Kyaw Thu - FFSS Yangon Activity,

မြေကြီးကို (ကလိ) ထိုးရုံမျှနှင့် စိုက်နိုင်သောသစ်ပင်များ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၁၁၊ ၂၀၁၂




နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လစဉ်လတိုင်း ကျင်းပလျှက်ရှိသော မြန်မာစာပေဟောပြောပွဲတရပ်အား ၂၀၁၂ ခုနှစ်၊ ဧပြီလ ၈ ရက်၊ (တနင်္ဂနွေနေ့) နေ့လည် (၁း၀၀) နာရီအချိန်တွင် ၁၃/က ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက် မြောက်ဒဂုံမြို့နယ်တွင် ကျင်းပခဲ့ပါသည်။ ဒဿမ အကြိမ်မြောက် မြန်မာစာပေဟောပြောပွဲတွင် ဆရာအော်ပီကျယ်သည် “ကူ၍တွန်းပေးပါ” ဟူသောခေါင်းစဉ်ဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ စာပေချစ်မြတ်နိုးကြသော လူငယ်လူရွယ်များအတွက် ဟောပြောသွားခဲ့ပါသည်။

“ဇွန်ပန်းရုံအနီး …
လှည်းဘီး … နွံထဲကျွံနေသည်
လေးလွန်း၍ … မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်း၍ … ရွှေ့နိုင်သည်။” ဟူသောကဗျာအားရွတ်ဆို၍ ကျွန်ုပ်တို့မြန်မာနိုင်ငံတော်သည် ရေ၊ မြေ၊ သယံဇာတ ပေါကြွယ်ဝပါသော ကြောင့် ဇွန်ပန်းကဲ့သို့မွှေးကြိုင်၍နေပါသဖြင့် လူငယ်လူရွယ်များတို့သည် ဇွန်ပန်းရနံ့အားခံစား၍ နေနေကြသည်ကို တွေ့နေမြင်နေရသဖြင့် ထိုကဲ့သို့မနေကြဘဲ နွံ့နစ်နေသောလှည်းဘီးအား ပြိုင်တူတွန်း၍ ရွှေ့နိုင်ကြောင်း၊ အခြားပြည်ပနိုင်ငံများဖြစ်သော စင်္ကာပူနိုင်ငံ၊ ဒူဘိုင်း (UAE) နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံတို့သည် အပင်စိုက်ရာတွင် ရေများလည်းအပင်သေ၊ ရေနည်းလည်းအပင်သေသဖြင့် ခက်ခဲစွာ ပညာ ရှင်များနှင့် ဂရုတစိုက် စိုက်ပျိုး၍ စိုပြေလှပမှုကို ရယူနေရကြောင်း၊ မြန်မာနိုင်ငံသည် သစ်ပင်၊ ပန်းပင်စိုက်ရာတွင် မြေကြီးအား (ကလိ) ထိုး၍ စိုက်ရုံမျှလောက်နှင့် အပင်ပေါက်နိုင်ကြောင်း ဟာသဉာဏ်နှောကာ ပြောကြားသွားခဲ့ပါသည်။





ဆက်လက်၍ မိမိတို့ နေထိုင်ရာမြန်မာနိုင်ငံ၏ မြေကြီးအောက်ခြေတွင် သယံဇာတများသည် ထုထည်၊ ကုဗ မည်မျှရှိသည် မည်မျှထွက်သည် ကို လူငယ်လူရွယ်များမသိရှိကြဘဲ အိမ်နီးချင်းနိုင်ငံများက သိရှိကြ၍ တန်ဖိုးနည်း ပေးဝယ်ခြင်းအားခံရပြီး တိုင်းပြည်မည်မျှနစ်နာသွားသည် ကို မသိကြကြောင်း၊ ထိုကဲ့သို့နွံ့ထဲနစ်နေသည်ကို မြန်မာလူငယ်လူရွယ်များသည် မသိကြကြောင်း၊ ထိုသို့သိရန် နည်းပညာ၊ ဗဟုသုတ၊ ပညာ၊ လူမှုဆက်ဆံရေး သိဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ တိမ်ကောခဲ့သောမြစ်များနှင့် မြစ်တစ်စင်းသေရင် ရေစုတ်စက် တစ်သိန်း လောက်နှင့်လည်း ပြန်စုတ်၍မရနိုင်ကြောင်း၊ ယနေ့ခေတ်သည် ဒီမိုကနေစီခေတ်ဖြစ်သဖြင့် လူငယ်လူရွယ်များသည် သိအောင်လုပ်သင့် ကြောင်း၊ ထို့ကြောင့် မြစ်များမတိမ်ကောစေရန် လူငယ်လူရွယ်များအား မိမိတို့၏ မိခင်မြန်မာပြည်ကြီးအား နွံ့ထဲသို့မနစ်မြုပ်စေရန် နှလုံးသား နှင့်မစဉ်းစားဘဲ ဦးနှောက်ဖြင့်စဉ်းစားကာ “ကူ၍တွန်းပေးပါ” ဟူ၍ ခေါင်းစဉ်ဖြင့် မျှဝေဟောပြောသွားခဲ့ပါသည်။

