Maung Swan Yi - Articles

တင်မိုးရဲ့ ဂီတ၀ါသနာ
မောင်စွမ်းရည်
ဇန်န၀ါရီ ၇၊ ၂၀၁၂



တင်မိုးရဲ့ ကဗျာတွေကို ဝေဖန်ရာမှာ သူ့ကဗျာတွေက “အသံချိုတယ်။” “ပြေပြစ်တယ်။” “ဂီတအသံပါတယ်။” စသဖြင့် ပြောလေ့ရှိပါတယ်။ တင်မိုးရဲ့ဖန်မီးအိမ်ကဗျာစာအုပ်ကို သုံးသပ်ပြောကြားရာမှာ ဆရာဒဂုန်တာရာက တင်မိုးရဲ့ကဗျာတွေက အသံချိုတယ်လို့ ပြောခဲ့၊ ရေးခဲ့ ဖူးတာကို အမှတ်ရမိပါတယ်။ မှန်ပါတယ်။ ကဗျာကိုမဆိုထားပါနဲ့ စကားပြေရေးရာမှာတောင် ကဗျာလိုချိုနေတတ်ပါသေးတယ်။

တင်မိုးရဲ့ဘ၀မှာ ကဗျာနဲ့တေးဂီတကိုပဲ အထူးဝါသထုံပါတယ်။ ဒီနှစ်ခုကလွဲလို့ ဘာဆိုဘာမှစိတ်မ၀င်စားဘူးလို့ ဆိုနိုင်ပါတယ်။ သူကွယ်လွန် တော့ ဧည့်ခန်းထဲမှာ စာပွဲတလုံးချထားတယ်။ စာပွဲပေါ်မှာ အမှတ်တရရေးဖို့ ကတ်ထူဗလာစာအုပ်တအုပ်နဲ့ ဘောလ်ပင် မင်တံတချောင်းချ ထားတယ်။ စာအုပ်နောက်မှာ တင်မိုးတယောထိုးနေတဲ့ပန်းချီပုံနဲ့အတူ သူထိုးလေ့ရှိတဲ့ လက်စွဲတော်တယောလေးချထားတယ်။ တယော ထိုးတံမှာ ကြိုးလေးတွေပြတ်နေလို့ လွမ်းစရာတောင်ကောင်းနေပါသေးတယ်။ သူတယောထိုးနေပုံပန်းချီကားကတော့ ရန်ကုန် အင်းစိန်မှာ နေခဲ့စဉ်က သူနဲ့အိမ်နီးချင်းဖြစ်ပြီး နေ့တိုင်း လည်ပင်းဖက်တွဲလေ့ရှိတဲ့ ယဉ်မင်းပိုက်ဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်ကို သူရောက်တာက ၁၉၅၇ ပါ။ ကျနော်က ၁၉၅၆ ပါ။ ကျနော်က အရင်ရောက်တဲ့ မြင်းခြံသား (မြင်းခြံခရိုင်အသင်းသား) သူက နောက်ရောက်သူဆိုတော့ တနယ်တည်းသား “တောသားချင်း” အနေနဲ့ ကျနော့်ကို အစစအားကိုးပြီး တွယ်ကပ်နေတော့တာပါ။ ကို သိန်းနိုင် (ဂုဏ်ထူးသိန်းနိုင်) ကိုတော့ မြန်မာစာဂုဏ်ထူးနဲ့ ဆယ်တန်းအောင်သူချင်းမို့ မြန်မာစာဆရာကြီးတွေက မိတ်ဆက်ပေးထားတာနဲ့ အပေါင်းအသင်းဖြစ်သွားခဲ့ရတာပါ။ တောသားချင်းလဲဖြစ် စာပေသမားချင်းလဲဖြစ်လို့ ဒီသုံးယောက်ပဲ တတွဲတွဲနေပါတယ်။ ခက်တာက ကျနော်တို့ နှစ်ယောက်လုံးက ဂီတသများမဟုတ်တာပါပဲ။ သူက တွေ့သမျှကျောင်းသားသစ်တွေကို ဘာသီချင်းရသလဲ။ ဘာသီချင်းကြိုက် သလဲဆိုတာ စူးစမ်းမေးမြန်လေ့ရှိပါတယ်။ (ကဗျာမှာလဲ ဇော်ဂျီနဲ့ မင်းသုဝဏ် ဘယ်သူကြိုက်သလဲလို့လဲ မေးတတ်တယ်။)

အဲဒီတုန်းက ကျနော်ကြိုက်တာက မြတ်လေးရဲ့သီချင်းတွေပါပဲ။ “မြတ်လေးရဲ့တေးကဗျာများ” ဆိုတဲ့စာအုပ်ကို ၀ယ်ထားပြီး စာအုပ်ကြည့် ရင် သီချင်းဆိုပါတယ်။ သူက မြတ်လေးကို ကျနော် ဘာကြိုက်တာလဲလို့မေးပါတယ်။ ကျနော်က မြတ်လေးရဲ့သီချင်းတွေမှာ နဘေထပ်တွေ ပါလို့ ကဗျာဆန်တယ်။ စိတ်ကူလဲကောင်းတယ်လို့ဖြေတော့ မချိုမချဉ်ပြုံးပါတယ်။ ပြီးတော့ မြတ်လေးရဲ့သီချင်းတပုဒ်ကို ကောက်တယ်။

