Maung Swan Yi - Articles

တော်လှန်သော သတင်းစာဆရာ - ဂျာနယ်ကျော်ဦးချစ်မောင်
မောင်စွမ်းရည်
မတ်လ ၁၃၊ ၂၀၁၂



ကျနော်တို့ ငယ်ငယ်တုန်းက “စာပေ” ရှိတာကို ဘယ်လိုများစတင် သတိပြုမိလာသလဲလို့ပြန်တွေးမိတဲ့ အခါတွေရှိပါတယ်။ မူလတန်း အထက်တန်းဆင့် ကျောင်းသားအရွယ်မှာအိမ်က လူကြီးမိဘတွေ စာကြောင်း ပေကြောင်းပြောပြပုံတွေကိုနားစွင့်မိပါပြီလို့ သတိရပါတယ်။ “စာကြောင်းပေကြောင်း” ဆိုတာ ဘုရားစာလဲ မဟုတ်။ ကျောင်းစာထဲမှာလဲ မပါတာကိုခေါ်ရမှာပေါ့နှော်။ အဲဒီကာလမှ ကျနော်မိဘတွေနဲ့ ဦးကြီးဦးလေး၊ ဒေါ်ကြီး ဒေါ်လေးတွေဟာ သူတို့ ဖတ်ကြတဲ့ စာအုပ်တွေအကြောင်းကို တယောက်နဲ့ တယောက် သဘောထားဖလှယ်ကြတာမျိုးတွေရှိပါတယ်။ သူတို့ပြောကြတဲ့ စာအုပ်တွေအကြောင်းထဲမှာ “သူလိုလူ” ဆိုတာပါခဲ့ကြောင်း အမှတ်ရနေပါတယ်။

“သူလိုလူ” ဆိုတာ ဂျာနယ်ကျော်မမလေးရေးတဲ့ ဂျာနယ်ကျော်ဦးချစ်မောင် အကြောင်းလို့လဲ တဖြည်းဖြည်းသိလာတယ်။ ဦးချစ်မောင် ထုတ်ဝေတဲ့ “ဂျာနယ်ကျော်” ဆိုတာတွေကိုလဲ ဖတ်ရဘူးပါတယ်။ ဦးချစ်မောင်ဆိုသူဟာ စာသိပ်ဖတ်တယ်၊ စာသိပ်ရေးတယ်၊ အိမ်သာသွား ရင်တောင် စာရေးစာဖတ် မပျက်စေရဘူးဆိုတာလဲ ခဏမကြာပြောဖူးကြပြီး ကျနော်ဦးကြီး ဦးလေးများဟာ ဦးချစ်မောင်ကို အတုယူပြီး အိမ်သာသွားရင် စာအုပ်ယူသွားလေ့ရှိပါသတဲ့။

ကျနော် အထက်တန်းကျောင်းကိုရောက်တော့ စာဖတ်ဝါသနာအတော်ပါနေပါပြီ။ တကယ်တော့ ခုနှစ်တန်း၊ ရှစ်တန်းလောက်ကတည်း ဂျာနယ်ကျော်မမလေးရေးတဲ့ “သူလိုလူ” ရော၊ ဦးချစ်မောင်ရေးတဲ့ “သူ”ရော အထပ်ထပ်ဖတ်ဖူးနေပါပြီ။ အိမ်သာထဲကို စာအုပ်ယူတဲ့အကျင့်လဲ ရနေပါပြီ။ “သူ”ဝတ္ထုထဲက ဇာတ်လိုက်ကိုလဲ အားကျနေတတ်ပါပြီ။ ဂျာနယ်ကျော်မမလေးရဲ့ သူမထွက်လာတော့လဲ ရှာဖတ်လိုက်တာပါပဲ။[ ဒါပေမယ့် “သူ” ဆိုတဲ့ နာမ်စားသာကြားဖူးပြီး၊“သူမ” ဆိုတဲ့ “နာမ်စား” ကို မကြားဘူးတော့ စိတ်ထဲမှာ အူကြောင်ကြောင် ဖြစ်ခဲ့ရဘူးပါရဲ့။] ဘာဖြစ်ဖြစ် “သူ” ၊ “သူလိုလူ”၊ “သူမ” ဆိုတဲ့ စာအုပ်အမည် သုံးခုဟာတခုအကြောင်းတွေးမိ ရင် ကျန်နှစ်ခုအကြောင်းကိုတဆက်တည်း ဆက်လက်တွေးတောမိတာချည်းပါပဲ။ အခုလဲ ဒီသုံးခုအမည်တွေကို မဖော်ပြပဲ မနေနိုင်ပါ။ “သူလိုလူ”ဆိုတဲ့ အမည်ကတော့ တကယ်လူ အကြောင်းဖြစ်လို့ အထ္ထုပ္ပတ္တိစာအုပ် လို့ဆိုရမှာပေါ့။ စိတ်ကူးရင် ဝတ္ထုမဟုတ်ပဲ စိတ်ဝင်စားစရာကောင်းတဲ့ စာတမျိုးပေပ။

