Ashin Dhammapiya - It is Time


ပျံလေတဲ့ငှက်ခါး နားမှသိမယ်
ဒေါက်တာဓမ္မပိယ (ITBMU)၊ ဧပြီ ၈၊ ၂၀၁၃
            ဧပြီ (၆)ရက်နေ့က ရန်ကုန်ကို ပြန်ရောက်တယ်။ သိကြတဲ့အတိုင်းပဲ အေးတဲ့နိုင်ငံများကနေ မြန်မာ ပြည်ကို ပြန်လာသူတိုင်း ကြုံလေ့၊ ကြုံထရှိတဲ့ အတွေ့အကြုံလေးတစ်ခု။ လေယဉ်ပေါ်ကအထွက် လေဆိပ်ထဲကို တန်းမရောက်နိုင်ပဲ လှေခါးမှဆင်းပြီး စောင့်ကြိုနေတဲ့ ကားပေါ်ကို တက်ရတယ်။ ဒီအခါမှာ ပူလောင်လှတဲ့ ရာသီဥတုဒဏ်က ရုတ်တရက်ကြီးဆိုတော့ အတော်ကို ပူတယ်လို့ ခံစားရတယ်။ တချို့များဆို ရွှေလင်းပန်းနှင့် ချင်းဆေးထားတဲ့ ဘုရင့်သားလေးတွေ၊ သမီးလေးတွေပမာ ဆွေ့ဆွေ့ခုံပြီး သူတို့ပဲ အပူဒဏ်ကို ခံစားနေရသလို  အမူအရာမျိုးနဲ့ပေါ့။ ဘယ်ပဲဖြစ်ဖြစ် တကယ်တမ်းပြောရမယ်ဆိုရင်တော့ - ပူနိုင်ရန်ကော မြန်မာပြည်ကြီး ရယ်ပေါ့  … ။
            စာရေးသူအတွက်တော့ မြန်မာပြည်ကြီးကို သံယောဇဉ်ကြီးလွန်းသူမို့ အပူဒဏ်ကို မငြီးငြူလိုတော့ပါ။ ဒါပေမဲ့ ပြန်လာခါစပဲရှိသေးတာမို့ အပူအအေးမျှတလှတဲ့ ကာလီဖိုးနီးယားပြည်နယ်က ဖရီးမောင့်မြို့လေးကို ချက်ခြင်းဆိုသလိုပဲ ပြန်လည်သတိရမိတယ်။ ပြီးတော့ စိတ်ထဲမှာလည်း ဖရီးမောင့်မြို့လေးကို တိတ်တခိုးလေး လွမ်းမိတယ်။ ̏ဖရီးမောင့်မှာဆိုရင် ဒီအချိန်မှာ ဇိမ်ပဲပေါ့˝။ ဒါပေမဲ့ အသံထွက်အောင်တော့ မညီးညူခဲ့ပါ။ ညဉ်းညူးနေရမဲ့အချိန်အခါမျိုးလည်း မဟုတ်လို့ပါ။  
            လေယဉ်ပေါ်ကဆင်းလာတဲ့ ခရီးသည်တွေထဲမှာ ပြည်ပရောက် မြန်မာပြည်ဖွားတွေ အများကြီး ပါနေတာတွေ့ရလို့  ၀မ်းသာမိခြင်းပါ။ အသွင်ကူးပြောင်းဆဲကာလမှာ မြန်မာပြည်ကိုပြန်လာပြီး ဘာစီးပွားရေး လုပ်ရင် ကောင်းမလဲဆိုတဲ့ စီးပွားလုပ်လိုတဲ့စိတ်ထားနဲ့ ပြန်လာသူတိုင်းကို တကယ်ပဲ ကျေးဇူးတင်နေမိခြင်းပါ။ ယုတ်စွအဆုံး အလည်သက်သက်ပဲ ပြန်လာသူများကိုပင် ကျေးဇူးတင်နေမိခြင်းပါ။ ဘာကြောင့်လဲဆိုရင် တိုင်းပြည်ကို ဒီမိုကရေစီစနစ်နှင့် အသွင်ကူးပြောင်းဆဲကာလမှာ တိုင်းပြည်စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံခြားသားများနှင့် အိပ်က်စ်မြန်မာ (ex-Myanmar)များပါ တိုင်းပြည်ကို ရောက်လာကြတယ်ဆိုတော့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားအားထုတ်နေကြတဲ့ နိုင်ငံတော်အကြီးအကဲများအတွက် အင်းအား သစ်များ ဖြစ်လာနိုင်ခြင်းပါ။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်ကို အလည်ပြန်လာရင်း အခြေအနေကို သုံးသပ်မိလို့ မြန်မာပြည်မှာ ပြန်ပြီး စီးပွားးလုပ်ကိုင်လိုတဲ့ တချို့ ex-Myanmar များကို တွေ့ရတော့ ၀မ်းသာမိတယ်လို့ ပြောလိုက်ခြင်းပါ။
            သို့သော် တစ်ခုတော့ ကြိုတင်ပြီးမှာထားပါရစေ။ မြန်မာပြည်ကို ပြန်လာတဲ့အခါ ယခုလောလောဆယ် အင်မီဂရေးရှင်း (immigration) ဌာနမှ ထတ်ပြန်ထားတဲ့မူအရ အိက်က်စ်မြန်မာ (ex-Myanmar) များအတွက် မြန်မာပြည်ကို ပြန်လာတဲ့အခါ (ယခုစာ ရေးသားနေချိန်အထိ) အရိုက်ဗယ်ဗီဇာ (Arrival Visa) ကို လေဆိပ်မှာ ထုတ်မပေးသေးကြောင်း၊ ဆိုလိုတာက လေဆိပ်မှာ အရိုက်ဗယ်ဗီဇာကို အိက်က်စ်မြန်မာများအတွက် မရနိုင်ကြောင်း သိထားစေလိုရင်းပါ။ ပြောချင်တာက မြန်မာပြည်ကို ပြန်မလာခင်တည်းက သက်ဆိုင်ရာသံရုံးမှ ပြည်ဝင်ခွင့်ဗီဇာကို ကြိုတင်လျှောက်ထားခဲ့ကြဖို့ပါ။ ဘာကြောင့် ဒီလိုကြိုတင်ပြောထားရသလဲဆိုရင် လေယဉ်ကွင်းရောက်မှ အရိုက်ဗယ်ဗီဇာကို ထုတ်မပေးရကောင်းလားလို့ ရွှေစိတ်တော်များ ညိုမှာစိုးလို့ပါ။
            ရွှေစိတ်တော်ညိုရုံမျှလောက်ဆိုရင်တော့ မပြောလိုသေးပါ။ နိုင်ငံခြားသားတွေကိုတော့ အရိုက်ဗယ်ဗီဇာ ပေးပြီး၊ ex-Myanmar တွေကိုတော့ ဘာကြောင့် ဗီဇာမပေးနိုင်ရသလဲဆိုတဲ့ အမေးမျိုးတွေနဲ့  ကွန်ပလိန်းတွေ တက်ပြီး အများရှေ့မှာ ဒေါသတရားတွေ ပေါက်ကွဲသွားခဲ့ရင် နိုင်ငံကြီးသားဆိုတဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွား နိုင်လို့ပါ။ ဗုဒ္ဓတရားတော်များမှာတော့ အာဏာဒေသနာတော်မျိုးဖြစ်နေခဲ့ရင် (ဥပမာ ၀ိနည်းဒေသနာတော် မျိုးမှာ) ဒီအတိုင်းပဲမှတ်ပါလို့ ဖြေဆိုလိုက်ခြင်းပါ။ ဒါကို ၀ါသနာဖြစ်နေလို့ အပြစ်တင်လိုတဲ့အမြင်နှင့် အပြစ် တင်မယ်ဆိုရင်လဲ တင်ရုံပါပဲ။ တို့က ရွှေမြန်မာပြည်ဖွားတွေပဲ ဘာပဲ၊ ညာပဲနဲ့ဆိုရင် အနည်းဆုံးတော့ စိတ်ပမ်း ကိုယ်ပမ်းဖြစ်သွားမှာ စိုးလို့ပါ။
