Phoe Htet - Articles

ခင်ညားဂျီးတို့သာ အမှန်
ဖိုးထက်
မေ ၇၊ ၂၀၁၂



ငယ်ငယ်က လူကြီးသူမတွေရှေ့ကနေ အချိုးမပြေ ဆရာလုပ်မိပြီဆိုရင် “ကိုင်း ဟုတ်ပါပြီကိုတတ်ပရယ်..ဟုတ်ပါပြီ” ဆိုပြီးပြောတာ ခံရဘူး ပါတယ်။ အလိုက်ကန်းဆိုးမသိ၊ ကိုယ့်ဘာသာ ဘယ်ရောက်လို့ရောက်နေမှန်းမသိ ပြောတာ၊ ဆိုတာတွေကို အတွေ့အကြုံရင့် ပညာရင့် လူကြီးတွေက အငေါ်တူးတာပါ။

ကလေးကနေ လူကြီးဖြစ်လာတဲ့ ဒီအရွယ်မှာတော့ အပြောခံကျနော်က တခါတရံပြောသူနေရာကို ပြန်ပြန်ရောက်ချင်ရလောက်အောင် စိတ် ခုစရာလေးတွေ တွေ့လာရတယ်။ အတွေ့အကြုံ၊ ပညာရင့်လို့တော့ မဟုတ်ပါဘူး။ ခပ်ငေါ့ငေါ့ပြောပြစ်ချင်တဲ့စိတ်ကလေးတခု ခံစားလိုက် ရတာကို ပြောချင်တာပါ။

ဒီခေတ်အခါ ဒီအချိန်ကြီးမှာ အင်တာနက် ပုံမှန်သုံး၊ သတင်းတွေ ပုံမှန်ဖတ်၊ Facebook မှာ ဝေမျှကြတဲ့ လူအမျိုးမျိုးရဲ့ အမြင်အမျိုးမျိုးကို ဂရုတစိုက်ဖတ်ဖြစ်ရင် မြန်မာနိုင်ငံကြီးနဲ့ ပတ်သက်သမျှ သတင်း၊ ပလင်း၊ အတင်းတွေ သိရနိုင်ပါတယ်။ ကျနော်လဲ ထို့အတူဘဲပေါ့။ ဒေါ် အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွဲနိုင် နွားနိုင် နိုင်တာ ပြီးခဲ့ပါပြီ။ ကြားထဲမှာ စကားလုံးတခုအတွက် အဖုအထစ်အနည်းငယ်ဖြစ်သွားတာလည်း ဖြစ်ခဲ့ပြီ။ ဒါပေမယ့် NLD ရေးကောက်ပွဲနိုင်တာကို အောက်ကလိအာအသံလေးတွေ၊ ရိတိတိပြော ချင်တဲ့အသံလေးတွေ ဟိုက၊ ဒီကကြားနေရသေးတာ အံ့သြလို့မဆုံးနိုင်ဘူး။

NLD နိုင်တာကို မီဒီယာတွေ ဘက်လိုက်လို့ပါလို့ ပြောသူလဲ ပြောရဲ့။ ကြော်ငြာကောင်းတဲ့ ပစ္စည်းပေါက်သွားသလိုပေါ့လို့ မှတ်ချက်ပေးသူလဲ ရှိရဲ့။ လူထုက သိပ်မသိသေးတော့ဆိုပြီး သူ့ဘာသာ ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူလူထုကို စော်ကားလား စော်ကားရဲ့။ ပြည်သူလူထုကဘဲ ပညာနည်း၊ အသိနည်းသလိုလို။ မြန်မာပြည်သူလူထုဟာ ပညာနည်းရင်နည်းပါမယ်။ အသိတော့ မနည်းဘူး။ ဘယ်သူက လူဆိုး၊ ဘယ်သူက လူကောင်းဆိုတာ ကလေးကအစ၊ ခွေးကအစ သိကြတာ များပါတယ်။ မတတ်သာလို့သာ၊ ကြောက်လို့သာ ပါးစပ်ရေငုံပြီး နေချင်နေမယ်။ စိတ်ထဲကတော့ နေသေးသပခြုံထဲက လူတွေအများကြီးမှ အများကြီး။ ဒီမိုကရေစီရင့်ကျက်ပြီးတဲ့ နိုင်ငံကြီးတွေလို စကားရေ လုပွဲလေးတွေလုပ်ပေးရင် ပညာနည်းလို့ ပါးစပ်ကသာနိုင်အောင် ပြောချင်မှပြောနိုင်လိမ့်မယ်။ လက်ကတော့ပါလာမှာ သေချာတယ်။