နောက်တော့ ဇဝန၊ လူထုဦးလှ၊ သခင်အုန်းမြင့် စတဲ့ တခြားသတင်းစာဆရာတွေနဲ့ ခေတ်ပြိုင်ဖြစ်ပြီး အတူအိပ် အတူစားနေလာခဲ့ကြကြောင်းကို သူတို့ရေးကြတဲ့စာတွေကိုဖတ်ရင်သိရှိလာခဲ့ရပါတယ်။[သခင်အုန်းမြင့်က ဦးချစ်မောင်နဲ့ ဆရာတပည့်ပါ။] ဂျာနယ်ကျော် ဦးချစ်မောင်ဆိုသူ ဟာ သူတပါးကိုအလွန်အားနာတတ်သတဲ့။ သူတပါးအိပ်နေတာအနှောင့်အယှက်ဖြစ်မှာစိုးလို့တဲ့၊ မုန့်လေပွေကိုတောင် မီးဖိုချောင်ထဲသွားပြီး စားသတဲ့ ဒါပေမယ့် အင်္ဂလိပ်အစိုးရနဲ့ တကွ အထက်အရာရှိအားလုံးကိုတော့အားမနာတတ်ပဲ ကိုယ်ယုံကြည်ရာကို သတ္တိရှိရှိစွဲစွဲမြဲမြဲ နောက်မဆုတ်တမ်း လုပ်ဆောင်တတ်သူ ဖြစ်တယ်လို့လဲ သိလာရပါတယ်။

ခောတ်ပြိုင်စာနယ်ဇင်းသမားတွေအကြောင်းကိုလေ့လာဖတ်ရှုရင်း ကြီးပွားရေးဦးလှ (နောင်အခါလူထုဦးလှ ဖြစ်လာသူ)၊ မြန်မာ့အလင်းဦးချစ်မောင်(နောင်အခါ ဂျာနယ်ကျော် ဦးချစ်မောင်ဖြစ်လာသူ) တို့ဟာနှိုင်းယှဉ် စရာဖြစ်လာတာကိုလဲ ပြောကြ ဆိုကြ၊ရေးကြသားကြတာကို မကြာခဏဆိုသလို တွေ့လာရပါတယ်။ သူတို့နှစ်ဦးဟာ တက္ကသိုလ်ပညာကို ဆက်မယူဘဲ တက္ကသိုလ်ကိုကူးပြီးပညာသင်ကြရမယ့်အရွယ်မှာ စာနယ်ဇင်း လောကထဲကို ခြေစုံပစ်ဝင်ခဲ့ကြပုံချင်းက အတော်တူပါတယ်။ အထူးသဖြင့်တော့ ‘လူထု ဦးလှနဲ့လူထုဒေါ်အမာ’ ဆိုပြီး စာ နယ်ဇင်းလောကမှာ ကျော်ကြားသလို၊ ဂျာနယ်ကျော် ဦးချစ်မောင်နဲ့ ဂျာနယ်ကျော်မမလေးဆိုပြီး စာနယ်ဇင်းလောကမှာ စုံတွဲအလိုက် ကျော်ကြားလာပုံချင်းကလဲ အတော်တူပါ တယ်။