            စာရေးသူကတော့ အများတွေးသလို မတွေးချင်ပါ။ စာရေးသူ တွေးမိတာက မြန်မာတွေအတွက် ကိုယ့်နိုင်ငံကို ပြန်မလာခင်ကတည်းက ကိုယ့်တိုင်းပြည်ကို တစ်နည်းမဟုတ်၊ တစ်နည်းနည်းဖြင့်  ကျေးဇူးပြု ခွင့်ရတာ ၀မ်းသာစရာတစ်မျိုးပဲလို့ ပြုံးပြုံးလေး တွေးမိမှာပါ။ ဂျွန်ကနေဒီရဲ့ စကားလေးကို ဒီနေရာမှာ ဆက်စပ်တွေးယူမယ်ဆိုရင်တော့ - “တိုင်းပြည်က ငါ့အတွက် ဘာလုပ်ပြီးပြီလဲ မမေးနဲ့ ငါက တိုင်းပြည်အတွက် ဘာလုပ်ပြီးပြီလဲ မေးပါ”ဆိုတဲ့ စကားလေးကို အမှတ်ရနေမိလို့ပါ။ အခုလို ကြည်ကြည်ဇြုဖြူနဲ့ (တချို့လည်း မကြည့်မဖြူနဲ့) မြန်မာပြည်ကို ပြန်မလာခင်ကတည်းက ဗီဇာလျှောက်ပြီး တိုင်းပြည်အတွက် အုဋ္ဌ်တစ်ချပ်၊ သဲတစ်ပွင့်အနေမျိုးနှင့် ပြန်လည်ကျေးဇူးပြုနိုင်တယ်ဆိုတာ နည်းတဲ့အခွင့်ထူးမျိုးမှမဟုတ်တာ။ ဘာပဲဖြစ် ဖြစ်လေ တကယ်လို့များ အခုလို စေတနာစကားနှင့်ရေးတဲ့ ဒီလိုအရေးအသားမျိုးကြောင့် သင့်ဒေါသကို နှိုးဆွပေးလိုက်သလို ဖြစ်နေခဲ့မိရင် စာရေးသူအား နားလည်ပေးနိုင်ဖို့ပါ။ 
            လေဆိပ်ကအတွက် လေဆိပ်ရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ အနည်းငယ်စိမ်းလန်းနေသေးတဲ့ သစ်ပင်များ ရှိရာသို့ ကားမှန်ပြူတင်းမှ လှမ်းမျှော်ကြည့်မိတယ်။ အဲဒီအခါမှာ တောစပ်ထဲရှိ သစ်ပင်တစ်ပင်ပေါ်မှ ပျံဝဲလာတဲ့ ငှက်ခါးတစ်ကောင်ကို အမှတ်မထင် တွေ့လိုက်ရတော့ … ။ စိတ်ထဲမှာ ပြုံးမိတယ်။ “ပျံလေတဲ့ငှက်ခါး နားမှသိမယ်” ဆိုတဲ့ မြန်မာတို့ ညွှန်ဆိုပြုထားတဲ့ ဆိုရိုးစကားလေးတစ်ခုကို အမှတ်မထင် သတိရမိလို့ပါ။ အပျံအနား ကျွမ်းကျင်လှတဲ့ ငှက်ခါးလို ငှက်မျိုးကို ငှက်မုဆိုးတို့ရဲ့  ကြုံးဝါးသံကို ပညာရှင်များက လောက ဖြစ်ပျက်ပုံနှင့် နှိုင်းခိုင်းပြီး ပြောဆိုထားတဲ့ စကားမျိုးပါ။ မိမိအပေါ်မှာ မလိမ်တစ်ပတ် လုပ်သွားတဲ့သူကို ရှာလို့မတွေ့နိုင်သေးတဲ့အခါမျိုးတွေ၊ ဖမ်းလို့မမိနိုင်သေးတဲ့အခါမျိုးတွေမှာ “ပျံလေတဲ့ငှက်ခါး နားမှသိမယ်” ရယ်လို့ ကြုံးဝါးတတ်ကြခြင်းပါ။  
            တစ်ချိန်က မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးတွေ ပျောက်ဆုံးနေလို့ အုပ်ချုပ်သူ စစ်အစိုးရအပေါ်မှာ မကျေနပ်နိုင်လို့ ပြည်တွင်းပြည်ပ မြန်မာတွေစုပေါင်းပြီး ဒီမိုကရေစနစ်အတွက် တိုက်ပွဲဝင်ခဲ့ကြတာကို မှတ်မိ ကြမှာပါ။ စနစ်ဆိုးတစ်ခုကို ဖယ်ရှာပြီး