စစ်ဗိုလ်လူထွက်ကြီးတွေ၊ ကိုယ်ကျိုးငဲ့တာ အသားကျနေတဲ့လူကြီးတွေရဲ့အသံတွေကို သိပ်တော့မအံ့သြပါဘူး။ ဒါပေသိပေါ့လေ ဒီမိုကရေ စီရေးအတွက် နယ်စပ်မှာ အလုပ်လုပ်နေသူတွေ၊ ပြည်ပနိုင်ငံတစ်ခုခုမှာနေရင်း တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းပြီး ကူညီညာ ရိုင်းပင်းသူတွေ ကိုယ်တိုင်က အရောင်အသွေး၊ အငြိအစွန်းမလွတ်ဘဲ ဒေါ်စုရပ်တည်ချက်ကိုတိုက်ခိုက်ချင်တဲ့စကားသံတွေကျတော့ ကျနော်ဖြင့် နားကိုမ လည်ဘူး။

ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက် စွန့်လွှတ်အနစ်နာခံရတယ်ဆိုတာ ရှင်းပါတယ်။ ဦးအောင်ဆန်းဦးလို မသိလိုက်မသိဘာသာနေလည်း ရနေတာဘဲ။ သူ့ပညာအရည်အချင်းနဲ့ ဒီကမ္ဘာကြီးရဲ့ ကြိုက်တဲ့နေရာမှာ ကြိုက်သလိုနေပြီး စာလေးဖတ်၊ စာလေးရေး၊ သားနှစ်ယောက်နဲ့ အေးအေးဆေးဆေး မပူမပင် မတောင့်မတ နေစမ်းပါလေ့။

ဒေါ်စုနေရာမှာ နည်းနည်းလောက် ၀င်ပြီး ခံစားကြည့်တာနဲ့တင် အတော်ခေါင်းခြောက်ပါတယ်။ စစ်အစိုးရကြီးလုပ်ထားလို့ အူထဲ အသဲထဲက ကြောက်နေတဲ့ ကြောက်စိတ်တွေနဲ့ ပညာအရည်အချင်းနည်းတဲ့လူထုကြီးကို လမ်းမှန်ရောက်အောင် ခေါင်းဆောင်ရမယ်။ တဖက်က နောက်ကြောင်းမပြန်ပါဘူးလို့ပြောနေပေမယ့် ၀ိုင်းကြီးပတ်ပတ်သွားချင်နေတဲ့ အာဏာရလူတချို့က ရှိပါသေးတယ်။ ဒေါ်စုနဲ့ NLD အဖွဲ့အစည်း ခြေလှမ်းအမှားကို စောင့်ကြည့်နေတဲ့ ဂုရုတွေကလည်း မနည်းလှဘူး။ မငြိမ်းချမ်းနိုင်သေးတဲ့ တိုင်းရင်းသားအရေးကိစ္စတွေက တပုံတခေါင်း။ နိုင်ငံတကာကလာတဲ့ခေါင်းဆောင်တွေနဲ့ သင့်တင့်လျောက်ပတ်အောင် စကားတွေ၊ တွေ့ဆုံပွဲတွေလဲ လုပ်ရပါသေးတယ်။

ကျနော့်တစ်ကိုယ်ရေခံစားချက်အရသာဆို မြန်မာနိုင်ငံရဲ့တန်းတူညီမျှရေး၊ ဒီမိုကရေစီအရေးတွေကို အမြန်ပြီးစေချင်လှပြီ။ ဘယ်သူက မြန် မြန်မပြီးစေချင်လို့လဲလို့ မေးခွန်းမေးချင်စရာ။ ဆိုလိုတာက ဒေါ်စုမပါဘဲ မြန်မာနိုင်ငံကြီးကို အပြစ်ကင်းကင်းဆွဲတင်သွားတာကို ဆိုလိုချင် တာ။ ဒီအချိန်မှာ ဒေါ်စုတစ်ခုခုဖြစ်သွားပြီဆိုရင် အစားထိုးစရာမရှိပါဘူး။ သူတလူ ငါတမင်းနဲ့ ဖြစ်ချင်တိုင်း ပြန်ဖြစ်ဦးတော့မှာ။ နောက် အ ပြောင်းအလဲအတွက်၊ နောက်ထပ်အစိုးရကို အပြောင်းအလဲလုပ်ဖို့ ဖိအားပေးမယ့် နောက်ထပ်လူ၊ အဖွဲ့အစည်း ပေါ်လာဖို့ စောင့်ဦးတော့ နောက်ထပ် နှစ် ၂၀ လား၊ နှစ် ၁၀၀ လား။

မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို စိတ်အေးရပြီး ဒေါ်စု နိုင်ငံရေးကကို အမြန်နားစေချင်လှပြီ။ ဒေါ်စုကို ချစ်လို့ သူ့ကို နားစေချင်တာမဟုတ်ဘူး။ ဒီပြင်အလုပ်တွေ ပြောင်းစေချင်တာပါ။ ကမ္ဘာ့အဆင့်ရှိ ပညာတတ်ကြီးတယောက်ရဲ့ ပြတ်သားတဲ့အမြင်တွေ၊ ရိုးရှင်းတဲ့အတွေးတွေကို စာ အုပ်တွေအဖြစ်ဖတ်ချင်တာပါ။ ဒေါ်စု လက်ရှိရေးထားတဲ့စာအုပ်တွေ၊ စာတမ်းတွေပြန်ကြည့်ရင် ဗိုလ်ချုပ်ကိုမမှီသေးတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်တုန်းက နိုင်ငံငြိမ်သွားရင် စာရေး စာဖတ်လေး လုပ်ချင်လှပြီဆိုတဲ့သဘောပြောသွားတာကို လူတိုင်း သိကြပါတယ်။ ပညာပြည့်ဝတဲ့ သူ၊ အမြင်စူးရှတဲ့သူတွေဟာ လူတွေနဲ့ ရှုပ်ရှုပ်ထွေးထွေး မနေချင်ကြတာများပါတယ်။ မလွှဲသာ မတတ်သာလို့သာ လုပ်နေရရင် လုပ်မယ်။ အခွင့်ရရင် အေးအေးဆေးဆေး စာရေး၊ စာဖတ်ပြီးနေချင်ကြတာများမယ် ထင်တာဘဲ။

ကွယ်လွန်သွားတဲ့ ဒေါက်တာသန်းထွန်းကိုကြည့် ကြည့်ပါ။ အဆင့်မှီ သမိုင်းပညာရှင်ကြီးရဲ့စာတွေကို ကျနော်တို့ဖတ်နေရတာ နိုင်ငံရေးကို စက်ဆုပ်၊ အစိုးရနဲ့ မပတ်သက်ဘဲ ပညာရပ်ပိုင်းဆိုင်ရာသက်သက်ဘဲလုပ်သွားတော့ သူ့ပညာရပ်မှာ ကျနော်တို့အတွက် ဘယ်လောက် အကျိုးအမြတ်များရသလဲ။ ဒီလိုပြောတော့ ဒေါ်စုအခုလုပ်နေတာတွေက အကျိုးမများဘူးလို့ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံသားအ ချင်းချင်း ခိုးဝှက်ချင်တဲ့လူတစ်အုပ်ကို တွန်းလှန်နေရတာနဲ့ဘဲ အချိန်တွေကုန်နေတာကို ဆိုလိုတာပါ။

ဒေါ်စု နဲ့ ပြင်သစ်ဝန်ကြီးချုပ်တွေ့တော့ ပြင်သစ်စာနဲ့ အဘွားကြီးပြောတာကိုကြားရတော့ ကျနော့်မှာပိုလို့တောင် ယူကျုံးမရဖြစ်ရတယ်။ နိုင်ငံကြီးသာ နည်းမှန် လမ်းမှန်နဲ့တိုးတက်နေရင် သူ့ဆီက ကျနော်တို့ဉာဏ်နဲ့ လိုက်မမှီတဲ့ စာတွေ၊ အတွေးတွေအတွက် အချိန်တွေကုန်သာ ကွာလို့ တွေးမိတာပါ။

