meeting of the political prisoners' families


ရင်ဆိုင်ရမယ့် လမ်း
ခင်နှင်းလွင်
ဇွန် ၁၃၊၂၀၁
သုမိတ္တာ ၄ လမ်း ဘယ်ဘက်မှာလဲလို့ မေးလိုက်တဲ့အခါမှာ ဆိုက်ကားဆရာက ဟိုဘက်က ရပ်ကွက်ပဲလို့ ညွှန်ပြပါတယ်။ သူညွှန်တဲ့ဘက်ကို ကြည့်လိုက်တော့ မီးရထားလမ်းရဲ့ တဖက်မှာရှိတဲ့ အိမ်တန်း ခပ်နိမ့်နိမ့်တွေကို မြင်လိုက်ရပါတယ်။ ကားလမ်းကိုကူး မီးရထားလမ်းကို ဖြတ်ပြီး အ၀င်လမ်းမှာ လဘက်ရည်ဆိုင် ခပ်ကြီးကြီး နှစ်ဆိုင်ကို ကျော်ဖြတ်ပြီးနောက် လက်ဝဲဘက်ကို ချိုးဝင်လိုက်ကာ လမ်းနံပါတ်တွေကို ကြည့်သွားပါတယ်။

၈၈ကျောင်းသားခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်း အိမ် ဆိုပြီး လိုက်ရှာလိုပေမဲ့ ရပ်ကွက်ထိပ်မှာ တွေ့ရတဲ့ ဆိုင်ကယ် လိမ္မော်ရောင် တစီး နှစ်စီးကြောင့် မမေးတော့ဘဲ ဖုန်းဆက်မေးထားတဲ့ အိမ်လိပ်စာနဲ့ပဲ တအိမ်ပြီးတအိမ် လိုက်ရှာလိုက်ရပါတယ်။ လူနေရပ်ကွက်မှာ ဆိုင်ငယ်လေးတွေ၊ ရေစပ်စပ်နဲ့ မှောင်နေတဲ့ အိမ်နိမ့်နိမ့်တွေ စီရရီ တန်းနေပါတယ်။ လမ်းထဲ အတန်ငယ်ဝင်ပြီးနောက် ပြောထားတဲ့ အိမ်နံပါတ်ကို ရှာရင်း ကွန်ကရစ် ခံ ပျဉ်ထောင်အိမ်လေးထဲ လူအုပ်နဲ့ စကားသံတွေကြားတော့ ဒီအိမ်ပဲ ဖြစ်မှာလို့ ကောက်ချက်ချရင်း လှမ်းဝင်လိုက်ပါတယ်။


ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ (ABFSU (FAC) Photo)
အောက်ထပ်ရော အပေါ်ထပ်မှာပါ လူသံတွေနဲ့ ဆူညံနေပြီး ရုတ်တရက်ဝင်လာသူကို စူးစမ်း ကြိုဆိုတဲ့ အကြည့်တွေကို သူတို့ရဲ့မျက်ဝန်းမှာ တွေ့လိုက်ရပါတယ်။


အသက် ၆၀ ကျော်တန်းအရွယ် လူကြီးတဦးက ဖေါ်ရွေစွာပဲ `ဧည့်သည်လာတယ် ကြိုဟေ့´လို့ ပြောရင်း နောက်ရောက်လာသူတွေကိုလည်း လှမ်းကြို နှုတ်ဆက်ရင်း အပေါ်ထပ်ကို တက်ဖို့ ဖိတ်ခေါ်ပါတယ်။ သိပ်ပြီး မကျယ်ဝန်းတဲ့ အပေါ်ထပ်မှာတော့ တထပ်လုံး လူတွေနဲ့ ပြည့်ကျပ်နေပါတယ်။ အိမ်အပေါ်ထပ် အခန်းက သိပ်မကျယ်ပေမယ့် လူက အပြည့်ဖြစ်နေတာပါ။ တယောက်နဲ့တယောက် တိုးဝှေ့ထိုင်နေရတဲ့ အတွက် တယောက်ပေါင်ပေါ် တယောက် ထပ်နေရပါတယ်။ ဒီမြင်ကွင်းကတော့ နိုင်ငံရေးမိသားစုဝင်တွေအဖို့ ခံယူချက်တွေ မျှော်လင့်ချက်တွေ မတူညီသော်လည်း အကျဉ်းအကျပ်ထဲ ရောက်လေ တယောက်နဲ့တယောက်ပိုမို ပွေ့ဖက်မိကြတဲ့ အဖြစ်ကို ညွှန်းဆို နေသလိုပါ။

