ကျောင်းတိုက်မှ ထွက်ခွာပေးမည်မဟုတ်ဟု ဦးဃောသိတ ဆို

ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (Yangon Press International )



သုံးရက်အတွင်းကျောင်းမှ ဆင်းပေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ အမိန့်ထုတ်ပြန်ခြင်း ခံခဲ့ရသော်လည်း မိမိအနေဖြင့် လက်ရှိနေထိုင်သည့် လိပ်ပြာကန်ကျောင်းမှ ထွက်ခွာပေးမည် မဟုတ်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်သူ ဦးဇင်းဦးဃောသိတက ပြောကြားသည်။

ယင်းအနေဖြင့် ယနေ့တွင် တိုင်းသာသနာရေးဦးစီးဋ္ဌာနသို့ သွားရောက်မေးမြန်းရာ ယင်းဋ္ဌာနမှတာဝန်ရှိသူတစ်ဦးက အထက်ပါအတိုင်း အမိန့်ထုတ်ပြန်ထားသော်လည်း တန်ခူးလအထိ နေခွင့်ရှိသည်ဟု လျှောက်ထားခဲ့ကြောင်း ဦးဃောသိတကပြောသည်။

‘ နဂိုကတည်းက ဦးဇင်းက ကျောင်းကထွက်ပေးဖို့ မစဉ်းစားထားဘူး။ ခုလိုပြောတော့ပိုကောင်းသွားတာပေါ့။’’ ဟု ၎င်းကပြောသည်။

လိပ်ပြာကန်ကျောင်းတိုက်ပိုင်မြေများအား ပဓာနနာယကဆရာတော်ဦးဇောတိက မှ ခွဲစိတ်ရောင်းချမှုကို ကျောင်းတိုက် နာယကဆရာတော်များထံ ဦးဆောင်တိုင်ကြားသဖြင့် ဦးဇောတိကမှ ၎င်းအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ ပြန်လည်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးဃောသိတက ပြောသည်။


ကျောင်းထိုင်ဆရာတော် ဦးဇောတိက ကမူ ထိုသို့တိုင်ကြားရခြင်းမှာ နိုင်ငံရေးနှင့် ဆက်နွယ်ခဲ့ဖူးသည့် ဦးဃောသိတ အား ကျောင်းတွင် မရှိစေလို၍ တိုင်ကြားခြင်းဖြစ်ကြောင်းပြောကြားသည်။

သို့သော် ယင်းကျောင်း၏ တိုက်အုပ်ဆရာတော် ဦးပညာစက္က က “ ဦးဃောသိတ လွတ်စက ကျောင်းထိုင်က လက်ခံတယ်။ သူတောင် သိက္ခာထပ်ပေးမယ်ပြောသေးတယ်။ ကျောင်းကိုဖဲ့ရောင်းတာ တိုင်ပြီးနောက်မှ သူက တိုင်တာ ’’ ဟုပြောသည်။

ထိုသို့တိုင်ကြားမှုကြောင့် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မှ ဦးဃောသိတအား သုံးရက်အတွင်း ကျောင်းမှ ဆင်းပေးရန် ယခုလ ၂၇ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ဦးဃောသိတအား တိုင်ကြားခြင်းနှင့် အမိန့်ထုတ်ပြန်ခြင်းကို လိပ်ပြာကန်ကျောင်းတိုက်မှ နာယကဆရာတော်များပင်မသိကြောင်း ဦးပညာစက္ကက ဆက်လက်ပြောသည်။

ကျောင်းထိုင်ဆရာတော် ဦးဇောတိကမှ လိပ်ပြာကန်ကျောင်းတိုက်ပိုင်မြေကို အခြားဘုန်းကြီးကျောင်းသို့ရောင်းချခြင်းအား ယင်းကျောင်း (လိပ်ပြာကန်အလယ်ကျောင်း) ရှိ ကျောင်းနေသံဃာ (၄၅) ပါးအနက် (၃၉) ပါးမှ လက်မှတ်ထိုးကာ ကန့်ကွက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဦးဇောတိက ကမူ ထိုသို့လက်မှတ်ထိုးသူများအား ဦးဃောသိတမှ လိမ်လည်လက်မှတ် ရေးထိုးစေခဲ့ခြင်းဖြစ်ကြောင်းပြောသည်။
ထိုကိစ္စနှင့်ပတ်သတ်ပြီး လက်မှတ်ရေးထိုးကန့်ကွက်သူများတွင်ပါဝင်သည့် ကိုရင်ကြီး အရှင် ၀ါယာမန္ဒိ က ‘ ကိုရင်တို့ကိုသေချာပြောပြီးမှ ထိုးခိုင်းတာပါ။ လိမ်ပြီးထိုးခိုင်းတာမဟုတ်ပါဘူး။ ကိုယ့်ဆန္ဒနဲ့ကိုထိုးတာပါ’’ ဟု ပြောသည်။

ဦးဃောသိတသည် ၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် သံဃာတစ်ပါးဖြစ်ပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်သည့် ကာလတွင်လည်း မုန်တိုင်းဒဏ်ခံရသည့် နယ်မြေများတွင် ပရဟိတလုပ်ငန်းများလုပ်ကိုင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ထိုင်ဝမ်နိုင်ငံသို့ သွားရောက်လည်ပတ်နေစဉ် သူငယ်ချင်းဖြစ်သူ သံဃာများအား နိုင်ငံရေးပြုလုပ်သဖြင့် အစိုးရက ဖမ်းဆီးခဲ့ရာမှ ၎င်းကိုပါ ထိုင်ဝမ်မှပြန်လည်ရောက်ရှိချိန်တွင် နိုင်ငံခြားငွေ တရားမ၀င်ကိုင်ဆောင်မှုပြု၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းသည် ထောင်တွင် သုံးနှစ်ကြာနေထိုင်ခဲ့ရပြီး ယခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင်မှ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ရွှေည၀ါဆရာတော် ဦးပညာသီဟကိုလည်း မန္တလေးမြို့ NLD ရုံးတွင် သြ၀ါဒပေးခဲ့ခြင်းကြောင့် ၎င်းသီတင်းသုံးရာ ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိစာသင်တိုက်မှ ထွက်ခွာရန် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့မှ  အမိန့်ထုတ်ပြန်ခဲ့ရာ ယခုလ ၁၉ ရက်နေ့က ထွက်ခွာပေးခဲ့ရသည်။     ။

(မူရင်းသတင်းဋ္ဌာန လင့်ခ www.facebook.com/ygnpress )

Comments