Maung Swan Yi - Poems

သူငယ်ချင်း မောင်မိုးသူ
(မောင်မိုးသူ အသက် ၆၀ ပြည့် မွေးနေ့တုန်းက အပယ်ခံကဗျာ)
မောင်စွမ်းရည်
စက်တင်ဘာ ၂၂၊ ၂၀၁၁




သူ့မွေးနေ့
၆၀ ပြည့်မှာ
တေ့တေ့ဆိုင်ဆိုင်
မရှောင်နိုင်တဲ့ အမြှောင်ကြား
ဘွားကနဲ့ တွေ့ကြတယ်။


“ဟိတ် ... သူငယ်ချင်း
မင်းရဲ့မွေးနေ့ ဒီကနေ့လေ
မင်းမေ့နေရော့သလား
ဒို့များ ဘာစားရမလဲ” လို့
မိုးသူကို ငါကမေးတော့
မေးသူကို မိုးသူပြောပုံက
အရောတ၀င် အရေးတယူ
အလေးတမူနဲ့ ရှေးမူအတိုင်းပါပဲ
လူသာကိုင်းပြီး “ဘူဒါ” တပိုင်းပေမဲ့
အမူအရာက၊ ပျူပျူငှာငှာ မထိုင်းမမှိုင်း
သူဟာ သူပါပဲ၊ ပျူငှာမြဲ အတိုင်း။


“ဝေ ... လကွာ
သေချာရဲ့လား၊
ဒီနေ့ ငါ့မွေးနေ့လား၊ မင်းမွေးနေ့လား
ဘာများထူးသလဲ
မနှစ်ကလဲ ဒီလိုပဲ
မနေ့ကလဲ ဒီနေ့လိုပဲ
မနေ့ကနဲ့ ဒီနေ့
နေ့တွေသာညောင်း လတွေဟောင်းခဲ့
နှစ်တွေပြောင်းလို့ နှစ်ခြောက်ဆယ်
အရွယ်အသီသီ ဟိုင်းခဲ့ပြီကော
အဖိုးဘ၀ ဒုလ္လဘ
မနုဿတ္တ ဘာဝေါ၊ ဒုလ္လဘော” တဲ့။


“အေးပေါ့လကွာ
ငါ ခြောက်ဆယ်ဆို မင်း ခြောက်ဆယ်ပေါ့
ခြောက်ဆယ်ချင်းပေါင်း
တရာပေါ်မှာ နှစ်ဆယ်ဆောင်း
အဖိုးကြီး နှစ်ယောက် ကြွစောင်းစောင်း
“လူထုတိုက်” ကို ရန်ကုန်ပြောင်းပြီး
ရန်ကုန်ခါးစောင်းတင်ရအောင်” တဲ့


သြော် ... နှစ်ခြောက်ဆယ်ဆိုတာ
ရာစုဝက်ပေါ်၊ ဆက်နှစ်ကျော်သမို့
ပျော်တာလဲရှိ၊ မပျော်တာလဲရှိ။
မပျော်တ၀က်၊ ပျော်တ၀က်နဲ့
အပျော်ခက်တာနဲ့ အပျော်ဝှက်တာလဲရှိ၊
အဖော်အဖက်တွေနဲ့
ကတော်ကတက်တွေ ခေါ်ခက်ပြီး
ကြော်ကြော်ချက်ချက်၊ အဖျော်ခွက်တွေနဲ့
မော်ရက်တွေလဲ ရှိခဲ့။
ကသိကအောက်၊ ကသောကမျောနဲ့
သားကျွေးမှု မယားကျွေးမှု မချောမောရင်
လောလော လောလောနဲ့
အမောတကောလဲ ရှိရဲ့။


ဒါရိုက်တာ ယောင်ယောင်၊ အယ်ဒီတာယောင်ယောင်
ဘာသာပြန်ယောင်ယောင်၊ စာရေးဆရာယောင်ယောင်
ပန်းချီဆရာယောင်ယောင်၊ ပန်းပုဆရာယောင်ယောင်နဲ့
ယောင်တောင်တောင် ရွဲတဲတဲ၊
မပြောင်တပြောင် မမွဲတမွဲ၊
ဆေးမသောက် ကွမ်းမစား
သေရည်များလဲ သူများတွေလောက်
မသောက်မစား မမှီမ၀ဲ
မတောက်မကြွား ကသီမြဲ
သွားလေရာ သူ့အသံ ဆူညံမစဲ၊
ပူညံ ပူညံနဲ့ တဟဲဟဲ။
ခြေမလောက် သွားတွေ၊ ပြူးပြူးပြဲပြဲနဲ့
မြူးမြဲ မြောက်မြဲ၊ ရယ်ကျဲကျဲ
ထစ်ကနဲ့ဆို သူပါမြဲ။