“အစမငြီးအောင် ချာချာလည်
ဘကြီးအောင် ညာပါတယ်... တဲ့။”

ဒီစာသားမှာ ဘကြီးအောင်ညာပါတယ်လို့ပြောချင်တာနဲ့ “အစမငြီးအောင် ချာချာလည်” ရှေ့ကဖွဲ့လိုက်တယ်။ “အစမငြီးအောင်ချာချာလည် တာနဲ့ ဘကြီးအောင်ညာတာနဲ့ ဘာဆိုင်သတုံး။ မဆီမဆိုင်ဆွဲစပ်ထားရာ မကျဘူးလားလို့ ဝေဖန်ပြပါတယ်။ ကျနော်ကတော့ အဓိပ္ပါယ် မစဉ်းစားမိဘူးများ အသံလေးတွေ၊ နဘေထပ်လေးတွေပဲ ကြိုက်နေတာလို့ ဖြေလိုက်ပါတယ်။ (ကျနော်က “မှိုင်းလေးချိုးကြီးတွေနဲ့ သူကိုး”)


ကျနော်ငယ်ငယ်က မှော်ပီဆရာသိန်းကြီးရဲ့ အရှုးလွယ်အိတ် စာအုပ်ထဲမှာထင်ပါရဲ့။ ဖတ်ဖူးတာတခုကို ပြေးသတိရမိပါတယ်။ “ဂိုးဂွင်းဂွက် ဂွေ” လို့ နဘေထပ်ပုံကဗျာ ဟာသလေးတခုတွေ့ဖူးတာကို သတိရတာပါ။ အဲဒီတုန်းက ကိုမြတ်လေးရဲ့သီချင်းတွေက တက္ကသိုလ်ဘက်မှာ ခေတ်စားပါတယ်။ ကိုမြတ်လေးစာအုပ်ကိုတော့ သူဖတ်ကြည့်မယ်ဆိုပြီး ယူသွားတာ ပြန်မရတော့ပါဘူး။ မြတ်လေးသီချင်းတွေကို ကာရန် နဘေယူပုံမကြိုက်ပေမဲ့ ဗမာပြည်မှာရှိစဉ် နောက်ဆုံးစာပေခရီးလို့ဆိုရမယ့် ခရီးတခုကို ဆရာမြသန်းတင့်၊ ကိုမြတ်လေးတို့နဲ့အတူ သွားခဲ့ကြ တယ်။ စာပေဟောပြောပွဲတခုမတိုင်ခင် တင်မိုးက ကိုမြတ်လေးကို “မင်းရုပ်ရှင်ပညာတွေ မဟောနဲ့။ မင်းရဲ့ရူဒေစတီး - ဘူဒေတကီး ဆိုတာတွေကိုလဲ ပရိတ်သတ်က ဘာမှသိမှာမဟုတ်ဘူး” လို့ အကြံပေးလိုက်တယ်။ ကိုမြတ်လေးက “ဟ .. ငါက ဒါပဲပြောတတ်တာ။ တခြားဘာပြောရမလဲ” ဆိုတော့ “မင်းသီချင်းတွေအကြောင်း ရှင်းပြ၊ ဆိုပြပေါ့” လို့ အကြံပေးသတဲ့။ “ငါက အဲဒါတွေမရဘူ။ ဟိုကောင်ချစ်ဆွေ (စန္ဒယားချစ်ဆွေ) လုပ်ထားတွေ” လို့ပြန်ဖြေသတဲ့။ ဒီတော့ အားလုံး ငါပြန်ဖော်ပေးမယ်။ စင်ပေါ်မှာ ထစ်နေရင် အောက်ကနေ ငါထောက် ပေးမယ်လို့ပြောပြီး “မခင်နှင်းဆီ” ကအစ “တိုယာရမ်” အထိ ဆိုပြတဲ့အဖြစ် မြတ်လေးဟောပြောတော့ သူက စင်အောက်က ထောက်ပေးလို့ မြတ်လေးအဖို့ အောင်မြင်တဲ့ပွဲတပွဲဖြစ်သွားခဲ့ဖူးပါတယ်။

ကိုဘဂျမ်း (တင်မိုးက တိုယာရမ်ကို အမူအရာနဲ့ ဆိုပြတတ်ပါတယ်။ တချို့က ညတည လသာသာမှ ချစ်ဦးညိုရယ်၊ ကျနော်ရယ်၊ သူ့ကို အလယ်ကထားပြီး တယောက်ပုခုံး တယောက်ဖက်ရင်း တက္ကသိုလ်ရဲ့အဓိပတိလမ်းမကြီးပေါ်မှာ သီးချင်းတွေဆိုပြတော့ တိုယာရမ်သီချင်း ကို အားရပါးရ အမူအရာနဲ့ဆိုခဲ့တာသတိရမိပါတယ်။