အကျဉ်းသားမိသားစုဝင် တယောက်ပြောတဲ့ မိသားစုဝင်တွေ အခုလို စည်းစည်း လုံးလုံးနဲ့ တွေ့ဆုံနေကြတာကို အထဲက လူတွေကြားရင် သိပ် အားတက်မှာပဲလို့ ပြောတဲ့စကားဟာ အားလုံးကို တစည်းတလုံးထဲ ဖြစ်အောင် ခံစားလိုက်ရပါတယ်။

(Mother of Ko Panake Tun)

ပထမဆုံး အနေနဲ့ အိမ်ရှင်ဖြစ်တဲ့ ကိုပဏ္ဍိတ်ထွန်း အမေက သူ့ကိုယ်သူ မိတ်ဆက်ပြီးနောက်မှာ အခြားနိုင်ငံရေး အကျဉ်းသားဟောင်းများဖြစ်တဲ့ မေလ ၁၇ ရက်နေ့က လွတ်လာတဲ့ ကိုကြည်ဖြူက သူ့ရဲ့ခံစားချက်ကို ပြောပါတယ်။

`ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ ရဲဘော်တွေအမြန်ဆုံး လွတ်မြောက်လာစေချင်ပါပြီ။ ဒီလိုမှ မဟုတ်ရင် ကျနော်တို့ တိုင်းပြည်ဟာ မကြာတော့တဲ့ အနာဂတ်မှာ ဆိုးဆိုးဝါးဝါး ဖြစ်စဉ်တွေ ကြုံရပါတော့မယ်။ ဒါဟာ တိုင်းပြည်အပေါ်ထားတဲ့ ကျတော်တို့ရဲ့ စိုးရိမ်စိတ်ပါ´လို့ ပြောပြသွားခဲ့ပါတယ်။

ကိုပဏ္ဍိတ်ထွန်း ရဲ့ မိခင်ဖြစ်သူဟာ ရင်ထဲမှာ သားကို သတိရခြင်းနဲ့ ပူပင်မှုတွေ ပြည့်နေမှာ မလွဲသလို အခြားသော သူတွေရဲ့ ခံစားချက်တွေကိုလည်း မျှဝေ ခံစားတတ်သူ တဦး အဖြစ် မြင်တွေ့ရပါတယ်။ စကားဝိုင်းကို သူကပဲ ဦးဆောင်ပြီး အတွင်းမှာကျန်ခဲ့တဲ့ ရဲဘော်တွေအတွက် ခံစားမှုနဲ့ တင်းမာနေတဲ့ မျက်နှာတွေကို ဖြေလျော့စေအောင်လည်း စကားနဲ့ ပြေအောင်လည်း ပြောတတ်သူပါ။ ယနေ့ တွေ့ဆုံတဲ့ ၀ိုင်းကို ဦးဆောင်သွားတာက သူပဲ လို့တောင် ဆိုရမှာပါ။
(Ko Myo Khin, Yan Kin, Former Political Prisoner)

