Maung Ko Oo - Prepare First before taking on China

ပြင်ဆင်ပြီးမှ တရုတ်ကို ချပါ
မောင်ကိုဦး
စက်တင်ဘာ ၁၉၊ ၂၀၁၁
ဧရာဝတီ ပြသနာဟာ တစစ ကြီးထွားလာတာနဲ့အမျှ မြန်မာနိုင်ငံမှာ အမျိုးသားရေး ပြန်လည်နိုးကြားလာပြီ လို့တောင် ပြောလို့ရတဲ့ အခြေ အနေ ဖြစ်လာပါတယ်။ ကောင်းသောလက္ခဏာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ထဲမှာ ကြီးမားတဲ့ ရလဒ် လို့လည်း ကောက်ချက်ချနိုင်တဲ့ အနေ အထား ဖြစ်ပါတယ်။ တနွယ်ငင် တစင်ပါ ဆိုသလို နောက်ထပ် နိုးကြားဆောင်ရွက်လာမယ့် အမျိုးသားရေး လှုပ်ရှားမှုကြီးကတော့ “တရုတ် ကျူးကျော်မှု” ဖြစ်လာမယ့်အရိပ်အယောင်တွေလည်း ထွက်ပေါ်နေပါတယ်။
မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး ပြည်ပ ရန်စွယ်ကို စေ့ငုကြည့်ရင် ဆွေမျိုးယောင်ဆောင်နေတဲ့ ပေါက်ဖေါ် ဟာ အဓိကပဲဖြစ်ပါတယ်။ တရုတ်ဟာ စီးပွားရေး၊ စစ်ရေး၊ လူမျိုးရေး၊ နိုင်ငံရေး စတဲ့ ဘက်ပေါင်းစုံက အကွက်ကျကျ ချယ်လှယ် ကိုလိုနီပြုနေတာကို စနစ်တကျ လေ့လာလေလေ ပိုပြီး ထင်ထင်ရှားရှား မြင်သာလေလေပဲဖြစ်ပါတယ်။ ခေါင်းမြီးခြုံပြီး သိုသိုသိပ်သိပ်တလမ်း၊ သိသိသာသာတဖုံ၊ ရောရောယောင်ယောင်တသွယ်၊ မလိမ့်တပတ် တနည်း၊ စော်စော်ကားကား တမျိုး ပြုချင်သလိုပြု နုချင်သလို နု နေတာ အထင်အရှားဖြစ်ပါ တယ်။
တရုတ်ဟာ ဘာလို့ မြန်မာနိုင်ငံကို ဘက်ပေါင်းစုံက ထဲထဲဝင်ဝင် ချယ်လှယ်စိုးမိုးနိုင်ဖို့ အကွက်ကျကျ လုပ်နေသလဲ။ တွေးဆဖို့ လို ပါတယ်။ မြန်မာနိုင်ငံမှာ သစ်တော၊ လျှပ်စစ်လောင်စာဓါတ်ငွေ့၊ ကျောက်မြတ်ရတနာ၊ စတဲ့ သယံဇာတ တွေကြောင့်ပဲလား။ ဒါတွေတင်မက ပထ၀ီအနေအထားအရ အနောက်နိုင်ငံတွေနဲ့ အပြိုင်အဆိုင်ချယ်လှယ်မှုမှာ မြန်မာဟာ အနောက်နိုင်ငံတွေဖက်က ကြည့်ရင် တရုတ်ကို ထိုးဖေါက်မွှေနှောက် ဒိုးယိုပေါက် ထိန်းချုပ်နိုင်တဲ့ နယ်မြေဖြစ်နေလို့၊ မဟာဗျူဟာမြောက် နယ်မြေဖြစ်နေလို့လား ။ ကုန်သွယ်ကူးသန်းဖို့ အဆင်ပြေဆုံး ဒေသန္တရ ကြောင့်လား။ ကမ္ဘာ့ လူဦးရေ အများဆုံး နိုင်ငံကြီး နှစ်နိုင်ငံကို ဆက်သွယ်ပေးထားတဲ့ တခုတည်းသော