ကိုဘဂျမ်း (တင်မိုး) က လေဘာတီမမြရင်ဆိုတဲ့ သီချင်းတွေအားလုံးရပါတယ်။ အငြိမ့်မင်းသမီး အမာစိန်က လေဘာတီသီချင်းတွေဆိုပြီး ကလေ့ရှိပါတယ်။ ကိုဘဂျမ်း (တင်မိုး) က မန်းတက္ကသိုလ်မှာ အမာစိန်ကိုစတင်ပွဲထုတ်ခဲ့သူတဦးပါ။ “တက္ကသိုလ်အမာစိန်” ဆိုတဲ့ရွှေချည်တိုး စလွယ်ကြီးကို မန်းတက္ကသိုလ် ကလောင်ရှင်အသင်းရဲ့ စာဆိုတော်ပွဲမှာ အမာစိန်ကတုန်းက သူကိုယ်တိုင်စင်ပေါ်တက်ပြီး ဦးခေါင်းက စွပ်ပေးခဲ့တာပါ။ သူက အမာစိန်ကို တကယ့်နှမလေးလို ချစ်ရှာပါတယ်။ အရိုးအိုးဘုရားအနီးအရပ်ထဲမှာ အမာစိန်တို့နဲ့ မျက်နှာချင်း ဆိုင်နေခဲ့ဖူးတယ်။ အမာစိန်ရဲ့အဖေဦးအုန်းဖေကို လူရွှင်တော်ဦးအောင်စိန်တို့နဲ့လည်း ရင်းနှီးခဲ့ပါတယ်။ အမာစိန်ရဲ့အဖေက လေဘာတီ မမြရင်ကတုန်းက မောင်းဆိုင်းတီးသူပါ။ ဒါကြောင့် သူ့သမီးကို မမြရင်ရဲ့သီချင်းတွေ သင်ပေးထားတာပါ။ အမာစိန်ရဲ့အဖေ ဦးအုန်းဖေနဲ့ ချစ်ဦးညိုရဲ့အဖေ မင်းသားကြီးဒေါင်းညိုတို့က ညီအကိုအရင်ပါ။ ကိုဘဂျမ်း (တင်မိုး) က ချစ်ဦးညိုကိုတွေ့ရင် အရင်ဆုံးလုပ်တာက လည်ပင်းဖက်၊ ပါးနမ်းပြီး “ချစ်ဦးညီ” လို့ နှုတ်ဆက်လေ့ရှိပါတယ်။ ချစ်ဦးညိုနဲ့ခရီးသွားကြရင် သီချင်းဆိုရတာကို ကိုတင်မိုး အလွန်ပျော်ရှာ ပါတယ်။ အမာစိန်ဆိုလေ့ရှိတဲ့ မြိုင်ထသီချင်းရယ်၊ “ဥိးသ၀င်ကြောင်၊” “မန်ဒါလီ၊” “နှစ်ယောက်တည်း” သီချင်းတို့ရယ်၊ မမောတမ်းဆိုတော့ တာပါ။ သူငယ်ချင်း မောင်သာနိုးနဲ့ပါဆိုရင်တော့ ဟဲလို့၊ ချွဲလို့ မဆုံးနိုင်တော့ပါဘူး။

လွန်ခဲ့တဲ့ ၂၀၀၆ ခုလောက်က ထင်တယ်။ ကြံကြံဖန်ဖန် ၀င်းဖေသုံးယောက် နယူးယောက်ကနေ ကားတစင်းနဲ့ ချီကာဂိုကို သွာဖူးတယ်။ ပန်းချီဝင်းဖေရယ်၊ ကဗျာ ၀င်းဖေ (မောင်စွမ်းရည်) ရယ်၊ ကျောက်ဆည်းဝင်းဖေရယ်။ ကိုဝင်းဖေ (ပန်းချီ) က ကားထဲမှာ ဂလက်စီနိုယူလာခဲ့ တယ်။ (၀င်းဖေသုံးယောက်လုံးက မန်းတက္ကသိုလ်ကျောင်းထွက်တွေပါ။) ချီကာဂိုက မန္တလေးသား ဆရာဝန်ဒေါက်တာ ၀င်စတန်ခင်ရဲ့ အိမ်မှာ စတည်းချမယ်ပေါ့။ အဲဒီတုန်းက တင်မိုးက လော့စ်အိန်ဂျလိခ်က သူ့သားသမီးတွေ့နဲ့ နေတယ်။ ကျနော်က မနေနိုင်မထိုင်နိုင်နဲ့ သူ့ဆီကို လှမ်းဖုန်းဆက်တယ်။ “ကိုဘဂျမ်းရေ၊ ငါတို့ ချီကာဂိုမှာရောက်နေကြတယ်။ ဆိုကြမယ်။ တီးကြမယ်။ ကကြမယ်” လို့ လှမ်းကြွား လိုက် ပါတယ်။ ကျနော်တို့ တနေလုံးတညလုံးဆိုသလို သုံးလေးရက်ဆက်ပြီး ဆိုကြ၊ တီးကြပါတယ်။ တီးသူက ပန်းချီဝင်းဖေပါ။ (အများက ဒါရိုက်တာ ၀င်းဖေခေါ်ပါတယ်။) ဒိုင်ခံဆိုသူက ကိုဘဂျမ်း (တင်မိုး) ပါ။ ကိုဝင်းဖေက တခါတလေ ဆိုတီးပါတယ်။ တခါတရံ ကိုဝင်းဖေက တီးတာတောတာ ထစ်ငေါ့နေရင် ကိုဘဂျမ်း (တင်မိုး) က ပါးစပ်တီးလုံးတီးပြီး ထောက်ပေးလိုက်ပါသေးတယ်။ အဲဒီ ကိုဝင်းဖေဆိုတာ ပန်တျာကျောင်းအုပ်ကြီးဟောင်းပါ။ မန္တလေးက မြို့မအသင်းကြီးရဲ့ဝိုင်းတော်သားပါ။ မြို့မငြိမ်းရဲ့သားသမက် ပန်းချီပေါ်ဦးသက်နဲ့အတူ မြို့မငြိမ်းအိမ်မှာလဲ သားသမီးလိုနေလာသူပါ။ အဲလိုလူကို သူက ပါးစပ်တီးလုံးနဲ့ ရှေ့က ထောက်ပေးနေတော့ ကျနော်က အသံထွက်အောင် ရယ်မိပါတယ်။ သူက မျက်စောင်းထိုးပါတယ်။