မကြာခင်ကမှ လွတ်မြောက်လာတဲ့ ရန်ကင်းမြို့နယ်မှ ကိုမျိုးခင်ကလဲ `ကျနော့် အမျိုးသမီးကိုပြောတယ် ငါ့ရဲ့ အိမ်ပြန်ခြေလှမ်းတွေဟာ မင်းရင်ခွင်ကို နွေးထွေးဖို့ လာတာ မဟုတ်ပါဘူး။ အထဲမှာ ကျန်ခဲ့တဲ့ ရဲဘော်တွေ လွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင် ခြေလှမ်းတွေ ဖြစ်တယ် လို့။ ဆုတောင်းနေလို့ မဖြစ်ပါဘူး ကျနော် စိတ်ရောကိုယ်ပါ ကြိုးစားသွားပါမယ်လို့´သူ့ရင်ထဲက ခံစားချက်ကို ကဗျာဆန်ဆန် ပြောပြသွားပါတယ်။

တောင်ကြီးထောင်မှ လွတ်လာသူ တဦးကလဲ အင်းစိန်ထောင်တွင် ဆေးဝါးကုသမှု နောက်ကျမှုကြောင့် သေဆုံးသွားရတဲ့ ကိုကျော်စိုး အကြောင်းကို မှတ်မှတ်ရရ ခံစားချက် အပြည့်နဲ့ ပြောပြခဲ့ပါတယ်။ နှစ်ရှည်လများ ထောင်ဒဏ် ကျခံရတဲ့အတွက် ကျန်းမာရေး ချို့တဲ့နေတဲ့ အကျဉ်းသားတွေအတွက် မြန်မာနိုင်ငံရဲ့ ထောင်များဟာ ဘယ်တော့မှ ဆေးဝါး ပြည့်စုံ လုံလောက်မှုကို မရရှိနိုင်ကြပါဘူး။ ဒီအတွက်လဲ အကျဉ်းသား မိသားစုဝင်တွေဟာ အထဲက တစုံတခု ဖြစ်ပြီကြားရင် မျက်ကလဲဆန်ပြာ အထိတ်တလန့် ဖြစ်ကြရပါတယ်။

`တွေ့ရင် အမြဲမှာတဲ့ စကားက ကျန်းမာရေးဂရုစိုက်ပဲ´ လို့ အကျဉ်းသားမိသားစုဝင် တဦးက ပြောပါတယ်။ သူတို့အတွက် မိမိတို့ခင်ပွန်း သားသမီးများ ကျန်းမာစွာနဲ့ အိမ်ပြန်ရောက်နိုင်တာကတော့ အကြီးဆုံး ဆုလာဘ်ပါပဲ။

ကိုပြုံးချို ရဲ့ ဇနီးမှ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဆုတောင်းနေစဉ် (ABFSU (FAC) Photo)

ကော့သောင်းထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် နိုင်ငံရေးသမား ကိုပြုံးချိုရဲ့ ဇနီးကတော့ `ကျမတို့ ဒီစိတ်ဓါတ်ကို ၈၈ ကတည်းက ရှိတာပါ။ ဒီစိတ်ဓါတ်ကို ထပ်မြှင့်တင်ပေးတာက မန္တလေးထောင်မှာ ဆုံးသွားတဲ့ သက်ဝင်းအောင်ပါ။ ကျမ သူ့အလောင်းကိုကြည့်တဲ့ အခါမှာ “အမ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်ထမ်းဆောင်” လို့ ပြောနေသလိုပဲ ခံစားရတယ်´လို့ ပြောရင်း ၀မ်းနည်းသံနဲ့ တုန်ရင်လာပါတယ်။