သုံးတာစွဲမှာ ချွေတာတယ်မရှိ
နှုတ်ဖျားလက်ဖွာ ဟောင်ဖွာဖွာနဲ့
ကျက်သူလာလဲ သူကျွေး၊ စိမ်းသူလာလဲ သူပေး
ကျွေးမိကျွေးရာ ပေးမိပေးရာပေါ့
ခွေးလာလာ ခိုလာလာ
ကြွက်လာလာ ကြောင်ဆွဲဆွဲ
မချမ်းသာလဲ ဒင်းမမွဲ
မင်းဟာ မင်းလိုပါပဲ (ငါလဲ ငါလို့ပါပဲ)
ပညာတွေ တိုးသလိုလိုနဲ့ မတိုးတာက ဥစ္စာ
ဥစ္စာရင်လို ဥစ္စာရင်မခဲ
ပညာနဲ့ ရင်းမိတော့၊ ရင်းလိုက်တိုင်းလွဲ။
ရင်းမိတဲ့ပညာ၊ ဘယ်ခါမလျော့၊
လျော့မိဥစ္စာ၊ ဘယ်ခါမှ မတိုး
တိုးလာတဲ့ ဆံဖြူဖြူလဲ၊ ဖြူရာက ပြန်မမဲ။
ဆံဖြူကဲတဲ့ “ဘကြီးမိုး” တဲ့
ခြေကျိုးတော့လဲ ကျိုးတာကို ဂုဏ်ယူ
“ရွှေဥဒေါင်း” နဲ့ တူ ဆိုပဲ၊
“ကံတူ အကျိုးမပေး မြေးအဖိုး” ဆိုကဘဲ။


အင်း .. မင်းလဲ တို့လိုပဲ၊ တို့လဲ မင်းလိုပဲ
ဟိုလဲ မရောက် ဒီလဲ မရောက်
အောက်လဲ မကျ၊ အထက်လဲ မကြွ
ဘ၀ရဲ့ ကံကြမ္မာပဲ
သံသရာဝဋ်ထဲ ဇွတ်ကဲလို့ တပေပေ
ကံဆိုးလေသလား၊ ကံကောင်းလေသလား
ဒို့များ မမှု၊ လူ့ဘ၀က ဒုလ္လဘတဲ့
ရခဲတာကို ရထားတဲ့လူ
သူက “လူသား” တဲ့ ..
လူသားတာဝန် ကျေပွန်ပါစ
ဘယ်သူကမှ မမေး၊ မမေးဘဲ အဖြေရှာရင်း
အယ်ဒီတာလဲလုပ်၊ ဒါရိုက်တာလဲလုပ်
စာရေးဆရာလဲလုပ်၊ ဘာသာပြန်ဆရာလဲလုပ်
ထုတ်ဝေသူလဲလုပ်၊ ဖြန့်ချိသူလဲလုပ်
ကဗျာရေးလို့ရေး၊ ၀တ္ထုရေးလိုရေးနဲ့
နိုင်ငံရေးမှာလဲ ယောင်တောင်ပေါင်းတောင်
အကျဉ်းထောင်တွေ မျက်စပစ်ပြီး
လစ်ရင်လစ်သလို ၀င်းပြီးခိုလိုက်သေး
မြေးထီးမြေးမ ရသည်ထိ
သူက မငေးပေမဲ့၊ ငါက မေးလိုက်မိ။


“ဟေ့ ... သူငယ်ချင်း
မင်းပြောတဲ့ ငါ့မွေးနေ့
မင်းမမေ့ရင်၊ ငါမမေ့ပါဘူး
မေ့လဲ မေ့တယ်ပဲထား
ကဲ .. မင်းဘာစားမလဲ
ငါ ဘာစားမလဲ
ဘာပဲစားစား၊ နောက်မှ ရောက်ရား
အကြွေးစားကြစို့
လူသားမို့ အကြွေးတင်
ရှင်ဘုရင်ဆပ်လိမ့်မယ်
ရှင်ဘုရင်မဆပ်လဲ မင်းဆပ်ပေါ့ကွာ
လာ ..သွားကြစို့ .. လာ ... စားကြစို့” တဲ့။
ဒို့နှစ်ယောက် ဆိုင်ကထွက်တော့
အသက် ၆၀ ပြည့်သွားပြီ၊
အကြွေး ၆၀ စေ့သွားပြီ။


သြော် ... ဒီကဗျာကို ပြန်လည်တွေ့တော့
မေ့နေတာတွေ ပြန်လှန်တွေး
မင်းလဲ ၇၄၊ ငါလဲ ၇၄၊ မဝေးတော့ဘူး နတ်တို့ပြည်
ဒီမိုကရေစီလဲ နီးပါပြီ။


(၂၀၀၂ ဖေဖော်ဝါရီ ၁၇) က ရေးပြီး မသုံးလိုက်ရတဲ့ကဗျာ)


ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်

0