လူထုဦးလှနဲ့ ဂျာနယ်ကျော်ဦးချစ်မောင်တို့ဟာ သတင်းစာနဲ့ ဂျာနယ်ကို သူတို့ဘဝတလျှောက် အစ အဆုံး စိုက်လိုက်မတ်လုပ်သွားကြသူတွေဖြစ်ပြီး ဒီလိုလုပ်သွားကြတာကလဲ အဓိကအားဖြင့် စာပေချစ်စိတ်နဲ့ နိုင်ငံချစ်စိတ်ပြင်းပြလွန်းကြလို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးဟာ ဖက်ဆစ်တော်လှန်ရေးကြီးကြုံတော့ နှစ်ဦးစလုံးဟာ ဖက်ဆစ်တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ကြပါတယ်။ လူထုဦးလှက မန္တလေး ဖဆပလအဖွဲ့မှာ ဦးရာဇတ်နဲ့ ဦးဆောင်ပါဝင်ခဲ့သလို ရန်ကုန်ဖဆပလမှာ ဂျာနယ်ကျော်ဦးချစ်မောင်က ဦးဆောင်ပါဝင်ခဲ့ပြီး ဗိုလ်ချုပ်အောင် ဆန်းနဲ့ အတူတူလှုပ်ရှားခဲ့ပါတယ်။ နှစ်ဦးစလုံးဟ စာရေးဆရာအသင်းတွေ မှာလဲ တယောက်က အထက်ဗမာနိုင်ငံ(မန္တလေး)မှာ တယောက် မြန်မာနိုင်ငံဆရာများအသင်း (ရန်ကုန်) ဦးဆောင်ခဲ့ကြပါတယ်။ သူတို့ရဲ့ဦးတည်ချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့လမ်းစဉ်ကို ထောက်ခံပြီး လွတ်လပ်ရေးအတွက် စာပေနဲ့ တိုက်ပွဲဝင်ကြဖို့ပါပဲ။နှစ်ဦးစလုံးဟာ စိတ်ဓါတ်ချင်း ယုံကြည်ချက်ချင်းတူကြပေမဲ့ သူတို့ချင်းမတူ တာ တခုကတော့ လူထုဦးလှက အားကစားသမား ကျန်းမာရေးလိုက်စားသူဖြစ်ပြီး ဂျာနယ် ကျော်ဦးချစ်မောင်က ကျန်းမာရေးဂရုမစိုက်သူ ဖြစ်နေတာပါပဲ။ ဒါပေမယ့် နှစ်ဦးစလုံးဟာ အချိန်ခြားပြီး ကွယ်လွန်သွားကြပေမယ့် “အကြွေစောလေခြင်း’’ လို့ပြည်သူကနှမျော တမ်းတကြရ သူတွေချည်းဖြစ်ပါတယ်။

သူတို့နှစ်ဦးစလုံးမှာကံကောင်းတဲ့ အချက်တချက်ကတော့ အမျိုးသမီးအိမ်ထောင်ဘက်များက သူတို့မှာ လူရေတတ် ပညာတတ်အထက် တန်းလွှာ အမျိုးသမီးအိမ်ထောင်ဘက်တွေ ရွေးချယ်နိုင်ကြပါလျက်နဲ့ စာနယ်ဇင်းထုတ်နေသူများ၊စာရေးဆရာ သတင်းစာဆရာများကို စာပေကို အကြောင်းပြုဆက်သွယ်ရင်းကနေ ပြီး သူတို့နှစ်သက်ရာအမျိုးသားကို သူတို့ဘာသာရွေးချယ်လက်ထပ်ခဲ့ခြင်းပါပဲ။ သတင်းစာဆရာ နှစ်ဦးစလုံးဟာ ၁၀ တန်းအောင်ပြီး တက္ကသိုလ်ဆက်မတက်ကြပဲ သတင်းစာဆရာလုပ်နေသူတွေဖြစ်ကြပြီး သတင်းစာဆရာဆိုတာ အမျိုး သမီးတွေက အိမ်ထောင်ဖက် အဖြစ် စဉ်းစားစရာမဟုတ်တဲ့ နောက်တန်းက လူတွေပါ။ ဆိုလိုတာက အဲဒီခေတ်မှာ အမျိုးသမီးတွေက ဦးစား ပေးပြီး အိမ်ထောင်ဖက်အဖြစ်အရွေးခံရတဲ့ မြို့အုပ်၊အရေးပိုင်၊ အိုင်စီအက်စ်အလောင်းအလျာတွေ မဟုတ်ဘဲသူဌေးသမီးများက ပန်းကုံး စွပ်ခံရသူတွေအ ဖြစ်ကံထူးပုံချင်းတူလှပေတယ်လို့။