ကိုသက်ဝင်းအောင်၊ ကိုကျော်စိုးတို့လို မိသားစုကို အပြီး အပိုင် ခွဲခွာသွားတဲ့သူတွေ ရှိသလိုပဲ ကိုယ့်ရင်သွေးကို ငယ်စဉ် ကလေးဘ၀ကတည်းက ထားခဲ့ရပြီး ထောင်ထဲမှာ နှစ်ရှည်လများ အကျဉ်းကျခံနေရတဲ့ သူတွေလည်း မရှားပါ။ စစ်အစိုးရက နိုင်ငံရေး လုပ်သူတွေကို နှစ်ရှည်လများ အကျဉ်းချထားတာကြောင့် သားသမီးတွေ အရွယ် ရောက်လာတဲ့ အထိ ဖခင်ဖြစ်သူနဲ့ တနှစ်ပြည့်အောင် အတူ မနေဖူးတာလည်း ရှိပါတယ်။

အဲဒီအဖြစ်နဲ့ ကြုံရသူက ယခု သာယာဝတီထောင်မှာ ထောင်ဒဏ်နှစ်ရှည် ကျခံနေရတဲ့ ဦးစိုးမြင့်ရဲ့ သမီးဖြစ်သူပါ။ သူမကို ၁၁ လ သမီးနဲ့ ထားခဲ့ရပြီး ခရီးရှည် ထွက်သွားတဲ့ ဖခင်ကို ပြန်လည်တွေ့ဆုံလိုကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ အခုအခါမှာတော့ သူမဟာ အသက်၂၀ နှစ် ကျော်လာပါပြီ။

နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေမှာ ခင်ပွန်း၊ ဖခင် ဒါမှမဟုတ် သား သမီးဖြစ်သူတွေကို မိသားစုအထဲမှ အတင်း ဆွဲခေါ်ခံရတဲ့နောက် ကျန်ခဲ့သူမိသားစုရဲ့ ဘ၀တွေကို ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိခဲ့ကြပါတယ်။ အထက်မှာ ဖေါ်ပြခဲ့တာက စိတ်ဓါတ်ပိုင်းဆိုင်ရာတွေ ဖြစ်ပြီး ရုပ်ဝတ္တုပိုင်း၊ အိမ်ရဲ့ စီးပွားရေး၊ သားသမီးရဲ့ ပညာရေးတွေကိုပါ ထိခိုက်တဲ့ အဖြစ်တွေလည်း မနည်းလှပါဘူး။

နိုင်ငံရေး မိသားစုလို့ ခေါ်ရမလောက်အောင် မိသားစု မောင်နှမတွေထဲမှ ၅ ယောက် လောက် ထောင်ထဲ ဆွဲထည့် ခံထားရတဲ့ အန်တီစုတို့ ညီအစ်မတွေအဖို့ဆို ကျန်ရစ်ခဲ့တဲ့ မြေးတွေကို ထိန်းရင်း ထောင်ဝင်စာတွေ့ဖို့ တဦးပြီး တဦး မြန်မာပြည်လှည့်ကာ သွားနေရတော့ ၀င်ငွေရဖို့ အလုပ် လုပ်ချိန်တောင် မရှိတော့ပါဘူး။

ထို့အတူပဲ အားကစား သတင်းအယ်ဒီတာ ဖြစ်သူ ကိုဇော်သက်ထွေးရဲ့ ဇနီးဖြစ်သူအဖို့လည်း ခင်ပွန်းဖြစ်သူ ၂ ကြိမ် အဖမ်းခံရတဲ့ အချိန်တွေမှာ မိသားစုရဲ့ အောင်မြင်နေတဲ့ စီးပွားရေးက နောက်ပြန်လန်ကျသွားရတဲ့ အဖြစ်မျိုးလို့ ယနေ့ နိုင်ငံရေး အကျဉ်းသားမိသားစုတွေ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

