Tu Maung Nyo - Oath Time at Nay Pyi Daw

 ကျမ်းသစ္စာဆိုကြရာဝယ်
တူမောင်ညို ။ ဧပြီလ ၁၂၊ ၂၀၁၂
၂၄ မတ်၊ မြန်မာ့အလင်းသတင်းစာတွင်  “--- ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေး ခေတ္တ ရပ်နားမည်၊ အရေးတကြီးဆုံးဖြတ်ရန်ကိစ္စများ ပေါ်ပေါက်လာနိုင်သည့်အတွက် ယခု ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးကို ဧပြီလ(၂၃)ရက်တွင် ခေါ်ယူရန်ရှိကြောင်းနှင့် ခေါ်ယူရန်မလိုသည့် အခြေအနေဖြစ်ပါက ကိုယ်စားလှယ်များထံ အချိန်မီ အကြောင်းကြားမည်ဖြစ်ပါကြောင်း--- ” ဖေါ်ပြထားပါတယ်။
          လွှတ်တော်ရုံးညွန်ကြားရေးမှူးက ကြားဖြတ်ရွေးကောက်ပွဲမှာ (၄၃) နေရာရွေးချယ်ခံရတဲ့ (NLD) ပါတီ တာဝန်ရှိသူများထံ လွှတ်တော်တက်ရန်အကြောင်းကြားထားပြီးဖြစ်ပါတယ်။ ဒီတော့ ၂၃ ဧပြီ မှာ လွှတ်တော်ကျင်းပဖို့ သေချာနေပါပြီ။
          (NLD) ပါတီကလည်း သူ့တို့ရဲ့ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များကို ဧပြီလ ၁၉ - ၂၀ ရက်များမှာ ပါတီဌာနချုပ်သို့ လာရောက်ကြရန် ဆင့်ခေါ်ထားပြီးလည်းဖြစ်ပါတယ်။
          လွှတ်တော်ထဲမှာ (NLD) ပါတီ က ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ဘာတွေဆွေးနွေးကြမှာလဲဆိုတာထက် ပထမ ဦးဆုံး လုပ်ကြရမယ့် အလုပ်ကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံး လွှတ်တော်ရှေ့ မှောက်မှာ “ကျမ်းသစ္စာ” ပြုကြရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါဟာ ရွေးချယ်ခံရတဲ့လွှတ်တော်ကိုယ်စားလှယ်တိုင်းပြုလုပ်ကြရမယ့် တာဝန်တစ် ရပ်ဖြစ်ပါ။
          ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၊ စာမျက်နှာ (၁၉၂)၊ ဇယား ၄ “ ကတိသစ္စာပြုချက် သို့မဟုတ် ကျမ်းသစ္စာဆို  ချက် ပုံစံ ” မှာ “--- ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရပြီး ဖြစ်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည် --- ”စသဖြင့် ရေးသားဖေါ်ပြထားပါတယ်။ဒီအချက်ဟာ (NLD) ပါတီက ပြင်ဆင်ဖို့ တောင်းဆိုခဲ့တဲ့ အချက်ဖြစ်ပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ၆၊ ပုဒ်မခွဲ (ဂ) တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြခံဥပဒေ ကို ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့် စကားရပ်ကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် (၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၁၁ )“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ” ထုတ်ပြန်၍ “(ဂ) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး”  ဟူသည့်စကားရပ်ဖြင့်ပြင် ဆင်ပေးခဲ့ပြီးဖြစ်ပါတယ်။
သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၊ စာမျက်နှာ (၁၉၂)၊  ဇယား ၄ “ ကတိသစ္စာပြုချက် သို့မဟုတ် ကျမ်း သစ္စာဆိုချက်ပုံစံ ” တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် ပြီး နိုင်ငံတော်၏ ဥပဒေများကို လည်း လိုက်နာပါမည် --- ” ဟူ၍ ဖေါ်ပြထားဆဲဖြစ်ပါတယ်။
ယင်းအချက်ကို ပြင်ဆင်ပြီးမှ ကျမ်းသစ္စာကြိမ်ဆိုမည်လော၊ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၊ စာမျက်နှာ (၁၉၂) ဇယား ၄ မှာဖေါ်ပြပါရှိတဲ့အတိုင်း ကျမ်းသစ္စာကျိမ်ဆိုကြမည်လောဆိုသည့်အချက်မှာ ယခုအချိန်အထိ ရှင်းရှင်းလင်းလင်းမရှိသေးပါ။ အခြေခံဥပဒေမှာ ဖေါ်ပြထားသည့်အတိုင်း တစ်စုံတစ်ရာ ပြင်ဆင်ထားခြင်းမရှိသေးလျှင် နဂိုပြဋ္ဌာန်းဖေါ်ပြထားသည့်အတိုင်းသာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ထို့အပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပါစကားရပ်အကြောင်းအချက်များနှင့် အသစ်ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် စကားရပ်အကြောင်း အချက်များဟာ  ကွဲလွဲမှုမရှိဘဲ၊  တစ်ထပ်တည်းတူညီနေရန်လိုအပ်ပါတယ်။
 သို့သော်လည်း ပုဒ်မ (၆၅) ရှိ သမ္မတနှင့် ဒုတိယ သမ္မတများ ကတိသစ္စာပြုချက် ( “--- ဤနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး ---” ) သည်ပင်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၊ စာမျက်နှာ (၁၉၂)၊ ဇယား ၄ ၊ ကတိ သစ္စာပြုချက်သို့မဟုတ်ကျမ်းသစ္စာဆိုချက်ပုံစံ (“---နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော် ၏ ဥပဒေများကိုလည်းလိုက်နာပါမည် --- ” )တွင် ဖေါ်ပြချက်များနှင့် တစ်ထပ်တည်းကိုက်ညီခြင်းမရှိဘဲ။ ကွဲလွဲနေပါတယ်။
ထိုသို့ ကွဲလွဲနေခြင်းများနှင့်ပတ်သက်၍ အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပွားခဲ့လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ကိုသာ အတည်ယူရမည်ဖြစ်သော်လည်းဖွဲ့စည်းပုံအခြေခံဥပဒေ၌ပင်လျှင် တစ်နေရာစကားလုံးတစ်မျိုးဖြစ်နေသဖြင့်မည်သည့်နေရာက စကားလုံး အတည်ယူကြမလဲ ဆိုသည့်ပြဿနာရှိနေပါတယ်။
          ထို့အပြင် ပုဒ်မ (၆၅) နှင့် စာမျက်နှာ (၁၉၂)၊ ဇယား ၄ “ ကတိ သစ္စာပြုချက်” ကို  ပြင်ဆင်မည်ဆိုလျှင် အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ ပုဒ်မ ၄၃၆( ခ) နှင့်အညီ ပြင်ဆင်ပေးရမည်ဖြစ်ပါတယ်။ သို့အတွက် ထိုအချက်ကို ပြည်ထောင်စု လွှတ်တော်က (NLD) ပါတီမှ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ထဲဝင်ရောက်မလာသေးမီ အချိန်ယူ၍ ဗွေဆော်ဦး ပြင်ဆင်ချက်အဖြစ် ပြင်ဆင်ပေးမည်လော။

