Maung Swan Yi - Poem

ဂဒါဖီ သံဝေဂ
မောင်စွမ်းရည်
နိုဝင်ဘာ ၈၊ ၂၀၁၁


အာဏာရှင်အပေါင်း
သူတို့ဦးခေါင်းမှာ
ရွှေသရဖူဆောင်းတော့
ခေါင်း ၁၀ လုံးမရှိ၊
ရှိတဲ့ခေါင်းနဲ့ မလုံလောက်
ခေါင်းပြတ်ချိန်ရောက်တဲ့ခါ
မလောက်မင၊ ချေးရငှားရရင်
ဘယ်သူမှ မငှား၊ သနားသူမရှိ

အာဏာရှင်အပေါင်းမှာ
ဦးခေါင်းဖြုန်းစရာ
တလုံးစီသာရှိ
ရှိတဲ့တလုံး၊ ဖခုံးနှစ်ခုကြား
အများနည်းတူ၊ ထွက်ပြူရိုးမို့
ထွက်ရိုးထက်ထူး၊ ဒူးနှစ်လုံးကြားက
အများနဲ့မတူ၊ တမူဖောက်ပြီး
ခေါင်းပေါက်ချင်လဲပေါက်
ပေါက်လာတဲ့ ဦးခေါင်း
ခြင်းတောင်းနဲ့မ၊ လမ်းလယ်ချကြည့်
မုချ သည်တောင်း၊ တံတွေးချေင်းမှာ
မျောတော့မှာက သေချာပါပဲ။

အရင်တခါ
အီရတ်က အာဏာရှင်
ဆဒ္ဒန်ကို ဆင်နင်းတော့
လည်းပင်းတခု၊ ဦးခေါင်းတခုမို့
တခုသောလည်ပင်း၊
ကြိုးကွင်းနဲ့စွပ်၊ သေဒဏ်ခတ်တဲ့ခါ
အရပ်ပြည်သူ ဘယ်သူမှ မသနား
လည်ပင်းများ အပိုရှိရင်
ရှိသမျှလည်ပင်း
သံကြိုးကွင်း၊ ဒန်ကြိုးကွင်းတွေနဲ့
ကြိုးကွင်းတိုင်း (ကန်တော့ဗျာ)
မစင်လူးပြီး
အူးမြူးကခုန်
ပြည်သူတွေ ပျော်မယ့်ပုံကို
အာရုံမှာမြင်မိ။
ပြည်သူမုန်းရင် လမ်းဆုံးတော့မှာ
သေချာသိ။

ဟော .. ခုတခါ
ကျဆုံးရှာပြီ၊ ဂဒါဖီတဲ့
ပြည်သူတို့အမုန်းဇာတ်မှာ
အဆုံးသတ်ရှာပေါ့
ဘယ်ဝါဘယ်သူ ဘယ်လိုလူမှ
ကရုဏာမသက်
ပုပ်အက်ယိုစီး ညိုမဲကြီးကို
အနီးကပ် အနှေးလျှောက်ပြီး
ဝမ်းမြောက်ရွှင်လန်း
လူတန်းထောင်သောင်း
ကောင်းချီးသြဘာ ထောပနာပြု
ဒုစရိုက်အသုဘကို
တ၀ကြီး ရှုစားရင်း
လစ်ဗျားဘာသာနဲ့
သာဓုနူမော် လှိုက်လှဲစွာခေါ်သလား
ဒါမှမဟုတ်
ယုတ်ကြမ်းမာန်မဲ ကျိန်ဆဲလေမလား မသိ။

သြော် .. ကာနယ်ကြီး ဂဒါဖီ
မသေမီက ပုပ်ပွ
တုတ်တုတ်ကွကွ ရှုပ်ရှုပ်ပွပွနဲ့
ရုပ်မလှပေမဲ့
ရုပ်လှတဲ့ အပျိုမှန်ရင်
ကိုယ်ရံတော်ရာထူးပေး
ယစ်မူးသေးသတဲ့၊
ပြေးဖို့လဲ ကြုံရော၊ အကုန်ကွယ်ပျောက်
တယောက်မှမခေါ်သာ
လမ်းပေါ်မှာ ပြေးမရလို့
လမ်းဘေးက လေးဘက်ထောက်
ခုန်ပေါက် ခုန်ပေါကနဲ့ ယုန်မျောက်တွေပြေးသလို
ဘယ်လိုပင် ပြေးပြေး
ပေးစရာ ရွှေရှိပါလျှက်
ပြေးစရာ မြေမရှိတော့
အဓိကရကြီးလည်း မိတော့မှာမလွဲလို့
မင်းလဲအသိ၊ ငါလဲသိ။

အားလုံးအမြင်ပါနော်
ရေနံဘုရင်ပဲဖြစ်ဖြစ်
ရေမွှေးဘုရင်ပဲဖြစ်ဖြစ်
စစ်အာဏာရှင်ပဂေးလဲ ပြေးလို့မဆုံး
ရွှေတုံးတွေ ပေးအုံးတော့
ရွှေတောင်ကုန်းမိုးထိလဲ
အကျိုးမရှိ။
တိုးမိတဲ့ မြောင်းကတော့
ခေါင်းဝင်ကိုယ်ဆံ့
အပုပ်နံ့ပြင်းပေမဲ့၊ ဗုံးခိုကျင်းလိုခိုင်
ပုန်းနိုင်ခိုက်တော့ ပုန်းလိုက်ပေါ့လို့
ငေါ့လိုက်ချင်ပါဘိ။
သြော် .. ရွှေသေနတ်နဲ့
ရွှေဖိနပ်စီး၊ ရွှေထီးဆောင်းသူလဲ
ကောင်းမှုကမရှိ
မကောင်းမှု အတိဆိုတော့
ရှိတဲ့အလျောက်
ရွှေခေါင်းထဲ မရောက်ဘဲ
ရွှံ့မြောင်းထဲရောက်ပါပကော။
တောကသာဂိ သသောကျမှာ ငါအသိ။
ကဲ ရုပ်မြင်သံကြား
ငွေရောင်ဖန်သားမှာ
အားလုံးကြားလဲကြား မြင်လဲမြင်သမို့
သင်ခန်းစာယူလိုယူ သံဝေဂယူလိုယူ
လူတွေပဲဖြစ်ဖြစ်
လူမဟုတ်လို့ ဗိုလ်ချုပ်တွေပဲဖြစ်ဖြစ်
ခေတ်ပေါ်သင်ခန်းစာ
ကမ္ဘာရဲ့သမိုင်းတကွက်
ဗမာရဲ့ သမိုင်းနဲ့ဆက်တဲ့အခါ
မွမ်မာ ဂဒါဖီပဲဖြစ်ဖြစ်
မြန်မာ ဂဒါရွှီပဲဖြစ်ဖြစ်
စစ်အာဏာရှင်အားလုံး ပြည်သူမုန်းရင်
နောက်ဆုံးလမ်းကြောင်း
ရေပုပ်မြောင်းသို့ ...

Comments

MOE THET MYINT said…
ဆရာ ရဲ့ ကဗျာ အရမ်းကိုပြောင်မြောက် ထိရောက် ပါတယ်ခင်ဗျာ..