အဲဒီကစပြီး ကျနော့်ကို သူပြောလေ့ရှိတာက “ကျနော်လဲဗျာ ကြလေ အဖေနဲ့တူလေဖြစ်နေပြီ။ နေ့စဉ်ဆိုလိုက် တီးလိုက်နဲ့ပဲ နေချင်တော့တာ ပါပဲ” တဲ့။ သူကွယ်လွန်ခါနီး သူဆီသွားတုန်းကလဲ ဒီစကားကို ထပ်ကာထပ်ကာ ပြောပါတယ်။ သူအိမ်က တယောလေးကြိုးပြတ်နေလို့ ကက်စီနိုပဲ တီးနေပါတယ်။ အဲဒီအခေါက်တုန်းက သူ့သားသမီးတွေက ကျနော့်ကို တိုးတိုးပြောလိုက်တာရှိပါတယ်။ “ဦးရယ်။ ဦးသူငယ်ချင်းက ဗုံတလုံးဝယ်ချင်တယ်လို့ ပြောနေလို့ ခဏသည်းခံပါအုံး ပြောထားရတယ်” တဲ့။

ကြံကြံဖန်ဖန်ဆိုရမယ်ထင်ရဲ့။ အဲဒီနောက်ဆိုးအခေါက်မှာမှ ကျနော်ကလဲ အိတ်ကပ်ထဲမှာ ဟာမိုနီကာအသေးလေးတခု ထည့်လာခဲ့မိတယ်။ အိုင်အိုဝါတက္ကသိုလ်ရဲ့ “နိုင်ငံတကာ စာရေးသားမှုအစီအစဉ်” ဆိုတဲ့ ကမ္ဘာ့စာရေးဆရာပေါင်းစုံရဲ့ ညီလာခံကိုတက်ရောက်တုန်းက အမှတ် တရ၀ယ်လာခဲ့တာပါ။ လော့စ်အိန်ဂျဲလိခ်က “ကဗျာဆရာ ကိုသက်” မောင်းတဲ့ကားပေါ်မှာ သူရယ်၊ ကျနော်ရယ်၊ ကိုသက်ရယ် ကဗျာဆရာ သုံးယောက်သာပါရှိပါတယ်။ အဲဒီတုန်းမှာ ကျနော်က တလမ်းလုံးဆိုသလို မန္တလေးမြို့မ သင်္ကြန်သီချင်းတွေကို ဟာမိုနီကာလေးနဲ့ အမှတ်မ ထင်မှုတ်လာခဲ့မိပါတယ်။ ကျနော်က သူနဲ့ ဘယ်လောက်ရင်းနှီးရင်းနှီး သူ့လို တကယ်တေးဂီတ နားလည်သူရဲ့ရှေ့မျာ တဦးတည်း သီဆိုတီး မှုတ်တာမျိုးလုပ်လေ့မရှိပါဘူး။ မလုပ်ရဲတာပါ။ သူက ကျနော်မှုတ်တာကို သဘောကျပြီး သူလဲမှုတ်ချင်လို့တဲ့ ကိုသက်ကို ၀ယ်ခိုင်းပါတယ်။ ကိုသက်က ရုတ်တရက်ကြီးဆိုသလို ကိုရီးယားကိုခရီးသွားရတော့ ကိုရီးယားမှာပဲ ဟာမိုနီကာတခု အဆင်သင့်တွေ့လို့ ၀ယ်လာခဲ့ပါတယ်။ အပြန်မှာ တင်မိုးက ဆုံးနှင့်ရှာလို့ မပေးလိုက်ရဘူး။ ဒါနဲ့ ကိုဘဂျမ်း (တင်မိုး) ဈာပနကို ကျနော်သွားတော့ ဟာသသမား ကိုသက်က မရယ်နိုင် မပြုံးနိုင်ရှာဘဲ “ခင်ဗျားရဲ့သူငယ်ချင်းပူဆာလို့ ၀ယ်လာခဲ့တာ။ ခု သူမရှိတော့ဘူး။ ဒါလေး သူ့ကိုယ်စား ခင်ဗျားပဲယူလိုက်ပါတော့” တဲ့။ ကျနော့်ကို အဲဒီဟာမိုနီကာလေးပေးလိုက်ပါတယ်။ ကျနော် ကိုဘဂျမ်း (တင်မိုး) ကို လွမ်းတဲ့အခါ အဲဒီဟာမိုနီကာလေးကို မှုတ်လေ့ရှိပါ တယ်။ အမှတ်မထင် ကောက်မှုတ်လိုက်မိတဲ့အခါမှာလဲ တင်မိုးကို သတိရလွမ်းဆွတ်မိပြီး သူ့အသံကို ကြားယောင်မိပါတယ်။