ယင်းအချက်ကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးတို့က  တိတိကျကျ ဖြေရှင်းဆောင်ရွက်ပေးရမည်ဟု ယူဆပါတယ်။
 ယခုကိစ္စသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ နိုင်ငံရေးပါတီတစ်ခု၊ အုပ်စုတစ်စုအတွက် သီးသန့်ကိစ္စမဟုတ်ဘဲ၊ အများပြည်သူ တစ်ရပ်လုံးနှင့်သက်ဆိုင်ပြီး တတိုင်းတပြည်လုံး၏ အနာဂတ်ရေးနှင့်လည်းဆက်စပ်နေသည့်ကိစ္စဖြစ်ပါတယ်။
“ထိန်းသိမ်းကာကွယ်ရေးလား/ လေးစားလိုက်နာရေးလား ” ကိစ္စ ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ပြီး၊ “လေးစားလိုက်နာ”ဟု ပြင် ဆင်ပေးခဲ့သဖြင့် ပါတီတရားဝင်မှတ်ပုံတင်ခဲ့သော (NLD) ပါတီအနေဖြင့်လည်း အဆိုပါ အချက်နှင့်ပတ်သက်၍ မည်ကဲ့သို့သဘော ထားသည်ကို ရှင်းလင်းထုတ်ပြန်ပေးဖို့ လိုအပ်ပါတယ်။
(NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၁ ရက်နေ့ ၊ နေပြည်တော်သို့သွားရောက်၍ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံရာ တွင် ဖေါ်ပြပါ “ထိန်းသိမ်းကာကွယ်ရေးလား/ လေးစားလိုက်နာရေးလား ” ဆိုသည့် ကိစ္စပါဝင်နေသလားဆိုသည့် အချက်နှင့် မည်သည့် အချက်များကိုဆွေးနွေးကြပြီး မည်သို့သောရရှိချက်များနှစ်ဦးနှစ်ဖက်ရရှိခဲ့ကြသည်ကို အများပြည်သူကစိတ်ဝင်တစားသိရှိလိုပါကြောင်းနှင့် ပြည်သူအများသိရှိစေရန် ထုတ်ပြန်ပေးဖို့လိုအပ်ပါတယ်။

ညွန်း

-       ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)  ၊ ၂၀၁၀ မေ၊
-       “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ
         
         

Comments