Soe Linn - Retribution in life


သူကြွေးရှိက ဆပ်ရမည် ၄ နဲ့ ၅


စိုးလင်း၊ (သူ့ဖေ့စ်ဘွတ်ကယူတယ်) ဖေဖော်ဝါရီ ၂၁ ၂၀၁၂

           ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၁၂) ရက်ပွဲမှာ ကျွန်တော်တို့ အားလုံးနီးပါး ပြန်ဆုံခဲ့ကြပါတယ်။ အဟောင်းတွေအသစ်ဖြစ် စကားတွေပြောလို့မကုန်ခဲ့ပါဘူး။ အကိုကြီး (ကိုထွန်းအောင်ကျော်) အပါအ၀င် ကြွေလွင့်ခဲ့သူအားလုံး အတွက် ကျွန်တော်တို့ တတ်နိုင်သမျှ ကြိုးစားပေးခဲ့ကြပါတယ်။

          အောင်မိုးဝင်းရေးခဲ့သလို ထွန်းအောင်ကျော်၊ စိုးလင်း၊ အောင်နိုင်ဆိုတာ အတော်တွဲခဲ့ကြတာပါ။ ၁၉၈၉ မေ ၁၉-၂၀ မန္တလေးတက္ကသိုလ်အင်းဝခန်းမမှာကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံ (ဗကည) အပြီးမှာ ဒီသုံးဦးပိုရင်နှီးခဲ့ကြပါတယ်။ သွားအတူ၊ စားအတူ၊ အိပ်အတူ ကာလတွေပေါ့ ဒီလိုနဲ့ မြောက်ပိုင်းကိုသွားဖို့ ဖြစ်လာတဲ့ အခါ သူတို့နှစ်ဦးက အရင် သွားပြီး ကျွန်တော်က တစ်လလောက်နေမှ လိုက်သွားခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့မှာ မြောက်ပိုင်းပြန်တွေ မိတ်ဆက်ပွဲလုပ်ရင်း မိုးကြီး (မိုးဇော်ထွန်း) ပြောတဲ့ ကျေးညီနောင်ပုံပြင်ဟာ အကိုကြီးတို့ကို ရည်ညွှန်းတာပါ။ လာရာဒေသတူပေမဲ့ စရိုက်ချင်းကွဲသွားတဲ့ ကျေးညီနောင် အကြောင်းကို အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။

          အကိုကြီးနဲ့ပါတ်သက်ရင်တော့ ရေးစရာတွေက အများကြီးပါ။ တစ်ခုခု ရေးမယ်ထိုင်လိုက်တိုင်း ကျွန်တော်မရေးနိုင်ခဲ့တာအခုထိပါပဲ။ အဲ့ဒီအတွက်လည်းနားလည်ပေးကြပါ။ အောင်နိုင်နဲ့ ပါတ်သက်ရင် တော့ ရေးစရာမရှိပါဘူး ။ မြောက်ပိုင်းမှာ ဖမ်းဆီးထားသူတွေရဲ့ရှေ့မှာ သူပြောခဲ့တဲ့စကား “မင်းတို့ထဲမှာ ကျောင်းသားအစစ်တစ်ယောက်ပါရင် ကြိုးစင်ကိုပျော်ပျော်ကြီးတက်သွားမယ်” တဲ့ ။ အခုအနှစ် (၂၀) ကြာတဲ့အချိန်မှာ အားလုံးက ရန်သူ့လူမဟုတ်ဘူးဆိုတာ ရှင်းနေပါပြီ။ ကျွန်တော်လိုချင်တာက ကြိုးစင်တက်ဖို့မဟုတ်ပါဘူး။ ရိုးသားဖို့ပါ။ အောင်နိုင်မှ မဟုတ်ပါဘူး တာဝန်ရှိတဲ့သူအားလုံး ရိုးသားကြစေချင်ပါတယ်။ ကိုမင်းကိုနိင်ရဲ့ ကဗျာတစ်ပုဒ်ထဲက စာသားလို ကိုယ်ရေးဆွဲတဲ့ပန်းချီကားမှာ ပန်းချီဆရာကိုယ်တိုင် လက်မှတ်ရေးထိုးကြဖို့လိုပါတယ်။