“ကျနော်လဲ ကြာလေ အဖေနဲ့တူလေဖြစ်နေပြီ” လို့ တင်မိုးပြောလေ့ရှိစကားကို ရှင်းပြချင်ပါသေးတယ်။ သူ့အဖေက ဦးဘအိုတဲ့။ သူကပဲ သီဆိုတီးမှုတ်တဲ့ ၀ါသနာကလွဲလို့ တခြားဘာဝါသနာမှမပါဘူး။ ရွာရက်ကန်းစင်တွေက ယောကျာ်းလုံချီ (ချည်လုံချီ) တွေကောက်ပြီး ဘုးရားပွဲတွေမှာ လိုက်ရောင်းလေ့ရှိတယ်။ ဘုရားပွဲတွေမှာ ဖိုးစိန်၊ အောင်မောင်စတဲ့ မင်းသားတွေကတဲ့ ဇာတ်ရုံအနီးမှာ ပုဆိုးဟောင်းလေး ခင်းပြီး ချည်လုံချီလေးတွေကို ချရောင်းရင်း ဇာတ်ရုံထဲက သီချင်းသံတွေကို အပြင်ကနားထောင်တယ်။ တခါတရံပလာစာအုပ်ထဲမှာ ခဲတံလေးနဲ့လိုက်ပြီး ရေးမှတ်လေ့ရှိတယ်။ တီးလုံးတီးကွက်တွေကိုပါ သူ့နည်းနဲ့ သူမှတ်ထားတယ်။ ဒီလိုနဲ့ပွဲတကာလိုက်ရင်း ရေစကြိုဘက နေ ဧရာသတီမြစ်ကို ကူးပြီး မြင်းခြံဘက်က ဘုရားပွဲတွေကို လိုက်တယ်။ မြင်းခြံခရိုင်တောင်သာမြို့နယ်ထဲက ကန်မြဲ- ဇဂျမ်းဆိုတဲ့ ရွာ ကြီးမှာ အိမ်ထောင်ကျပြီး အခြေတကျနေထိုင်တယ်။ သမီးနှစ်ယောက်၊ သားတစ်ယောက်။ သားက အလယ်က။ နောင်အခါ အထည်အ လိပ်ရောင်းတဲ့အပြင် ငွေစုပြီးအပ်ချည်းစက်ထောင်တယ်။ စက်ချုပ်တာကရော၊ အထည်အလိပ်ရောင်းတာရောဆိုတော့ အရင်ကထက်ချောင် လည်တာပေါ့။

ဦးဘအိုက အဆိုအတီးဝါသနာပါလို့ အိမ်မှာကာလသားတွေစုပြီး တီးမှုတ်တဲ့အလေ့ရှိတယ်။ ဦးဘအိုက တီးလုံးတွေကို နှုတ်နဲ့ ချပေ့လေးရှိ တယ်။ သူတို့တီးဝိုင်းဟာ ဆွမ်းတော်ကြီးခံရာမှာ အသုံးဝင်လာတယ်။ တင်မိုးက သူတို့ဝိုင်းမှာ ဘင်ဂျိုတီးလေ့ရှိတယ်။ သူတို့ရွာ တီးဝိုင်းဟာ မြင်းခြံမြို့မတီးဝိုင်း၊ တောင်သာမြို့မတီးဝိုင်းတွေ့နဲ့အဆက်အသွယ်ရှိတယ်။ မြို့တက်ကျောင်းနေတဲ့ ကျောင်းသားကြီး ဂီတသမားများ တွေက အဆက်အသွယ်လုပ်လာကြတယ်။ မြင်ခြံ၊ တောင်သာမြို့မဂီတ၀ိုင်းတွေကလဲ မန္တလေးမြို့မအထိ အဆက်အသွယ်ရှိတယ်လိုလဲ ကြားသိရပါတယ်။ တင်မိုးရဲ့ ဖခင်ဦးဘအိုဟာ အတီး၊ အမှုတ်နဲ့ချည်နေလေ့ရှိတော့ သူ့ယောက္ခမက “မောင်ဘအိုက ဇာတ်စားလို့ပဲ။ ဘာမှ လှီးလို့ ခုတ်လို့မရဘူး။” “နတ်အိုးကွဲလို့၊ မီးတောက်လို့မရ၊ ချီးကော်လို့မရ” စသဖြင့် တဖြစ်တောက်တောက်မြည်တွန်းလေ့ရှိသတဲ့။