နိုင်ငံဖြစ်လို့ လား။ ထိန်းချုပ်ချယ်လှယ်ဖို့ အလွယ်ကူဆုံးနဲ့ အားအပျော့ဆုံး နိုင်ငံဖြစ်လို့လား။ ပြည်တွင်းရေးမငြိမ်သက်မှုကြောင့် “ပွဲလန့်ဖျာခင်း”  လုပ်ဖို့ အသင့်ဆုံး အခြေအနေကြောင့်လား။ ဒါတွေထဲက တချက်၊ ဒါမှမဟုတ် ဒီလိုအချက်အလက်တွေ အများအပြားကြောင့် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ကစားကွင်းထဲကို ရောက်နေပြီဆိုတာကိုတော့ မြန်မာနိုင်ငံသားတိုင်း သုံးသပ်နိုင်ကြပါတယ်။
ဒီလို တရုတ်က မတရားကြီးစိုးချယ်လှယ် ကိုလိုနီပြုနေတာကို စစ်တပ်က အာဏာပိုင်တွေက သိသိကြီးနဲ့ ခေါင်းငုံ့ခံနေသလားလို့ တွေးစရာရှိပါတယ်။ အမျိုးကိုချစ်လို့ စွန့်လွှတ်အနစ်နာခံပါတယ်လို့ ကြွေးကြော်နေတဲ့ တပ်မတော်သားအားလုံးက တညီတညွတ်တည်း တရုတ်ကို အဖေ ခေါ်ဖို့တော့ သဘောတူညီကြလိမ့်မယ် မထင်ဘူး။ အနောက်နိုင်ငံတွေကို အံတုဖို့ပဲဖြစ်ဖြစ်၊ အနီးကပ်ဆုံး အင်အားကြီးနိုင်ငံကို ခိုလှုံချင်လို့ပဲဖြစ်ဖြစ်၊ တရုတ်ပေးစာကမ်းစာကို ယူထားမိ လက်လွန်ထားမိလို့ပဲဖြစ်ဖြစ် အခြေအနေ အကြောင်းအရပ် တွေကြောင့် လက်ခံသူတွေက လက်ခံနေရင်တောင် လက်မခံနိုင်သူတွေကတော့ တပ်မတော်ထဲမှာ အများအပြားရှိနေမှာပါပဲ။ အာဏာပိုင်နဲ့ ဆက်နွယ်နေတဲ့ တပ်မတော်သားတွေတောင်မကျေနပ်ရင် တချိန်လုံး ပြုသမျှနုခံ၊ ခေါင်းငုံ့ခံနေရတဲ့ ပြည်သူတွေအနေနဲ့ ဘယ်လိုသဘော ထားရှိလိမ့်မယ်ဆိုတာတော့ပြောစရာတောင် မလိုဘူးထင်ပါရဲ့။
ဘာကြောင့်ပဲဖြစ်ဖြစ် တရုတ်ကျူးကျော်မှု မတရား စော်ကား ချယ်လှယ်ကြီးစိုးမှုတွေဟာ “လူတွင်ပါမှ ကျွှဲခိုး ” ဆိုသလို အုပ်ချုပ်သူ အာဏာပိုင်တွေမှာ အဓိက တာဝန်ရှိနေပါတယ်။ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ ဆိုတာဟာ မကြာခင် ကြီးမားတဲ့ ပြသနာ ဖြစ်လာတော့မှာပါ။
တရုတ်ဟာ မြန်မာ့နိုင်ငံရေးအပေါ်မှာ အုပ်ချုပ်သူတွေဖက်က ကူညီသယောင်ယောင်နဲ့ “သြဇာ” “ပါဝါ” ရအောင် တစိုက်မတ်မတ် အမြတ်ထုတ်ခဲ့ပါတယ်။ တရုတ် လက်ဝါးကြီးအုပ် ဂုတ်သွေးစုတ်သမျှကို မြန်မာနိုင်ငံသားတိုင်း နားလည်သဘောပေါက်ကြပါတယ်။ အခုလို ပွင့်လင်းမြင်သာတဲ့ အခြေအနေလေး အနည်းငယ် ရှိလာတာနဲ့ ထင်ထင်ရှားရှားဖြစ်လာတဲ့ ဧရာဝတီပြသနာ ရဲ့ နောက်ကွယ်မှာ တရုတ်ရှိနေတာ အထင်အရှားပေါ်လာပါတယ်။