          အမှန်အတိုင်းဝန်ခံရရင် ဒီအကြောင်းတွေကို ပြန်ပြော၊ ပြန်ရေးနေရတာ ကျွန်တော်အရမ်းစိတ်ပင်ပန်းပါတယ်။ မုန်တိုင်းည၊ လှိုင်းမူးခြင်း၊ အိပ်မက်ဆိုး ကဗျာတွေအကြောင်းတွေးတိုင်း မွန်းကျပ်မိပါတယ်။ ကျွန်တော်မှမဟုတ်ပါဘူး။ ခံခဲ့ရသူတွေအားလုံးမှာ စိတ်ဒဏ်ရာတွေနဲ့ပါ။ အလားတူပဲ ဒီအဖြစ်အပျက်တွေကို ရှာဖတ်၊ စောင့်ဖတ်နေသူတွေလည်း ခံစားမိကြမယ်ဆိုတာ ကျွန်တော်ယုံတယ်။ မွန်းကျပ်နေတဲ့ ကျွန်တော်တို့ တစ်တွေအတွက် တစ်ခါတစ်လေမှာ ထွက်ပေါက်ကလေး ရှိသင့်ပါတယ်။ အောက်မှာရေးပြမယ့် မိုးကြီး (မိုးဇော်ထွန်း) ရဲ့ ပုံပြင်လေးတစ်ပုဒ်က အဲ့ဒီသဘောများဖြစ်နေမလား တွေးရင်း မျှဝေပေးလိုက်ပါတယ်။

          တစ်ခါတုန်းက ကျောင်းသားတပ်မတော်ဆိုတာ ရှိခဲ့ဖူးသတဲ့။ မြန်မာနိုင်ငံနယ်စပ်တစ်လျှောက် တောင်မှမြောက်အထိ သူတို့လေးတွေ ဖြန့်ကျက်တည်ရှိခဲ့ကြတယ်။ အော်ဟစ်ငြင်းခုန်လိုက်ကြ၊ ကြိုးစားအလုပ်လုပ်လိုက်ကြနဲ့ပေါ့။ အေဘီ(ဗဟို) အောင်မြင်သလို အေဘီ(မြောက်ပိုင်း)လည်း ကျော်ကြားခဲ့ပါတယ်။တစ်နေ့မှာတော့ အေဘီ(မြောက်ပိုင်း) ကိုထောက်လှမ်းရေးထုတ်လုပ်တဲ့ စက်ကြီးတစ်လုံးရောက်လာခဲ့ပါတယ်။ ခေါင်းဆောင်တစ်ချို့လည်း ၀မ်းသာအားရနဲ့ စက်ကြီးကိုစမ်းသပ်မောင်းနှင်ပါတယ်။ စီမံကိန်းရာနှုန်းပြည့်အောင်မြင်ပါတယ်။ မြောက်ပိုင်းမှာ ထောက်လှမ်းရေးတွေအများကြီးထုတ်လုပ်နိုင်ခဲ့ပါတယ်။ အနီးဆုံးတရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုတော်လှန်ရေး တောင် သူတို့လောက်မအောင်မြင်ခဲ့ပါဘူး။

          ဒါကိုကြားတော့ အေဘီ (ဗဟို) က ခေါင်းဆောင်ကြီးတွေလည်း မြောက်ပိုင်းကိုရောက်လာကြပါတယ်။ စက်ကြီးရဲ့အလုပ်လုပ်ပုံတွေကို အသေအချာ အသေးစိတ် လေ့လာပြီး ဗဟိုမှာလည်း အလားတူစက်မျိုးတည်ဆောက်ဖို့ ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ ဒေသချင်းကွာခြားလို့လားမသိဘူး ဗဟိုရဲ့ ထောက်လှမ်းရေးစက်ကြီးဟာ အနည်းငယ်သာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ လျာထားချက်စီမံကိန်းလည်း မပြည့်မီခဲ့ပါဘူး ။ ဒီလိုနဲ့ နှစ်ပေါင်းနှစ်ဆယ်ကြာလာတဲ့အချိန်မှာတော့ …

          နောက်တစ်ပိုင်းမှာ ကိုနိုင်အောင်အကြောင်းကို ရေးသွားပါဦးမယ်

မှားတတ်တာ လူ့သဘာဝ

အမှားနည်းတာ လူ့အရည်အချင်း

အမှားကို အမှားမှန်းသိပြီး ၀န်ခံရဲတာ လူ့တန်ဖိုး

(အပေါ်နှစ်ကြောင်းက စာရေးဆရာ တစ်ယောက်ရဲ့ စကား၊ နောက်ဆုံးတစ်ကြောင်းက ကျွန်တော် ထပ်ဖြည့်ထားတာပါ)