လူထုဦးလှကွယ်လွန်တော့ “လူထုချစ်သမျှ လူထုဦးလှ’’ ဆိုပြီး ငှားရေးကြတဲ့ စာအုပ်တွေထွက်လာပါတယ်။ ခုနေအခါပြည်သူချစ်သမျှ ဦးချစ်မောင်ဆိုပြီး စာအုပ်ထုတ်မယ်ဆိုရင် လုပ်ဖော်ကိုင်ဖက် ရွယ်တူတန်းတူတွေအလွန်နည်းသွားပါပြီ။ “သူလိုလူ’’ ကိုဖတ်ရင်းသတင်းစာဆရာဖြစ်လာသူတွေကပဲရေးကြ မှာဖြစ်ပါတယ်။ ဦးဝင်းတင်၊လူထုစိန်ဝင်း၊ဦးသာဘန်း၊ မောင်ဝံသ၊မောင်မိုးသူတို့လို “လူငယ်’’ ဟောင်းကြီးတွေ ကလဲရေးပြပေလိမ့်မယ်။ ဒါပေမဲ့တကယ့်လူဟောင်းကြီးတွေရေးကြတဲ့ စာတွေကိုလဲ ပြန်စုကြပေလိမ့်မယ်။ ကျနော့်ဆီမှာ အခုလောလောဆယ်မှာတော့ ဗိုလ်လက်ျာရဲ့စာတပုဒ်ရှိနေပါတယ်။ ဦးချစ်မောင်ကွယ်လွန်တာ ၁၅ နှစ်အကြာမှာ ထုတ်ဝေခဲ့တဲ့စာအုပ်လေး ထဲမှာ အမှာစာအဖြစ်ရေးခဲ့တာပါ။ ဦးချစ်မောင်နောက်ဆုံးရေးခဲ့တဲ့ “ဂျာနယ်ကျော်တော်လှန်ရေးစာစောင်’’ ကို စာအုပ်ငယ်အဖြစ် ဂျာနယ် ကျော်မမလေးက ထုတ်ခဲ့တာပါ။ သားဂျာနယ်ကျော် ကိုမိုးဟိန်းမကွယ်လွန်မီကလေးက အမေရိကားကိုလာတော့ တင်မိုး၊ မောင်စွမ်းရည် တို့နှစ်ဦးနဲ့ နေ့နေ့ညည အတူအိပ်အတူစားနေသွားခဲ့တော့ “ဂျာနယ်ကျော်တော်လှန်ရေးစာစောင်’’ လေး ပြန်မထုတ်သေးဘူးလားလို့မေး လိုက်မိတယ်။ စာပေစီစစ်ရေးကိုတင်တော့ ထုတ်ခွင့်မပေးဘူးလို့ဆိုပါတယ်။ ဗိုလ်လက်ျာရဲ့အမည်ပါလို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ စာအုပ် ကလေးက စာမျက်နှာ ၆၀ ကျော်ရုံလေးပဲရှိပါတယ်။