ဒီမိုကရေစီစနစ်နှင့် အစားထိုးကျင့်သုံးနိုင်အောင် တိုက်ပွဲခေါ်သံတွေ၊ တိုက်ပွဲအော်သံတွေကို ကြားယောင်နေမိကြမှာပါ။ အဓိပ္ပါယ်ရှိတဲ့အချိန်မှာ အဓိပ္ပါယ်ရှိတဲ့အလုပ်တွေကို အတူပူပေါင်းပြီး လုပ်နိုင်ကြဖို့ ပြင်သင်တဲ့စိတ်တွေကို ပြင်ကြဖို့ လိုမယ်ထင်လို့ပါ။ သွေးစည်း ညီညွတ်တဲ့ ပြည်သူ၊ ပြည်သားတွေနှင့် တိုင်းပြည်အုပ်ချုပ်သူများရဲ့ လုပ်ရပ်တွေကို အတိုက်အခံသဘောမျိုးနှင့် ဆက်လက် ရပ်တည်မယ်ဆိုရင် ပေးဆက်ခဲ့ရတဲ့အချိန်တွေအတွက် နှမြောမိလို့ပါ။ တိုင်းပြည်အတွက်၊ ပြည်သူပြည်သား တွေအတွက်၊ အမျိုး ဘာသာ သာသနာတော်အတွက် တိုက်ပွဲဝင်ခဲ့တဲ့ အချိန် တွေကို ပြန်လည် တွက်ကြည့် မယ်ဆိုရင် ၁၉၆၂-ခုနှစ်ကစတင်ပြီး၊ ၂၀၁၂-ခုနှစ်၊ ဧပြီလရွေးကောက်ပွဲအထိ ရေတွက်ခဲ့မယ်ဆိုလျှင် နှစ်ပေါင်းငါးဆယ်ဆိုတာ နည်းတဲ့အချိန်တွေမှ မဟုတ်တာ။ အချိန်ဆိုတာ တန်းဖိုးထားတတ် သူတွေအတွက် ပြန်လည်ဝယ်ယူလို့ မရနိုင်လို့ပါ။
            ဟိုခေတ်၊ ဟိုအချိန်အခါမျိုးက အတိုက်အခံပြုလုပ်ရတာဟာ သိပ်ကို အဓိပ္ပါယ်ရှိနေခြင်းပါ။ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ (ရဟန်းသံဃာတော်များပါအ၀င်) ပြည်
သူ၊ ပြည်သားတွေဟာ မိမိတို့က အတိုက်ခံတွေပါဆို တာကို ပေါ်လွင်ထင်ရှားနိုင်စေရန် ရဲရဲတောက် အားမာန်တွေနှင့် စစ်အစိုးရကို ဆန့်ကျင်တဲ့ စာတမ်းတွေကို မိမိတို့ရဲ့ ကျောပြင်တွေမှာဖြစ်စေ၊ သို့မဟုတ် ရင်ဘတ်မှာဖြစ်စေ ချိတ်ဆွဲပြကြခဲ့ကြတာတွေ၊ သို့မဟုတ် နဖူးမှာဖြစ်စေ တင်းကျပ်နေအောင် စည်းထားပြီး တိုက်ပွဲခေါ်သံတွေအနေနဲ့ ကျွေးကြော်ခဲ့ကြတဲ့အသံတွေကို တဖန်နားစွင့်ကြည့်မယ်ဆိုရင် ယခုအချိန်အထိ ကြားယောင်နေမိကြမှာပါ။ “စစ်အာဏာရှင်များ ကျရှုံးပါစေ၊ ဒီမိုကရေစီစနစ် ပေါ်ထွန်းပါစေ” တဲ့။ ဆန္ဒတွေ ပြင်းထန်စွာနှင့် ဒီမိုကရေစီစနစ်ကို ပြည်သူ၊ ပြည်သားတွေ ညီညီညွတ်ညွတ်နှင့် တစ်စိုက်စိုက်မတ်မတ်နှင့် တောင်းဆိုလာခဲ့ကြလို့ ယနေ့မြန်မာ နိုင်ငံတော်ကြီး ဒီမိုကရေစီ တံခါးကြီးကို ဖွင့်ထားနိုင်ခဲ့သည်မှာ တစ်နှစ်နီးနီး ရှိခဲ့ပြီ။ ဒီမိုကရေစီတံခါးကြီးကို ဖွင့်ထားခြင်းဟာ ဒီမိုကရေစီ စနစ်ကို မြတ်နိုးသူတိုင်း ၀င်နိုင်ထွက်နိုင်စေဖို့ ပြည်သူများဆန္ဒနှင့် ပြည်သူတွေ ဖွင့်ထားခဲ့ကြတာပါ။  