သူ့ကြွေးရှိက ဆပ်ရမည် အပိုင်း ၅ (ဆက်လက်ဖော်ပြချက်)

ကျွန်တော် မကဒတ ရဲ့ တတိယအကြိမ်ညီလာခံတက်ဖို့အတွက် ၁၉၉၀ နှစ်ကုန်ပိုင်းလောက်မှာ ပါဂျောင် ဒေသကနေ စတင်ခရီးထွက်ခဲ့ပါတယ်။ ၁၉၉၁ ဧပြီလဆန်းပိုင်းလောက်မှာ အေဘီ (ဗဟို) မာနယ်ပလောကို ရောက်ပါတယ်။ ညီလာခံကျင်းပဖို့ လိုသေးတာမို့ မြောက်ပိုင်းပြန်ရောက်ရင် အသုံးဝင်အကျိုးရှိနိုင်မယ့် ဗဟိုကစခန်းတွေ၊ တပ်ရင်းတွေ အတော်များများရဲ့ ရပ်တည်လည်ပါတ်နေရပုံတွေကို သွားရောက်လေ့လာဖြစ်ပါတယ်။ မင်းသမီး ၊ ဘုရားသုံးဆူ ၊ ၀ါးခ၊ ရေကျော် စခန်းတွေကို ရောက်ခဲ့ပါတယ်။ဗဟိုမှာရှိတုန်းအဲ့ဒီအချိန်က ဗဟိုကော်မတီ တွေနဲ့လည်း ရင်းနှီးခဲ့ပါတယ်။ အေဘီမှာ ကျွန်တော်အလေးစားခဲ့ရဆုံးသူက ဒေါက်တာမြင့်ချို ပါ။

ညီလာခံမကျင်းပမီ တစ်လျှောက်လုံး အများဆုံးနေထိုင်ဖြစ်တာက သံလွင်စခန်း (တပ်ရင်း - ၂၀၉)ပါ။ အဲ့ဒီမှာ အာအိုင်တီက စိုင်းမြင့်သူ၊ ကျော်မိုး တို့လည်းရှိတယ်။ ကျွန်တော့်ဘ၀မှာ မြောက်ပိုင်းပြီးရင် ရင်ထဲကဖျောက်ပစ်လို့မရတဲ့ စခန်းပါ။ အားလုံးက တရင်းတနှီး နွေးနွေးထွေးထွေး မိသားစုလိုပါပဲ။ ဆရာတော် ဦးသံဝရ ကိုလည်းမှတ်မိဆဲပါ။ စခန်းကော်မတီဝင်တွေဖြစ်တဲ့ မြင့်ဦး၊ သိန်းဆန်း၊ မောင်မောင်ဦး (ရင်းမှူး)၊ အောင်နိုင်၊အောင်သူ၊ ကိုဒီ တို့အပြင် စားဖိုဆောင်က ကိုမင်းသိန်း၊ ကိုဥာဏ်ထွန်း၊ ပြီးတော့ ရဲဘော်တွေထဲက မနှဲ၊ မဲကြီး စသည် ဖြင့် လွမ်းစရာတွေပါ။ အိုးသားလေး ၊ ပလဲနေတာပဲ ဆိုတဲ့ ဒေသသုံးစကားတွေကလည်း မှတ်သားစရာ အသစ် အဆန်းတွေပါ။ ကျွန်တော့်ကြောင့် ဒုက္ခ ရောက်ခဲ့ရတဲ့ ဆရာနေ၀င်းအောင်လည်း အဲ့ဒီစခန်းကပါပဲ။

ဒီလိုနဲ့ ၁၉၉၁ (သြဂုတ်လလို့ထင်ပါတယ်) မှာပဲ တတိယအကြိမ်ညီလာခံကို သံလွင်စခန်းမှာ ကျင်းပခဲ့ပါတယ်။ ကိုမိုးသီးနဲ့ ကိုနိုင်အောင်တို့ အားပြိုင်မှုတွေ တဖြေးဖြေး တွေ့ လာရပါတယ်။ ညီလာခံကာလအတွင်းမှာပဲ မြောက်ပိုင်းကိစ္စဖြစ်လာပါတယ်။ ကိုမိုးသီးက ကြေနန်းဖတ်ပြပြီး ညီလာခံထဲမှာ ရန်သူ့လူတွေ ရောက်နေပြီလို့ စွပ်စွဲပါတယ်။ မြောက်ပိုင်းမှာ ထောက်လှမ်းရေး လူတစ်ရာကျော် ဖမ်းထားပြီတဲ့။ ကျွန်တော်ချက်ချင်းထပြီးကန့်ကွက်ပါတယ်။