တင်မိုးကျောင်းပိတ်လို့ အိမ်ပြန်လာရင် သူ့အဖေက ကားဂိတ်ထိလာကြိုရင်း အိမ်လဲရောက်ရော စည်းဝါးကိုင်ပြီး သီချင်းဆိုတော့တာပါပဲ။ တခါတရံ ကျနော်လဲ ကျောင်းပိတ်ရက်တွေမှာ လိုက်သွားဖူးတယ်။ တင်မိုး သူငယ်ချင်းတွေက ကျောင်းဆရာတွေ၊ ဘာတွေဖြစ်တဲ့လူလဲရှိရဲ့။ တင်မိုးအိမ်ပြန်ရောက်ရင် သူတို့လဲ တယောလေး၊ မယ်ဒိုလင်လေး ဆွဲပြီးဝိုင်းဖွဲ့ကြတော့တာပါပဲ။ အဲသလိုအဆိုအတီးနဲ့ မွေ့လျော်လေ့ရှိတဲ့ သူ့ဖခင် ဦးဘအိုကို သူအမြဲသတိရတယ်။ ဦးဘအိုလိုပဲ သီချင်းတညည်းညည်းနဲ့ နေတတ်တယ်။ ပါးစပ်တီးလုံးလေးတွေနဲ့ပေါ့။

တင်းမိုးရဲ့ ရန်ကုန်အိမ်မှာ တခါတလေ တယောသုံးလက်တောင်ရှိနေတတ်ပါတယ်။ တခါတလေလဲ ဟိုပေးသည်ပေးနဲ့ တယောတလကမှ မရှိဘူး။ သူ့ကို တယောဝယ်ပေးမယ့်လူလဲရှိတတ်တယ်။ သူကလဲ တောင်းသူရှိရင် လက်ဆင့်ကမ်းပေးပစ်ဖို့ ၀န်မလေးလှပါဘူး။ သူနဲ့ အချစ်ဆုံးသူငယ်ချင်းထဲမှာ မန္တလေးမြို့မ၊ စန္ဒယားသိမ်းမောင်လဲပါတယ်။ သိမ်းမောင်နဲ့ အတွဲများပါတယ်။ တင်မိုး မန္တလေးရောက်စက မြို့မငြိမ်းအတ္ထုပ္ပတ္တိရေးချင်လို့တဲ့ ရောဂါကလဲ ထူးပါတယ်။ တက္ကသိုလ်ရောက်စမှာ အင်္ဂလိပ်ကဗျာဆရာ ရှယ်လီးကိ (တ်စ်) တို့ရဲ့ အတ္ထုပ္ပတ္တိ၊ ဗင်ဂိုး၊ ဂေါ်ဂင်တို့ရဲ့အတ္ထုပ္ပတ္တိ ... စတဲ့စာအုပ်တွေဖတ်ရင်းက စိတ်ကူးရလာတာပါ။ ဒီလိုနဲ့ သူနဲ့ကျနော် မြို့မငြိမ်းအိမ်ကို ချောင်းပေါက်ခဲ့တယ်။ မိသားစုတစုလုံးနဲ့ ရင်းပြီးတော့ ကလေးများလှတဲ့အိမ်မှာ တခါတလေ ကျနော်တို့နှစ်ယောက် အားနာပါးနာနဲ့ပဲ ထမင်းဝင်စားတတ်ပါတယ်။ အဲဒီမှာ မြို့မငြိမ်းရဲ့သားသမက် ပေါ်ဦးသက်ကတဆင့် စန္ဒာယားသိမ်းမောင်နဲ့ ရင်းနှီးလာတယ်။ ကိုသိမ်းမောင်က မြို့မငြိမ်းရဲ့ဇနီး ဒေါ်ဒေါ် သန်းကို အမေလို သဘောထားတယ်။ မြို့မငြိမ်းရဲ့သားသမီးတွေကို ညီအကိုမောင်နှ အရင်းလိုသဘောထားတယ်။ ကိုသိမ်းမောင်နဲ့ တင်မိုး ဒီမှာတင်တွဲမိပြီး တင်းမိုက “မြို့မ” တည်ထောင်သူ ဒါးတန်းဦးသန့်ဆီထိရောက်သွားခဲ့ပါတယ်။