ဒေါ်စုကို အမေရိကန်မကြီး ဒေါ်ကလင်တန် လာတွေ့တာကို ကျနော်က တရုတ်ခေါင်းဆောင်တွေမျက်လုံးနဲ့ ကြည့်ပေးလို့ရပါတယ်။ အ ဘွားကြီးကို လက်သပ်မွေးတယ်ပေါ့။ မင်ဒဲလားတို့လို၊ ဒလိုင်းလားမားတို့လို၊ ဘုန်းတော်ကြီးတူးတူးတို့လို လူကြီးတွေ အားပေးတာကြတော့ ဘ၀တူချင်းမို့ဆိုတာထက် သူတောင်ချင်းချင်း သတင်းလွေ့လွေ့လို့ဘဲ မြင်တယ်။ ဒီလိုလူတွေ အားပေးနေတဲ့ ပညာတတ်မကြီးကို ဆရာကြီး ၊ ဂုရုကြီးတွေက ရိသဲ့သဲ့နဲ့ သူ့ရပ်တည်ချက်ကို ဝေဖန်တာ၊ တိုက်ခိုက်တာမျိုးကျတော့ စိတ်ထဲ တယ်မကောင်းလှဘူး။ သွားချင်တဲ့ခရီးပန်းတိုင် အတူတူမှာ သူ့လိုမျိုးနေရာရောက်နေရင်ဆိုတဲ့ ခံစားချက်မျိုးမထားဘဲ၊ တတ်နိုင်တဲ့ဘက်က ၀ိုင်းကူဖို့မကြိုးစားကြဘဲ မရိုသေ့စကား၊ နားနဲ့ မနာ ဖ၀ါးနဲ့နာ “ခွေးဝမ်းသာအောင် လေလည်ပြနေတယ်” လို့ဘဲ ခပ်ရိုင်းရိုင်း ခိုင်းနှိုင်းချင်ပါတယ်။

ကိုယ်ကျိုးအစုအဖွဲ့စီးပွားအတွက် ဧရာဝတီမြစ်ကြီးတောင် ရောင်းစားချင်ကြတဲ့လူမိုက်ကြီးတွေကြားထဲမှာ မကြောက်မရွံ့သွားနေရတဲ့ အ ဘွားကြီးကို မှားတာတွေ့ရင် ပြောရမှာဘဲ၊ လွတ်လပ်စွာပြောပိုင်ခွင့်ရှိတယ်လို့ ပြောပေမယ့် ကိုယ်ချင်းဘာလို့မစာတာဘဲလို့ဘဲ တွေးမိတယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ကို ဘာခံစားချက်မှမရှိတဲ့ စက်ရုပ်ကြီးလို့များ ထင်နေကြသလား။ အရိယာပုဂ္ဂိုလ်ကြီးလို့များ ထင်မြင် ကြသလား မသိပါဘူး။ ပြောသမျှ၊ လက်ညှိုးထိုးသမျှကို ပြုံးပြုံးကြီးနဲ့ ဘာစိတ်ခံစားမှုမှမခံစားရတဲ့ အဘွားကြီးပါလို့ ထင်မြင်ကြသလား။

ငြိမ်းငြိမ်းချမ်းချမ်း အေးအေးချမ်းချမ်းနဲ့ လူဆိုးလူမိုက်တွေ တဖြည်းဖြည်နဲ့မှေးမှိန်သွားအောင် အကျအဆုံးနည်းနည်းနဲ့ သူနိုင်ကိုယ်နိုင်သွား သင့်တဲ့လမ်းကို ဒေါ်စုသွားနေတယ်လို့ဘဲ မြင်ပါတယ်။ သေနတ်တွေနဲ့လူတွေကို မင်းတို့အခုဆင်းဆိုပြီး ဖင်ပိတ်ကန်ချလို့မှ မရတာဘဲ။ သူ သူ ငါငါ မြန်မာနိုင်ငံသားတိုင်း လူ့သဘာဝ တိရစ္ဆာန်အရိုင်းစိတ်နဲ့ ကျနော်တို့အပေါ် လုပ်ချင်တိုင်းလုပ်ခဲ့တဲ့လူတွေကို နားရင်း၊ နားအုံးတွေ ပိတ်ကျင်းပြီး တွန်းချချင်ကြတာချည်းဘဲ။ လက်တွေ့မှာ ဘယ်လိုမှမဖြစ်နိုင်တာ အသိသာကြီးပါ။ မဖြစ်နိုင်တာကို မလုပ်ဘဲ ဖြစ်နိုင်ခြေအများ ဆုံးရှိတဲ့လမ်းကသွားနေတဲ့ အဘွားကြီးကို ပြိုင်ဘက်တွေကလဲ အမနာပ ပြောလား ပြောရဲ့။ အချင်းချင်းကလဲ ဒေါ်စုဘာလဲ၊ ဘယ်လဲ လုပ် လားလုပ်ကြရဲ့။