“ကျွန်တော်မြောက်ပိုင်းက ရဲဘော်ပါ။ မဖြစ်နိုင်ပါဘူး။ တစ်ခုခုတော့မှားနေပြီ။” လို့ပြောပါတယ်။

ကိုလှဌေး (မြောက်ပိုင်း) က ကျွန်တော်ကို အတင်းဆွဲထိုင်ခိုင်းပြီး

“မြောက်ပိုင်းကိစ္စ မြောက်ပိုင်းကပဲ ရှင်းမယ်။ ညီလာခံထဲ မဆွေးနွေးပါနဲ့” လို့ ထပြောပါတယ်။

ညီလာခံမှာလည်း ဆက်လက်ငြင်းခုန်ကြရင်း နောက်ဆုံးမှာ ညီလာခံကော်မရှင် ဥက္ကဌ ကိုကိုဦး ရဲ့စီစဉ်မှုနဲ့ မာနယ်ပလောကို အားလုံးပြောင်းရွှေ့ကျင်းပခဲ့ပါတယ်။ မာနယ်ပလောမှာလည်း ဘယ်လိုမှညှိနိုင်းလို့မရပဲ အေဘီ ကွဲဖို့ ပိုထင်ရှားလာပါတယ်။ ဗိုလ်ချုပ်မြကိုယ်တိုင် လာပြောတာတောင်မရခဲ့ပါဘူး။

မဟာမိတ်က စေ့စပ်မရတဲ့ အဆုံး ကေအင်ယူဗဟို မှာတော့ ကျောင်းသားကွဲတဲ့သမိုင်း အဖြစ်မခံနိုင်ဘူး ။ မင်းတို့ဖာသာ ကိုယ့်စခန်းကိုယ်ပြန်လုပ်ကြတော့ ပြောပြီး ပြောင်းခိုင်းပါတယ်။

အဲ့ဒီက အပြန်မှာပဲ ကိုမိုးသီးတို့က ညီလာခံတစ်ခု (အောင်သူငြိမ်းတပ်ရင်း)၊ ကိုနိုင်အောင်ဖက်က ညီလာခံတစ်ခု (သံလွင်စခန်း) ဆက်ကျင်းပကြပြီး ဗဟိုကော်မတီ အသီးသီးဖွဲ့လို့ အေဘီ နှစ်ခြမ်းကွဲခဲ့ရပါတယ်။ ကျွန်တော်တို့မြောက်ပိုင်းက ကိုနိုင်အောင်ဘက်မှာ ပါဝင်ပူးပေါင်းခဲ့ပါတယ်။

ဒီနေရာမှာ အသေအချာပြန်ပြောရရင် မြောက်ပိုင်းပြသနာဟာ တတိယအကြိမ် ညီလာခံ အတွင်းမှာပဲ အဖမ်းအဆီးတွေဖြစ်နေပါပြီ။ ညီလာခံက အောက်တိုဘာလထဲမှာ အဆုံးသတ်ပြီး နှစ်ဖွဲ့ကွဲသွားတာဖြစ်လို့ နောက်ပိုင်းဆက်ဖြစ်တဲ့ မြောက်ပိုင်းကိစ္စတွေဟာ ကိုနိုင်အောင် ကော်မတီနဲ့သာဆိုင်ပါတယ်။

ကိုနိုင်အောင် အကြောင်းပြောရရင် မန်းလေး ဆေးက ကျောင်းပြီးတာဖြစ်လို့ အောင်နိုင်နဲ့က ရင်းနှီးပြီးသူဖြစ်ပါတယ်။ ကျွန်တော်နဲ့စတွေ့ချိန်မှာလည်း ညီတစ်ယောက်လို ရင်းရင်းနှီးနှီး ဆက်ဆံပါတယ်။ ကျွန်တော့်ဘ၀မှာတော့ ဘယ်လိုမှ မေ့ဖျောက်လို့မသင့်တဲ့ လူတစ်ယောက်ပါ။ ညီလာခံအပြီး မြောက်ပိုင်းပြန်ဖို့ ရက်စောင့်နေရင်းနဲ့ သံလွင်စခန်းမှာပဲ ကျွန်တော် ဆက်နေခဲ့ပါတယ်။