            ဒီတော့ ဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ကြတဲ့ ရဟန်းရှင်လူများကို သတိရစေချင်တာက အချိန် တွေဟာ  ပြောင်းလဲခဲ့ပြီ။ အရွယ်တွေလည်း အိုမင်းခဲ့ပြီ။ အချိန်တွေ ပြောင်းလဲလာသည်နှင့်အမျှ၊ အရွယ်တွေ အိုမင်းလာသည်နှင့်အမျှ စိတ်နေစိတ်ထားမျာကိုလည်း ပြောင်းလဲသင့်ပြီ။ ပြောင်းလဲသင့်တဲ့ အရာမျိုးတွေ ပြောင်းလဲနိုင်ခြင်းသည် အောင်မြင်မှုတစ်မျိုးဟု ဆိုနိုင်သည်။ သို့သော် ပြောင်းလဲသင့်တဲ့အရာကို (သို့မဟုတ်) သဘာဝတရားကို ဆန့်ကျင်ဘက်ပြုလျှက် မပြောင်းလဲပဲ ဆုပ်ကိုင်မြဲ ဆုပ်ကိုင်ထားကြမည်ဆိုလျှင် ဇာတ်တော် ထဲက လူတစ်ယောက်လို ပညာရှိများ ကဲ့ရဲ့ဖွယ် (သို့မဟုတ်) အများအတွက် ရယ်ဖွယ်ရာများ ဖြစ်သွားနိုင်ခြင်းပါ။
            ဇာတ်တော်ထဲမှာ - တစ်ခါက ရွာတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက်ဟာ စီးပွားရှာဖို့ ရွာကထွက်လာ ခဲ့ကြတယ်။ ခရီးအတော်အတန် သွားပြီးခြဲ့ကြတဲ့အခါမှာ ရွာပျက်ကြီးတစ်ရွာကို ရောက်သွားခဲ့ကြတယ်။ ရွာပျက် ကြီးထဲဝင်ပြီး ဟိုဟိုဒီဒီ ကြည့်ကြတော့ အ၀တ်ရက်လို့ ရနိုင်တဲ့ ချည်ထုပ်တွေကို တွေ့ကြရတယ်။ ဒီအခါမှာ သူငယ်ချင်းနှစ်ယောက်ဟာ ၀မ်းသာအားရနှင့် ချည်ထုပ်တွေကို ထမ်းပြီး ခရီးထွက်ခဲ့ကြတယ်။ ခရီးအတော် အတန် ခရီးဆက်ခဲ့ကြတဲ့အခါ နောက်ထပ်ရွာပျက်ကြီးတစ်ရွာကို ရောက်ခဲ့ကြပြန်တယ်။ အဲဒီရွာပျက်ကြီးထဲမှာ  ချုပ်လုပ်ပြီး အ၀တ်အထည်တွေကို တွေ့ကြရပြန်တယ်။ သူငယ်ချင်းနှစ်ယောက်ထဲက ပထမလူဖြစ်တဲ့ တစ်ယောက်လူက ချည်ထုပ်တွေကို စွန့်ပစ်ခဲ့ပြီး၊ အ၀တ်အထည်တွေကို ထမ်းနိုင်သမျှ ထမ်းယူခဲ့တယ်။
            သို့သော် သူ့သူငယ်ချင်းတဲ့ ဒုတိယလူကတော့ - ဟေ့လူ ငါကတော့ ဒီချည်ထုတ်တွေကို အဝေးကြီးကနေ ထမ်းပြီးလာရလာတာဖြစ်လို့ ဘယ်လိုအကြောင်းနဲ့မ ဒီချည်ထုတ်တွေကို ငါမစွန့်နိုင်ဘူးဆိုပြီး ချည်ထုပ်တွေကိုပဲ ဆက်လက်ထမ်းယူလာခဲ့တယ်။ သူငယ်ချင်းနှစ်ယောက် ခရီးဆက်ခဲ့ကြပြန်ရာ တစ်နေရာ ရောက်ပြန်တော့ နောက်ထပ် ရွာပျက်ကြီးတစ်ရွာကို တွေ့ကြရပြန်တယ်။ အဲဒီရွာပျက်ကြီးထဲကိုဝင်ပြီး ဟိုဟိုဒီဒီ ကြည့်ကြတဲ့အခါ ရတနာမျိုးစုံပါဝင်တဲ့ ပြန်ကျဲနေတဲ့ရွှေတွေကို တွေ့ကြရပြန်တယ်။ ပထမလူက အ၀တ်အထည် တွေကို စွန့်ပြီး ရတနာမျိုးစုံပါတဲ့ ရွှေထည်ပစ္စည်းတွေကို အထုတစ်ခုမှာထည့်ပြီး နိုင်သမျှထမ်းယူလာခဲ့တယ်။ သူ့သူငယ်ချင်းကိုလည်း ရွှေထည်ပစ္စည်းတွေကို နိုင်သမျှထမ်းယူလာဖို့ တိုက်တွန်းတယ်။ ဒါပေမဲ့ သူ့သူငယ် ချင်းက လမ်းတစ်လျှောက်လုံး ထမ်းလာပြီးမှ အခုကြမှတော့ မစွန့်လွတ်နိုင်ဘူးဆိုပြီး ရွှေထည်ပစ္စည်းတွေကို မယူပဲ ချည်ထုပ်ကြီးကိုပဲ ဆက်လက်ထမ်းယူလာခဲ့တယ်။ နောက်ဆုံးအိမ်ပြန်ရောက်ကြတဲ့အခါ ရွှေထည်ပစ္စည်း တွေကို ထမ်းလာတဲ့ပထမလူဟာ ချမ်းသားသွားပြီး၊ ချည်ထုပ်တွေကို ထမ်းယူလာတဲ့ ဒုတိယလူကိုတော့ သားမယားတွေရဲ့ ပြစ်တင်ကဲ့ရဲမှုကို များစွာခံရပြီး ဆက်လက်ပြီး ဆင်းရဲမြဲ ဆင်းရဲနေခဲ့တယ်။
            မှားယွင်းတဲ့ အယူအစွဲမျိုးဆိုတာ ပြောင်းသင့်တဲ့အချိန်မှာ မပြောင်းလဲနိုင်ဘဲ ဆက်လက်ဆုပ်ကိုင် ထားမယ်ဆိုရင် တစ်ချိန်ချိန်မှာ နောင်တတရားများ ရမိတတ်ကြောင်း ဇာတ်တော်က ပြည်သူများအား သိစေလိုရင်းပါ။ ပညာရှိ သတိဖြစ်ခဲမို့ သတိတရားများ ထားနိုင်ကြဖို့ပါ။
            တစ်ချိန်က မြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ဖို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်ဦးဆောင်တဲ့ (ဂဂ) မျိုးဆက်သစ်ကျောင်းသားခေါင်ဆောင်များ၊ ဒီမိုကရေစီ လိုလားတဲ့ ရဟန်းရှင်လူ ပြည်သူများအားလုံးဟာ အတူပူပေါင်းပြီး ဒီမိုကရေစီနိုင်ငံတော်ကြီးအတွက် မိုင်ပေါင်း များစွာ ရှည်လျှားလှတဲ့ ခရီးရှည်ကြီးကို ချီတက်ခဲ့ကြတယ်။ ဒီနေ့ဒီချိန်မှာ ပြည့်သူတွေရဲ့ ကြီးမားတဲ့ ဆန္ဒနှင့် အားထုတ်ခဲ့ကြလို့ မြန်မာနိုင်ငံတော်ကြီးဟာ ဒီမိုကရေစီ လမ်းကျောင်းပေါ်ကို ရောက်လာခဲ့ကြတယ်။ တချိန်က အတိုက်အခံဘက်မှာ ရပ်တည်ပြီး၊ အတိုက်အခံစကားတွေကို တစိုက်မတ်မတ် ပြောဆိုနေကြတဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေ၊ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနှင့် ရဟန်းရှင်လူ ပြည်သူတွေဟာ ဒီမိုကရေစီ အလံတော်အောက်မှာ ဒီမိုကရေစီ သစ္စာဓိဋ္ဌာန်များကို သံပြိုင်ညီညာ ရွတ်ဆိုနေကြ တဲ့အချိန်မှာ … ။