ကျနော့်အတွေးတွေကိုရေးပြတော့ ဒေါ်စုကိုးကွယ်သူကြီး၊ ဒေါ်စုမှ ဘုရားလို့ထင်တဲ့အကောင်ငယ်လေးလို့ ထင်ချင်စရာပေါ့။ စိတ်သဘော ရှိတော်မူကြသည့်အတိုင်းပေါ့ဗျာ။ လက်ရှိမှာတော့ ဒေါ်စုလောက် နိုင်ငံကို၊ ပြည်သူကိုဦးဆောင်နိုင်တဲ့သူ ပညာတတ်နိုင်ငံရေးခေါင်းဆောင် တယောက်မှ မရှိပါဘူး။ ဒေါ်စု အမှားတွေ ရှိနိုင်ပါတယ်။ သေချာတာကတော့ အမှားမကြီးပါဘူး။ တဖက်ပြိုင်ဖက်တွေက မသမာနည်းလမ်းစုံ၊ အောက်တန်းကျ နည်းလမ်းအစုံနဲ့ လုပ်ခဲ့ကြလို့သာ ကျနော်တို့စိတ်ထဲရှိသလောက် ခရီးမရောက်ဖြစ်နေတာလို့ မြင်တာဘဲ။ လက်ရှိ ဒေါ်စု နေရာမှာ ဆရာကြီးတွေ၊ ဂရုကြီးတွေလို့သတ်မှတ်ထားတဲ့လူတွေသာဆိုရင် ယပ်တောင်လေး ခေါင်းမှာစီး၊ နို့ဆီခွက်လေးခေါက်ပြီး သွက် သွက်ခါရူးအောင် အလုပ်ခံရပြီးလောက်ပါပြီ။ ဒါတောင် ဒီလောက် အဆင့်မှီ ပညာတတ်ကြီးကိုတောင်မှ စုတ်ပြတ်သတ်နေအောင် ခြေထိုးကြ သေးတာဘဲ မဟုတ်ဘူးလား။

ထားပါတော့ဗျာ။ ကျနော်ပြောချင်တာက ဒေါ်စုမှားတယ်ဆိုပြီး ဝေဖန်နေတဲ့လူတွေ သူ့လို ခေါင်းဆောင်နိုင်သလား။ ဒါမှမဟုတ် သူ့လိုလူမျိုး တွေ့ထားသလား။ စည်းစည်းလုံးလုံးနဲ့ အချင်းချင်းဖဲ့မနေဘဲ ဒေါ်စုဦးဆောင်ရာကိုလိုက်ပြီး စိတ်ကောင်းဝင်နေတဲ့ ဟိုလူကြီးတွေကို ၀ိုင်းပြီး ဖိအားပေးကြရင် ပိုမကောင်းပေဘူးလား။ နိုင်ငံခြားမှာဘဲ နေနေ၊ ပြည်ပမှာဘဲ သေသေ၊ နယ်စပ်မှာဘဲ ကြီးကြီး၊ ပြည်တွင်းမှာဘဲ ရှိရှိ အား လုံးက စိတ်တူကိုယ်တူနဲ့ ဒေါ်စုဦးဆောင်ရာနောက်ကို ယုံယုံကြည်ကြည်နဲ့လိုက်လို့ မဖြစ်နိုင်ကြဘူးလားမသိ။ သေချာတာကတော့ ဒေါ်စုဦးဆောင်ရာနောက်ကိုသာလိုက်ရင် အမှားနည်းမယ်၊ ဘယ်တော့မှ ပစ္စလက်ခတ်မဖြစ်တာတော့ မသေချာဘူးလား။

ကျနော်ပြောတာကို သဘောမတူကြသူတွေ၊ ဆဲချင်သူတွေ၊ ဆဲကြသူတွေလဲ ရှိမှာပါဘဲ။ ဒေါ်စု ဘာမှားတယ်၊ ညာမှားတယ် လုပ်ကြသူတွေလဲ ရှိကြမှာပါဘဲ။ အဲဒီလူတွေကိုတော့ ကျနော်က အငေါ်လေး နည်းနည်းတူးချင်သားဗျာ။

“တကမ္ဘာလုံးက ဒေါ်စုကို အားပေးနေကြသူတွေနဲ့ အဘွားကြီးက အမှား ... ခင်ညားဂျီးတို့ကာ အမှန်၊ ခင်ညားကြီးတို့သာမှန်” လို့ ပြောချင်တာ ပါ။ ဘာကောင်မှမဟုတ်တဲ့ကောင်က လာရွဲ့နေတယ်လို့ဆဲလဲ ရွဲ့မှာဘဲဗျ။

မှတ်ချက် - ကာတွန်းမောင်ရစ်ပုံအား ပြန်လည်ပြင်ဆင်တည်းဖြတ်ထားပါသည်။

Comments