ပထမတကြိမ် နိုင်ငံတော်ပုန်ကန်မှုနဲ့ အမှုဆင် ဖမ်းဆီးခံရစဉ် ကိုဇော်သက်ထွေး ရှယ်ယာပါဝင်ခဲ့တဲ့ First Eleven အားကစားဂျာနယ် ပိုင်ရှင်က သိန်း ၂၀၀ နဲ့ တန်ဖိုးဖြတ်ပြီး ဂျာနယ် ရှယ်ယာဝင်အဖြစ်မှ ဖယ်ထုတ်ခဲ့ပါတယ်။ အဲလိုပဲ တကြိမ် ပြန်လွတ်လာပြီး ဖော်အဲဗား၊ အောလ်စတား အားကစားဂျာနယ်တွေကို ထပ်မံ တည်ထောင်ခဲ့ပြီး နာဂစ် အပြီး နောက်တခေါက် အဖမ်းခံရပြန်တော့ မိသားစုရဲ့ စီးပွားရေး ဘ၀ တကြိမ် လှန်ကျရပြန်ပါတယ်။ ဒီဂယက်တွေကို သူ့အနေနဲ့ မမှုပေမယ့် သမီးအပေါ်မှာတော့ ရိုက်ခတ်မခံစေချင်တာ၊ နိုင်ငံရေး အကျဉ်းသားမိသားစုတွေ အနေနဲ့ အခုလို အကျပ်အတည်း အနေအထားမှာလည်း ကိုယ့်ရဲ့ အရည်အချင်းကို ဖြည့်တင်းနေဖို့ ကို မခိုင်ချိုက ဇောင်းပေးပြောသွားပါတယ်။

ဒီလို အပြင်ဘက်မှာ ကျန်ခဲ့တဲ့ မိသားစုတွေအဖို့ သားသမီးတွေ ပညာရေး၊ စိတ်ဓါတ်မြှင့်တင်ရေး ၊ မိသားစု စားဝတ်နေရေး အဖက်ဖက်မှ လုံးပန်းနေရင်း အခုလို အကျဉ်းကျခံနေရတဲ့ မိသားစု အသိုင်းအ၀ိုင်း အချင်းချင်း တွေ့ဆုံ ကာ ခံစားချက်၊ သတင်းအချက်အလက် ဖလှယ်သလို တယောက်ရဲ့ အခက်အခဲကို တယောက်က ဘာကူညီနိုင်မလဲ ဆိုတာလည်း ပြောကြ ဆိုကြပါတယ်။

နိုင်ငံရေး အကျဉ်းသား မိသားစုတွေအဖို့ လောကကို ရင်ဆိုင်ရာမှာ သာမန်မိသားစုတွေထက် အင်အား ၂ဆမျှ လိုအပ်ပါတယ်။ ဒီလိုအခြေအနေထဲမှာ အထဲရောက်နေသူတွေ လွတ်မြောက်ရေးအတွက် ကြိုးစားကြဖို့ ကိစ္စကိုလည်း ဒီတွေ့ဆုံပွဲမှာ စဉ်းစား တိုင်ပင်ကြတာပါ။

 
(U Thein Tun, Father of Ko Ne Phone Latt)


ဘလော့ဂါ နေဘုန်းလတ်ရဲ့ ဖခင်ဦးသိန်းထွန်းက “ကျွန်တော်တို့ သားသမီးတွေ ရဲ့ အမှုတွေကို ပြန်စစ်ဆေးပေးဖို့ ဥပဒေကြောင်းအရ တင်ပြမယ်၊ ဒါဟာ အောက်ကျို့တာ မဟုတ်ဘူး” လို့ ပြောဆိုခဲ့ပါတယ်။ တွေ့ဆုံပွဲ မပြီးဆုံးမီ လေးမှာ မကြာမီက လွတ်မြောက်လာသူ ကိုရဲမင်းဦးကတော့ “ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်တဲ့ အခု အစိုးရသစ်ဟာ ဒီမိုကရေစီ ဖေါ်ဆောင်မယ့် အစိုးရလို့ ကြွေးကြော်ထားတယ်။ အဲဒီအချက်ဟာ တကယ် ဟုတ်မဟုတ် စမ်းသပ်ကြဖို့ လိုတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Comments