နာရေးကူညီမှုအသင်းရှိ အသင်းသား/သူ လူငယ်လူရွယ်များအား နာရေးကူညီမှုလုပ်ရာတွင် ယုံကြည်မှု (Trust)၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ အုပ်ချုပ်တတ်မှုတို့သည် အရေးကြီးကြောင်း နာရေးမှမဟုတ်ဘဲ မည်သည့်အသင်းအဖွဲ့တွင်မဆို ၎င်းအရာများမရှိပါဘဲနှင့် ပါဝင်လာပါက မအောင်မြင် မပေါက်ရောက်နိုင်ကြောင်း ပြောကြားသွားခဲ့ပါသည်။ မည်သည့်ခေါင်းဆောင်မှ မြတ်စွာဘုရားလောက် ခွင့်လွှတ်မှု၊ သည်းခံမှု အပြည့်မရှိနိုင်ကြောင်း၊ ကိုယ်ကိုယ်တိုင်တောင် မှန်ကြည့်ပြီး ကဲ့ရဲ့ကာ အမြင်ကတ်နေကြောင်း၊ ထို့ကြောင့် ဖြည့်ဆည်း၍ နားလည်ပေးကြကာ ခရီးဆက်သင့်ကြောင်းကို ဝေမျှသွားခဲ့ပါသည်။ ခေါင်းဆောင်က တစ်၊ နှစ်၊ သုံး… “တွန်း” ဟုဆိုရာတွင် တွန်းတဲ့သူနည်းပါတယ်။ ထို့ကြောင့် ညီညွတ်ဖို့လိုပါကြောင်း၊ မြန်မာများသည် သနားကြင်နာတတ်သည်။ သို့သော် ညီညွတ်ဖို့ရန် လိုအပ်ပါသည်။ ဒီမိုကရေစီအကြောင်းသိအောင် ကြိုးစားကြပါရန်လည်း တိုက်တွန်းသွားခဲ့ပါသည်။

“ကျွန်းတုံးတစ်တုံးကိုတွန်းရာတွင် ခိုတဲ့သူပါရင်လေးပါတယ်။ တစ်ပြိုင်နက်တည်းမတွန်းရင် လေးပါတယ်။ ဦးနှောက်အသိဉာဏ်မရှိရင် လေးပါတယ်” ဒါ့ကြောင့် ကူ၍တွန်းပေးကြပါဟု ဆရာအော်ပီကျယ်မှ သတိပေးပြောကြားသွားခဲ့ပါသည်။

ထို့ကြောင့် ဆရာအော်ပီကျယ်ဧ။် “ကူ၍တွန်းပေးပါ ” ဟူသောစာပေဟောပြောပွဲသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အ သင်းသား/သူများ၊ မျိုးဆက်သစ်လူမှုရေးခေါင်းဆောင်များအတွက် တန်ဖိုးမဖြတ်နိုင်သော အတွေးအခေါ်များ၊ အသိဉာဏ်များ တိုးပွားလာ စေကာ ရှေ့ဆက်လျှောက်ရမည့် အနာဂါတ်ဒီမိုကရေစီနိုင်ငံတော်ကြီးအတွက် များစွာအထောက်အပံ့ကောင်းများရရှိစေကာ ပြည်သူပြည် သားအားလုံး စည်းလုံးညီညွတ်စွာဖြင့် သယံဇာတပေါကြွယ်ဝသော ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးအား ကာကွယ်၊ စောင့်ရှောက်၊ ထိန်း သိမ်းကြရန် အရေးကြီးပါကြောင်း သိရှိလိုက်ရပါတော့သည်။

Comments