှုများပြုလုပ်နိုင်ရန် ဆွေးနွေး ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ပါသည်။ ယင်း ဆွေးနွေးညှိနှိုင်းမှုများကို အကောင်အထည်ဖော် ဆောင်ရွက်မှုပြုလုပ်ရန် သုခကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ/ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ အလုပ်အမှုဆောင်အဖွဲ့၊ ဆေးကော်မတီအဖွဲ့ဝင်များအား ပြောကြားခဲ့ပါသည်။


Comments