ဗိုလ်လက်ျာဆိုတာ ပန်းချီအဆွဲလဲကောင်း၊စာရေးလဲ ကောင်းသူ အနုပညာသမားဖြစ်ပါတယ်။ ဂျာနယ်ကျော် တော်လှန်ရေးဂျာနယ်နောက်ဆုံးထုတ်ကို ဗိုလ်ချုပ်အောင်ဆန်းဖတ်ရတော့ ဗိုလ်ချုပ်က “ဒီလူဟာ လူရိုးလူကောင်းတယောက်ဗျ၊ ကျနော်တို့ရှင်းလင်းစရာတွေ ဦးချစ် မောင်ရဲ့ဆောင်းပါးနဲ့ပဲ အတော်ကြီးရှင်းသွားပြီ’’ လို့ မှတ်ချက်ချခဲ့ကြောင်းကို ဗိုလ်လက်ျာကရေးပါတယ်။ စာစောင်လေးမှာ အခန်းငါးခန်း လောက်ခွဲပြီး ရေးခဲ့ပါတယ်။ တော်လှန်ရေးပြီးစမှာ မလိုသူတွေက တော်လှန်ရေးကို သွားပုတ်လေလွင့်ပြောခဲ့ကြတာကို ဒေါနဲ့မောနဲ့ အချက်ကျကျချေပရေးသားထားတာပါ။ တကယ့်ကို ဗြန်းဗြန်းကွဲရေးသားဟန်ပါပဲ။ ပထမ အခန်း (၁) မှာ (၁) “ဂျပန်အောင်ဆန်း ခေါ်လာသည်ဆိုတော့ စွပ်စွဲချက်မှာ မှန်သလား၊ မှားသလား” လို့ ခေါင်းစီးတပ်ထားတယ်။ ဒုတိယအခန်းမှာ (၂) “ဂျပန်ကိုထပြီးတော်လှန်ကြ ခြင်းသည် အင်္ဂလိပ်နိုင်ခါနီး၍သာဆိုခြင်းမှာ ဟုတ်သလော၊ လုံးဝမဟုတ်” လို့ ခေါင်းစီးကပ်ထားပါတယ်။ နောက် အခန်းသုံးကိုလဲ အလားတူပဲ ခေါင်းစဉ်တွေတပ်ပြီး တခန်းချင်း အချက်ကျကျဖြေရှင်းထားပါတယ်။ ဒီစာအုပ်လေးကို ဒီနှစ်အတွင်းပြန်ထုတ်ဖို့ကောင်းပါတယ်။(ထုတ်ခဲ့ရင်ကျနော်ဆီကို လှမ်းမှာပါ။ မရှိရင်ပေါ့။)

ဗိုလ်လက်ျာက ဗိုလ်အောင်ဆန်းရဲ့အဆိုကိုထောက်ခံပြီး အခုလိုဆက်ရေးပါတယ် “အမှန်ပင် ဦးချစ်မောင်သည် ရိုးရိုးအေးအေးခပ် ကုတ် ကုတ်နေပြီး တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့သည်။ သူအားရိုးရိုးမျိုးချစ် သတင်းစာဆရာတဦးအနေနှင့်သာ လူသိများသည်။ ထို့ထက်ကျော် လွန်၍သိသူ အလွန်ရှားသည်။တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့သမျှ သူဟာရှေ့တန်းသို့ ဘယ်သောအခါမှမထွက်လို၊ မထွက်ခဲ့၊ နောက် ပိုင်းမှ လိုလေသေးမရှိ၊ ငွေအားလူအား၊ အကြံဥာဏ်အားများသာတတ်နိုင်သမျှပေးလိုသည်၊ပေးခဲ့သည်။ ဝန်ကြီး ဂုဏ်ထူး ရာထူးများကိုလဲ မမျှော်မှန်း၊ အမတ်ဖြစ်ဖို့ စိတ်မကူး၊ တိုင်းကျိုးပြည်ကျိုးကို တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ရလျှင် ကျေနပ်တတ်သောပုဂ္ဂိုလ်ပင်ဖြစ်သည်။ မှန်သည်ထင်က စကားပြောချိုသလောက် တင်းတင်းမာမာ ပြုလုပ်တတ်သည်။တိကျမှုရှိသည်။ မယိမ်းမယိုင်တတ်ပေ။ သူသည်ဂျပန်ခေတ် မှစ၍ လူမသိအောင် နိုင်ငံရေးကို ဇောက်ချလုပ်လာသည်။ တိုင်းပြည်အတွက်ကျွန်တော်တို့အတွက် တိတ်တိတ်ကြိတ်၍ မည်သည့်တာဝန် ပေးပေး ရိုးရိုးသားသားတာဝန်ယူသည်။ ကုန်စရာရှိရင် အိပ်ထဲမှ စိုက်၍အကုန်ခံသည်။ တခါတရံ ၎င်း၏ဇနီးပင် သိမည်မထင်။