အောက်တိုဘာလကုန်ခါနီး ညတစ်ညမှာပဲ ကျွန်တော့်ဘ၀ ကံဆိုးမိုးမှောင် ကျ ခဲ့ရပါတယ်။ ကိုနိုင်အောင်ဦးဆောင်ပြီး သံလွင်စခန်းက ရဲဘော်တစ်စုနဲ့အတူ ကျွန်တော့်ကို လာဖမ်းကြပါတယ်။ ဆရာနေ၀င်းအောင်၊ ကျော်ကျော် (ကချင်) တို့လည်းပါပါတယ်။

“ ကျွန်တော့်မှာဘာအပြစ်ရှိလို့လည်းဗျာ “

လို့ မေးတော့ ကိုနိုင်အောင်က ကြေးနန်းတစ်စောင်ထုတ်ပြပါတယ်။ ကျွန်တော့်ကိုဖမ်းဖို့ မြောက်ပိုင်းက အောင်နိုင်ရိုက်လိုက်တဲ့ ကြေးနန်းပါ။ ကျွန်တော်စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထားပြီး

“ ဥက္ကဌ ကျွန်တော်တို့အဖွဲ့မှားတော့မယ်။ ခင်ဗျားမှာ တာဝန်အရှိဆုံး ။ ဒီပြသနာကို ခင်ဗျားသေချာဖြေရှင်းပါ။”

ကျွန်တော့်ပခုံးကိုလက်နဲ့ပုတ်ရင်း

“ စိတ်ချညီလေး အကိုမကြာခင်မြောက်ပိုင်းသွားမယ်။ ပြန်လာတာနဲ့ မင်းကိစ္စကို တရားမျှတအောင် ရှင်းပေးမယ် “ လို့ ကိုနိုင်အောင်က ပြောပါတယ်။ ဒီပြောစကားတွေနဲ့ပါတ်သက်ပြီး အဲ့ဒီအချိန်က ပါဝင်ခဲ့တဲ့ သံလွင်စခန်းက ရဲဘော်တွေကို သက်သေထူလို့ရပါတယ်။

အခုအချိန်မှာတော့ ကိုနိုင်အောင်မြောက်ပိုင်းသွားတာ ငြင်းစရာမလိုတော့ပါဘူး ။ ဖေဖော်ဝါရီ ၁၂ ရက် မတိုင်ခင်လား ၊ ပြီးမှလား ဆိုတာ ပဲ ကျန်နေတာပါ။

ကျွန်တော် မြောက်ပိုင်းပြန်ရဲဘော် (စွပ်စွဲခံရသူရော၊ မခံရသူရော) အများစုကို တွေ့ပြီးပါပြီ။ မျက်နှာအ၀တ်စည်းထားသူတိုင်း မမြင်ရဘူးထင်ရင် မှားပါလိမ့်မယ်။ မျက်နှာစည်းမထားတဲ့ ရဲဘော်တွေလည်း ရှိနေပါသေးတယ်။ ရိုက်နှက်သွားတဲ့ ကိုနိုင်အောင်က မေ့ချင်ပေမဲ့ အရိုက်ခံရတဲ့ တပ်ရင်း ၅၀၁ က ကိုသိန်းထွန်းကတော့ မမေ့သေးပါဘူးတဲ့။

ရဲဘော်တွေပြောတဲ့ Bossini အင်္ကျီလေးဝတ်ထားတဲ့ ကိုနိုင်အောင်

အာသံကုန်း လူသတ်ပွဲကို အလံတိုင်ကုန်းကကြည့်နေခဲ့တဲ့ ကိုနိုင်အောင်

ကျွန်တော်တိုအားလုံ့း သူ့ကြွေးရှိလို့ဆပ်နေကြရတာပါ။

(အားလုံးစဉ်းစားနိုင်ဖို့ အဖြစ်အပျက်တွေကို နောက်အပိုင်းမှာ ရေးသွားပါဦးမယ်)

Comments