တခြားချယ်လှယ် သွေးစုတ်မှုတွေကို ခဏထားဦး။ ဧရာဝတီကိစ္စတခုတည်းမှာ အခြေခံ စဉ်းစားကြည့်ရင် ….. မြန်မာနိုင်ငံမှာ မြစ်ဆုံ ရေကာတာ ဆောက်လုပ်တာဟာ သဘာဝ ပတ်ဝန်းကျင်ကို ပြောပလောက်အောင် မထိခိုက်ဘူးလို့ မြန်မာနိုင်ငံက လျှပ်စစ်ဝန်ကြီးက ဆိုခဲ့ပါ တယ်။ ဒါဆိုရင် သဘာဝပတ်ဝန်းကျင်ကို ပြောပလောက်အောင် မထိခိုက်ရင် တရုတ်ဟာ ဘာလို့ သူ့နိုင်ငံထဲမှာ မဆောက်ပဲ မြန်မာနိုင်ငံထဲမှာ ခက်ခက်ခဲခဲ လာရောက်လုပ်ကိုင်ရသလဲ လို့ ပြန်မေးစရာရှိပါတယ်။ (ရောင်းလို့ဝယ်တာ။ ၀ယ်သူမှာ အပြစ်မရှိ၊) လို့ ဆိုပြီး ပြသနာဖြစ်ခဲ့ရင် တရုတ်က ရှောင်ထွက်ဖို့ ရှိပါတယ်။ အရောင်းအ၀ယ်သဘောမှာ.. ပိုင်ရှင်က ကျေနပ်လို့ရောင်းရင် ၀ယ်သူမှာ အပြစ်မရှိဘူး ဆိုနိုင်ပေမယ့် ပိုင်ရှင်က မကြည်ဖြူ သဘောမတူပဲ “ခိုး”ရောင်းတာကို ၀ယ်ရင် “သူခိုးလက်ခံ” ဖြစ်ပါတယ်။ ပိုင်ရှင်ဆီက အတင်းလုယက်ပြီး ရောင်းရင် “ဓါးပြအားပေး အလိုတူအလိုပါ” ဖြစ်ပါတယ်။ ဥပဒေသဘောအရ အပြစ်ရှိပါတယ်။ ဒီလိုဖြေရှင်းနိုင်ဖို့ ပိုင်ရှင်ဖြစ်တဲ့ မြန်မာနိုင်ငံသား တွေက တညီတညွတ်တည်း သဘောမတူကြောင်း၊ လက်မခံကြောင်း ထင်ထင်ရှားရှား ပီပီပြင်ပြင် ဆောင်ရွတ် ပြသ နိုင်ဖို့တော့  လိုပါတယ်။
တရုတ်မတရားတာသိပေမယ့် ဒါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲဆိုတာကို မြန်မာနိုင်ငံသားတိုင်း တွေးချိန် ဆောင်ရွက်ဖို့ လိုလာပါတယ်။ တရုတ်မတရားမှုကို ဘာလို့ မသိကျိုးကျွန်ပြုနေကြတာလဲ၊ တရုတ်ကို ဘာလို့ မဆန့်ကျင် ကြတာလဲလို့ မေးမြန်းသံတွေ လည်း  ထွက်ပေါ်လာပါတယ်။ အထူးသဖြင့် ဒါမျိုး ဆန့်ကျင်ဖို့ အခြေအနေအပေးဆုံး အဆင်ပြေဆုံးဖြစ်တဲ့ ပြည်ပရောက် မြန်မာတွေ ဘာလုပ်နေသလဲ လို့လည်း မေးမြန်းနေကြပါပြီ။