            တချို့တချို့သော အတိုက်အခံခေါင်းဆောင်များဟာ တန်ဖိုးကြီးလှတဲ့ မိမိတို့ရဲ့စွမ်းအားတွေကို တိုင်းကျိုး ပြည်ကျိုး၊ ပြည့်သူအကျိုးကို မျှဝေပေးခြင်းမပြုနိုင်ဘဲ စစ်အစိုးရကို အတိုက်အခံပြုခဲ့သကဲ့သို ဒီမိုကရေစီ အစိုးရကိုလည်း ဆက်လက်၍ အတိုက်အခံပြုနေခြင်းဟာ သင့်တော်၊ မတော်၊ နည်းလမ်းမှန် မမှန်၊ စဉ်းစားနိုင်ကြဖို့ပါ။ မိမိတို့တောင်းဆိုခဲ့သော ဒီမိုကရေစီစနစ်ကို ရှင်သန်နိုင်အောင်၊ တိုးတက်နိုင်အောင် ပြုလုပ်ကြရမဲ့အစား တဖက်စောင်းနင်းချည်း ဘယ်လို စနစ်ပဲလာလာ တို့ကတော့ အတိုက်အခံပြုမဲ့ဘက်မှာပဲ ရှိနေမှာပဲဆိုတဲ့ စွဲမြဲသောသန္နိဋ္ဌာန်များ ချမှတ်ထားခဲ့လေရော့သလားလို့ တွေထင်လာမိခြင်းပါ။ 
            လျှောက်လှမ်းသင့်သော လမ်းကို မလျှောက်လှမ်းနိုင်ခြင်းဟာ မျက်စိလည် လှမ်းမှားသွားခြင်းမျိုးလော၊ သို့မဟုတ် ဇာတ်တော်ထဲက ချည်ထုတ်ကို ဆက်လက်ထမ်းလာသူရဲ့ အတွေးခေါ်ကို ကြိုက်နှစ်သက်၍ အတွေးအခေါ်ဟောင်းများကို ဆက်လက် ကျင့်သုံးနေခြင်းမျိုးလော ဝေခွဲ၍ မရနိုင်တော့ပါ။ ̏ပျံလေတဲ့ငှင်ခါး နားခါမှသိမယ်˝ ဆိုတာဟာ သူနားတဲ့အခါမှာ သူရဲ့သရုပ်သကန်များကို ပေါ်လွင်လာတာကြောင့် သူဘယ်လဲ ဆိုတာ သိလာရခြင်းမျိုးဟုလည်း ပြောဆိုနိုင် ခြင်းပါ။ ဘယ်အစိုးရပဲတက်တက် အတိုက်အခံချည်း ပြုလုပ်နေခြင်းဟာ သူတို့ရဲ့ပေါ်လစီများ ဖြစ်နေလေရော့ သလားဆိုတာ ခွဲခြားမသိနိုင်တော့ပါ။  
            ကံရဲ့နိယာမတရားသဘောတစ်ခုမှာ စေတနာမှန်ဖြင့် ပြုလုပ်ခဲ့တဲ့အမှုကိစ္စတိုင်းမှာ စစ်မှန်တဲ့ စေတနာရဲ့ အကျိုးတရားဆိုတာ မလွဲမသွေ ဖြစ်ပေါ်လာခြင်းပါ။ တိုင်းပြည်အတွက် စေတနာမှန်နှင့် တိုက်ပွဲဝင်ခဲ့သူတိုင်း အတွက် တိုင်းပြည်က ထိုသူများအား နွေးထွေးစွာဖြင့် လက်ကမ်းကြိုဆိုလျှက်ရှိနေခြင်းပါ။ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံမျိုး ဖြစ်ပေါ်လာနိုင်ဖို့ စစ်မှန်တဲ့ ဒီမိုကရေစီစနည်းများကို မှန်မှန်ကန်ကန် ဖေါ်ထုတ်နိုင်ဖို့ဆိုတာဟာ တိုင်းပြည်တွင်းမှာ နေသူများ (ပြည်ပမှာနေသူများလည်းပါဝင်) အားလုံးရဲ့ တာဝန်ဆိုတာ သိနားလည် ထားနိုင်ကြဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။  
ဒေါက်တာဓမ္မပိယ (ITBMU)
           
             
            
0