ဒါးတန်းဦးသန့်ဆိုတာက မန္တလေးမြို့ရဲ့ထိပ်တန်းသဌေးပါ။ သူဝါသနာပါတဲ့ ဂီတနဲ့ဓါတ်ပုံပညာကလွဲလို့ ဘာမှစိတ်မ၀င်စားပါဘူး။ သူက တင်မိုးရဲ့ ဖန်မီးအိမ်ကဗျာတွေကို ကြိုက်တယ်။ တင်မိုးကို ဖန်မီးအိမ်ဓာတ်ပုံတခု သူကိုယ်တိုင်ရိုက်ပြီး လက်ဆောင်ပေးဖူးတယ်။ တင်မိုးက မြို့မငြိမ်းအတ္ထုပ္ပတ္တိရေးချင်တယ်ဆိုလို့ သြခက်စကရာ၊ ဆင်ဖိုနီတွေအကြောင်း၊ ဂီတသင်္ကေတတွေအကြောင်း၊ ရူပဗေဒသဘောတရားအရ “အသံ” ရဲ့အကြောင်းကို “ဖရီကွင်စီ” ခေါ် တုန်ခါနှုန်းတွေပါရှင်းပြတော့ သိပ္ပံမယူဖူးတဲ့ တင်မိုးအဖို့ ဒုက္ခတွေ့ရကြောင်း စသည်ဖြင့် ကျနော်ကို ပြန်လည်ပြောပြပါတယ်။ ဦးသန့်က ဖန်ခွက်ရှည်ကြီးနဲ့ နခမ်းကို သတ္တုခရင်းခွနဲ့ခေါက်ပြီး အသံရဲ့တုန်ခါနှုန်းအကြောင်းတွေကို သူရဲ့လက် တွေ့ခန်းမှာရှင်းပြတယ်ဆိုကိုး။ ဒါပေမယ့် တင်မိုးဟာ ရန်ကုန်ကူး၊ မန္တလေးကူးနဲ့ ရန်ကုန်မှာ အိမ်ထောင်ကျသွားပြီး မြို့မငြိမ်း အတ္ထုပ္ပတ္တိ ကိုတော့ မရေးဖြစ်လိုက်ပါဘူး။

ရန်ကုန်မှာအိမ်ထောင်မကျခင် ဂီတစိမ်းမောင်နဲ့ ဒေါ်မေစီတို့ဆီမှာ ဆိုထင်ပါရဲ့။ စန္ဒယားသင်တန်းသွားတက်ဖူးပါသေးတယ်။ ကဗျာဆရာ တင်မိုးမှန်းတော့ မသိကြဘူးပေါ့။ တင်မိုးရဲ့ရုပ်ရည်က အညာသားတောသားရုပ်ပါ။ တောသားတယောက်က စန္ဒယားလာသင်တော့ အစမှာ ဒေါ်မေစီတို့အဖို့ ခပ်ဆန်းဆန်းဖြစ်နေတာပေါ့။ တကယ်သင်ကြည့်တော့ သဘောပေါက်လွယ်ပြီး လက်စွမ်းလက်စရှိတာကို သူတို့က သဘောကျလို့ အထူးဂရုစိုက်သင်ပေးကြရှာပါတယ်တဲ့။ တနေ့တော့ ရှုမ၀မဂ္ဂဇင်းတိုက်မှာ စာဖတ်သူတဦးက သူ့အနှစ်သက်ဆုံးစာရေးဆရာနှစ်ဦးအဖြစ် ကဗျာဆရာတွေထဲက တင်မိုးဝတ္ထုရေးဆရာတွေထဲက ခင်နှင်းယူကို ရွေးပြီး ငွေတထောင်စီ ဆုပေးပွဲလေးတခုလုပ်တော့ တင်မိုးအဖြစ်နဲ့ ဆုပေးပွဲတက်ရတယ်။ အဲဒီမှာ ဂီတစိမ်းမောင်၊ ဒေါ်မေစီတို့နဲ့တွေ့ကြတော့ တင်မိုးမှန်းသိသွားကြတာနဲ့ တင်မိုးလဲ မျက်နှာပူပြီး စန္ဒယားတီးသင်တန်းပျက်သွားပါတယ်တဲ့။

တင်မိုးရဲ့သမီးတွေထဲမှာ ဆရာဝန်ဖြစ်သွားတဲ့ မူမိုးနှင်းက ဂီတ၀ါသနာပါတယ်။ ဒါကြောင့် တင်မိုးက၀မ်းသားပြီး သူ့သမီးကို စန္ဒယား သိမ်းမောင်နဲ့ စန္ဒယားအတီးသင်စေတယ်လို့ ကျနော်ကြားလိုက်မိပါသေးတယ်။ ဘယ်လောက်ထိသင်ဖြစ်သလဲတော့ မပြောတတ်ပါဘူး။ ဒီသမီးက ခုနိုင်ငံခြားသားနဲ့ အိမ်ထောင်ကျပြီး ဘယ်လ်ဂျီယမ်မှာပဲ အခြေချနေထိုင်ပါတယ်။