တရုတ်ကို ကန့်ကွက်ဆန္ဒပြမယ်ဆိုရင် အကျိုးကျေးဇူးရှိပါတယ်။ တခြားအရေးကြီးတာတွေ ခဏထားဦး။ အနည်းဆုံးတော့ မြန်မာနိုင်ငံမှာ တရုတ်ချယ်လှယ်မှုကို ကမ္ဘာက ပိုပြီး ထင်ထင်ရှား ရှား ရှိလာမှာဖြစ်ပါတယ်။ တရုတ်ကို ဆန့်ကျင်တာဆိုပေမယ့် တရုတ်လူမျိုးကို ဆန့်ကျင်တာမဟုတ်ပါဘူး။ တရုတ်အစိုးရရဲ့ မတရားတဲ့ ပေါ်လစီကို ဆန့်ကျင်တာဖြစ်ပါတယ်။ ဒါကြောင့် တရုတ်လူမျိုးကို သိက္ခာကျစေ တဲ့ တရုတ်အစိုးရပေါ်လစီကို မကျေနပ်တဲ့ တရုတ်လူမျိုးတွေ ကိုယ်တိုင်က ပူးပေါင်းဆန့်ကျင်လာဖို့ရှိပါတယ်။ အာဏာရှင် စနစ်ကို မလိုလားသူတွေ ထောက်ခံလာဖွယ်ရှိပါတယ်။ လူ့အခွင့်အရေး အဖွဲ့တွေ ထောက်ခံလာဖွယ်ရှိပါတယ်။ အနောက်နိုင်ငံတွေလည်း အားပေးလာဖွယ်ရှိပါတယ်။
မှန်ပါတယ်။ တရုတ်ကို ဆန့်ကျင်ဆန္ဒပြသင့်ပါတယ်။ ဒါပေမယ့် တရုတ်သံရုံးတွေရှေ့ ကို တကမ္ဘာလုံးမှာ ရောက်ရှိနေတဲ့ မြန်မာတွေ တညီတညွတ်တည်း ၀ိုင်းပန်းဆန္ဒပြရုံနဲ့ တရုတ်က နောက်ဆုတ်မယ်မထင်ဘူး။ မသိကျိုးကျွှန်ပြုနိုင်ပါတယ်။ သာဓကတွေလည်း ရှိခဲ့ပါတယ်။ ဆန္ဒပြရုံသာမက တရုတ်သံရုံးတွေကို ကန့်ကွက်စာလည်းပို့နိုင်ပါတယ်။ ဒါပေမယ့် တရုတ်က “ရှဲ့ရှဲ့နီ” ဆိုပြီး လက်ခံထားပြီး အမှိုက်ပုံးထဲ မပစ်လိုက်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။
            ဒီတော့ တရုတ်ကို ဆန့်ကျင် ဆန္ဒပြကန့်ကွက်မယ်ဆိုရင် အရေးတကြီး စနစ်တကျ ပြင်ဆင်ရမှာတွေရှိပါတယ်။ ကြီးမားတဲ့ အန္တရာယ်ဖြစ်တာကြောင့် အကွက်ကျကျ ထိရောက်အောင် လုပ်ဖို့လိုပါတယ်။ ဒါတွေဖြစ်လာဖို့ …………
(၁) အချက်အလက်ခိုင်ခိုင်မာမာ ပြည့်ပြည့်စုံစုံ ရှိဖို့လိုပါတယ်။ (ဖြစ်နိုင်ရင် စာတစောင်ပေတဖွဲ့ ဓါတ်ပုံဗွီဒီယို မှတ်တမ်းစုံစုံလင်လင်ပေါ့)
(၂) ပြည်ပက တရုတ်သံရုံးတွေအားလုံးအပြင် တရုတ်အစိုးရ၊ မြန်မာအစိုးရ၊ အာဆီယံ၊ ဥရောပ၊ အမေရိကန် ၊ ကုလ စတဲ့ နိုင်ငံတကာ အပြင် လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတွေကိုလည်း တရုတ်မတရားမှု အချက်အလက် သက်သေအထောက်အထားတွေကို  ပူးတွဲပေးပို့ဖို့ လိုပါတယ်။
(၃) ပြည်ပရောက် မြန်မာတွေ နေ့ရက်တူ တပြိုင်တည်း နီးစပ်ရာ တရုတ်သံရုံးတွေရှေ့ ဆန္ဒပြကန့်ကွက်ဖို့ လိုပါတယ်။