ဂျပန်တော်လှန်ရေး နီးလာသောအချိန်၌ တပ်များနှင့်လိုက်ရန်တာဝန်ယူမည် ဟုပြောလာသည်။ ကျွန်တော် မအံ့သြပေ။သူ၏မျိုးချစ်စိတ်ကိုသိပြီးဖြစ်သည်။ သူ၏ခံစားချက်ကိုလဲသိပြီးဖြစ်သည်။ ဂျပန်ခောတ်တွင်များသော အားဖြင့် သူတို့ အိမ်သားတစုသည် ဂျပန်တဦးနှင့်ဖက်စပ်၍ အိမ်တအိမ်တွင်အတူနေလေ့ရှိသည်။နေရင်းနှင့် ဂျပန်ဆန့်ကျင်ရေးလုပ်ငန်းကြီးကို ပိပိရိရိလုပ်သည်။ သူယူထားသောတာဝန်ကြီးကို အခြေ အနေအရ ရပ်ဆိုင်း၍မထား တနေ့မလုပ်ရလျှင် တနေ့စာအန္တရာယ်ပိုကြီးသည် ဟုအောက်မေ့လေ့ရှိသည်။

ဗိုလ်လက်ျာရဲ့ နောက်ဆုံးစာပိုဒ်မှာတော့ “သို့နှင့်နေ့မအား ညမအား ဖဆပလအတွက်ကြိုးပမ်းဆောင်ရွက်ရင်း မကျန်းမာဖြစ်ပြီး အနိစ္စရောက် ရှာသည်” တဲ့။

ဖဆပလမှာ အသက်ရင်းညပီးလုပ်နေသူကို ဗဟိုခေါင်းဆောင်တဦးဖြစ်တဲ့ သခင်စိုးတောင်မသိခဲ့။ ရန်ကုန်မှာ ဂျန်ပန်ပြေးပြီးတော့ ဖဆပလ ကို လူသိရှင်ကြားပြန်လည်ဖွဲ့ စည်းတဲ့အခါမှာ ဦးချစ်မောင်ထည့်သွင်းဖို့ အဆိုပြုတဲ့အခါ သခင်စိုးက ကန့်ကွက်ခဲ့ပါတယ်။ သခင်သန်းထွန်းက ”ဂျပန်တော်လှန်ရေးကာလမှာ တလျှောက်လုံးဖတ်လာခဲ့ရတဲ့ (ကမ္ဘာအရေး၊ မြန်မာ့အရေးနဲ့ ဂျပန်တို့လှုပ်ရှားမှု) စာတွေဟာ ဘယ်သူလုပ်နေ တယ်မှတ်သလဲ” ဆိုမှ “သြ - သူလား” ဆိုပြီးချက်ခြင်းမဆိုင်းလက်ခံဖို့ သဘောတူလိုက်ပါသတဲ့။ အဲဒီလို အင်္ဂလိပ်ဖီဆန်ရေး၊ ဂျန်ပန်တော် လှန်ရေးရှေ့မှာပါဝင်ခဲ့တဲ့ တော်လှန်သောသူရဲကောင်း သတင်းစာဆရာကြီးကို နောင်ခေတ်အဆက်ဆက်စာပေလူငယ်တွေက အလေးအနက်ထားလေ့လာဆည်းပူးနည်းယူကြပါစို့။

Comments