Aung Tha Nge's poem – 22

လွဲမှား တိမ်တိုက်များ ...
အောင်သာငယ်
ဧပြီ ၂၉၊ ၂၀၁၁

ငါတို့ဟာ
ဘဝရဲ့ အဓိပ္ပာယ်မရှိမှုတွေ ကြားထဲမှာ
လွဲမှားမှုတွေရဲ့ အဓိပ္ပာယ်ကို အဓိပ္ပာယ်ရှိရှိ ရှာခဲ့ရ ...

နင်ရော ငါရော ...
လွှင့်ချင်ရာကို လွှင့်ရင်း ... က ...
လွင့်ချင်ရာကို လွင့်ခဲ့ရတဲ့ ... ကြိုးပြတ် စွန် နှစ်ကောင် ...


ဒဏ်ရာ တထောင်ကို ထမ်းပိုးထားတဲ့ စာမျက်နှာတခုစီသာ ...
မရီမောနိုင်သော စိုထိုင်းဆတွေ အကြီးကြီးနဲ့ ...
ငါတို့ရင်မှာ သိပ်သည်းနေတော့တယ် ...

နာကျင်ခြင်းများ နှင်းလို ခုန်ချလာကြတဲ့အခါ ...
ပျော်ရွှင်ခြင်းများစွာ ရင်ခွဲ အသည်းထုတ် နေလှန်းရ ...

ကြေကွဲခြင်းများ မိုးလို ပြိုကျလာကြတဲ့အခါ ...
စိုပြည်ခြင်းများကို အကြေးလှန် အရေဆုတ် မီးနဲ့ ဖုတ်ရ ...

ဟုတ် - ဟုတ် မဟုတ် - ဟုတ် ...
ဟုတ်တော့ ဟုတ်နေခဲ့ပါပြီ - ဟု အမည်ရသော ဘဝ ...
ငါ့ လက်ထဲမှာ ...
နင့်လက်ထဲမှာ ...

နင့် ကော်ဖီ သောက်ချိန်က ..
ငါ့ ဘီယာ သောက်ချိန် ...

နင် ဝိုင်တခွက် သောက်နေစဉ်မှာ ...
ငါက အင်နာဂျီဒရင့်တလုံး သောက်နေ ...

နင် မနက်စာ စားတော့ ...
ငါက ညနေစာကို ဘီယာများနဲ့ မျှောချ ...

ငါ နိုးထ ချိန်မှာ ...
နင်က အိပ်ပျော်နေ ...

ငါ အလုပ်သွားချိန်မှာ ...
နင်က အိမ်ပြန်ပြီ ...

ငါ့နေ့က နင့်ညတွေထဲမှာ လှပပြီး
ငါ့ညတွေက နင့်နေ့ရက်ထဲမှာပဲ ပျော်ဝင်နေ ...

တို့နှစ်ယောက်အကြားမှာ
ဘယ်အခါများမှ
ညီမျှခြင်းတခုက ပြုတ်ကျလာပါ့ ...

သရုပ်ဖော် - အောင်ထက်

Comments