မန္တလေးတက္ကသိုလ်မှာ တင်မိုးနဲ့တွဲခဲ့သူတွေထဲက ဂုဏ်ထူးသိန်းနိုင်၊ ကြယ်အောင်နဲ့ မောင်စွမ်းရည်တို့ဟာ ဂီတဘက်မှာ ဘာမှမစွမ်းပါဘူး။ မောင်သာနိုးကတော့ မြို့မသီချင်းတွေအကုန်ရသူဖြစ်ပါတယ်။ ဘယ်တူရိယာပစ္စည်းမှ မတီးမှုတ်ပေမဲ့ ပါးစပ်ဆိုတော့ရတယ်။ ကိုလေး (အင်းဝဂုဏ်ရည်) ကတော့ တယောထိုးတာ ကောင်းကောင်းတတ်ပေမဲ့ တင်မိုးရောက်တော့ သူက ကျောင်းထွက်ပြီး ကျောင်းဆရာလုပ်နေလို့ မတွဲလိုက်ရပါဘူး။

လူကြီးတွေထဲမှာတော့ လူထုဒေါ်အမာက သီချင်းဝါသနာပါပါတယ်။ မြို့မသီချင်းတွေ အကုန်ရပါတယ်။ စာပေခရီးသွားရင် လူထုဒေါ်အမာ၊ မောင်သာနိုးနဲ့ တင်မိုးတို့ တလမ်းလုံးသီချင်းဆိုသွားလေ့ရှိတတ်ပါတယ်။ တင်မိုးဟာ စာပေထက်တောင် သီချင်းကို ပိုကြိုက်တတ်ထင်ပါ တယ်။ တက္ကသိုလ်မှာ မြန်မာစာပေဘာသာရပ်နဲ့ မြန်မာနိုင်ငံသမိုင်းဘာသာရပ်တို့မှာ ကျောက်စာတွေသင်ရပါတယ်။ ပုဂံကျောက်စာတခုမှာ (စတုရဂ္ဂ်ဗလအမတ်ဆို ထင်ပါရဲ့) သူက ဒါနပြုတော့ ဘ၀ဆက်တိုင်း နိဗ္ဗာန်မရမီကြားမှာ ပဉ္စင်္ဂတူရီယာတို့ဖြင့် (အိပ်ရာက) နိုးထရသော အဖြစ်ကို ရလိုပါကြောင်းဆုတောင်းတာကို ဖတ်ရပ်တယ်။ ကျနော်တို့ ရှစ်ပါး၊ ဆယ်ပါး စသည်သီလယူရင် ဂီတတီးမှုတ်ခြင်း၊ သီချင်းဆိုခြင်း ဆိုတာတွေ မလုပ်ပါဘူး။ ရှောင်ကျဉ်ပါမယ်လို့ ဆိုရပါတယ်။ ဒါပေမဲ့ ပုဂံခေတ် ဗုဒ္ဓဘာသာတဦးဟာ တူရိယာငါးပါးရဲ့အသံနဲ့ အရိပ်ရာက နိုးထချင်တယ်လို့ဆုတောင်းတာဟာ အလွန်ထူးဆန်းသလို၊ အလွန်ချစ်စရာကောင်းတယ်လို့ အောက်မေ့မိပါတယ်။ တင်မိုးဟာ ဘုန်းကြီး ကျောင်းထွက်ဖြစ်ပေမဲ့ ဘုရားဖူးတာထက် သီချင်းဆိုတာကို တပ်မက်ရှာပါတယ်။ မော်တော်ကားနဲ့ ခရီးသွားလို့ လမ်းမှာ အကွေ့အကောက်၊ အတက်အဆင့်တွေများ၍ သူက အလွန်ကြောက်တတ်ပါတယ်။ (သူနဲ့ကျနော်အတူသွားရင်း ကားမှောက်ဖူးပါတယ်။) ဘယ်လောက် ကြောက်ကြောက် ဘုရားစာမရွတ်ဆိုဘဲ “အောင်ခြင်းရှစ်ပါး” သီချင်းကိုပဲဆိုပါတယ်။

တင်မိုးကုသိုလ်ပြုလို့ ဆုတောင်းရင် ပုဂံခေတ်က အမတ်လိုတူရိယာငါးပါးရဲ့အသံနဲ့ အိပ်ရာက နိုးထရပါလို၏လို့ ဆုတောင်းတယ်တော့မဟုတ် ပေမယ့် သူ့စိတ်ထဲမှာတော့ အဲသလိုဆန္ဒမျိုးရှိမယ်လို့ထင်ပါတယ်။ ကျနော်တို့ကုသိုလ်လုပ်ရင် ကျနော်တို့သူငယ်ချင်းတင်မိုးဟာ နိဗ္ဗာန်မရမီ စပ်ကြား ဘ၀ဆက်တိုင်း “တူရိယာ ငါးပါးနဲ့နိုးထသောအဖြစ်ကို ရပါစေသတည်း” လို့။

0