(၄) ပြည်တွင်းက အခြေအနေပေးသလောက် မြန်မာအာဏာပိုင်တွေ အပါအ၀င် တရုတ်၊ ကုလ ၊ စတဲ့ အဖွဲ့အစည်း တွေကို ကန့်ကွက်စာပေးပို့သင့်ပါတယ်။
(၅) ရလာမယ့် အခြေအနေပေါ်မူတည်ပြီး ဒါဟာ အမျိုးသားရေးဖြစ်ကြောင်း လူထုကို ကျယ်ကျယ်ပျံ့ပျံ့ လှုံ့ဆော်ဖို့ လိုပါတယ်။
            ဒီလို စနစ်တကျ အကွက်ကျကျ ဆောင်ရွက်မှာသာ ထိထိရောက်ရောက် ဖြစ်လာမှာပါ။ ဒီလိုဖြစ်ဖို့ အရေးအကြီးဆုံးက အချက်အလက်ဖြစ်ပါတယ်။ အချက်အလက် ခိုင်ခိုင်လုံလုံ မရှိပဲ ကန့်ကွက်စာပို့ရင် ထိရောက်မှု အားနည်းပါတယ်။  
(က) အချက်အလက်တွေစုဆောင်းရပါမယ်..။ အချက်အလက်တွေ ရနိုင်သမျှ ၀ိုင်းဝန်း စုစည်းပေးဖို့လိုပါတယ်။ အင်္ဂလိပ်မြန်မာ ဘာသာတွေနဲ့ ပုံနှိပ်ထုတ်ဝေ သင့်ပါတယ်။
(ခ) စနစ်တကျ ၀ိုင်းဝန်းဆွေးနွေး စီစဉ်ရပါမယ်။ ပေါ်ပြူလာလမ်းမလိုက်ပဲ “ကိုယ့်အဖွဲ့က စလုပ်တာ” ဆိုတာမျိုး မဟုတ်ပဲ ပူးပေါင်း ဆောင်ရွက် ပါဝင်နိုင်ဖို့ စီစဉ်သင့်ပါတယ်။
(ဂ) ညီညီညွတ်ညွတ်ပူးပေါင်းပါဝင်လာဖို့ စည်းရုံးလှုံ့ဆော်ဖို့ လိုပါတယ်။
(ဃ) နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး သင့်တော်မယ့် အချိန်ကို ရွေးချယ်ဆောင်ရွက်ဖို့ လိုပါတယ်။  (ဥပမာ.. တရုတ်ပြသနာ ဖြေရှင်းမှု ဟာ ဧရာဝတီပြသနာဖြေရှင်းမှုနဲ့ အညမည ဖြစ်သင့်ပါတယ်။ တခုဆောင်ရွက်လို့ တခုအရှိန့်လျော့သွားမှာ တိမ်မြုပ်သွားမှာမျိုး မဖြစ်အောင်ပေါ့)
            ဘာပဲဖြစ်ဖြစ် တရုတ်ဟာ မြန်မာနိုင်ငံအပေါ် ဂုတ်သွေးစုတ် ချယ်လှယ် စိုးမိုး ကိုလိုနီပြု ကျူးကျော် အနိုင်ကျင့်တာတွေ များလာပါပြီ။ ဒီအတိုင်း မသိကျိုးကျွန်ပြုနေရင်တော့ တရုတ်ကျွန်ပြုတာ ခံရမယ့်ကိန်းဖြစ်နေပါပြီ။ အမျိုးသားရေးပြသနာဖြစ်ပါတယ်။ တိုင်းပြည်ချစ်သူတိုင်း တပ်မတော်သားရော၊ လယ်သမား အလုပ်သမားရော၊ စီးပွားရေးသမား နိုင်ငံရေးသမားရော ၊ ဘေးထိုင်ဘုပြော ၊  အာဏာပိုင်ရော အာဏာမဲ့ ရော အားလုံး ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာက တာဝန်တရပ်ဖြစ်ပါတယ်။
            တခုတော့ရှိတယ်…။ ထိထိရောက်ရောက် ဖြစ်ဖို့ဆိုရင် စနစ်တကျ ၀ိုင်းဝန်းပြင်ဆင်ဖို့တော့ လိုသပေါ့ဗျာ..။

Comments