Kyaw Thu - FFSS Yangon Activity,

ဘယ်အစိုးရတက်တက် မသာဘဲချနေမယ့် ကျော်သူ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
အောက်တိုဘာ ၃၀၊ ၂၀၁၃



၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် ကျရောက်မည့် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ၊ ဗြဟ္မစိုရ်နှလုံးသားပိုင်ရှင် ဦးကျော်သူ (၅၄) နှစ်ပြည့် မွေးနေ့အမှတ်တရ အဖြစ် ပဉ္စဂံ စာအုပ်တိုက်၊ ထွန်းဦးစာပေ (မန္တလေး)တို့မှ ဂုဏ်ပြုထုတ်ဝေသည့် “ကျွန်တော်သာ သမ္မတ ကြီးဖြစ်ခဲ့ရင်” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားအား ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ စကားဝါလမ်းရှိ “မင်းကွန်းတိ ပိဋက ရွှေရတုကျောင်းတော်ကြီး” ၏ ရွှေရတုခန်းမ၌ ၂၉.၁ဝ.၂ဝ၁၃ ရက်နေ့ နေ့လည် (၂းဝဝ) နာရီအချိန် တွင် ကျင်းပပြုလုပ်ခဲ့သည်။





ဦးကျော်သူ၏ “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်မိတ်ဆက်ပွဲအား အခမ်းအနားမှူးအဖြစ် Miss Supranational ခင်ဝင့်ဝါနှင့် Miss International ဂုဏ်ရည်အေးကျော်တို့မှ အားဖြည့်ကူညီပေးခဲ့ကြ ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီးများဖြစ်ကြသော ဘဘ ဦးတင်ဦးမှ “ကျွန်တော် ကိုကျော်သူ ရဲ့ လုပ်ဆောင်ချက်တွေကို အမြဲတမ်းသာဓုခေါ်ပြီးတော့ ကန်တော့ခဲ့တယ်။ ဗုဒ္ဓဘုရားရှင် လက်ထက်တော် အခါက သာဝကကြီးတွေကတောင် သာမဏေလေးရဲ့ သွန်သင်ဆုံးမမှုတွေ မှန်ကန်တဲ့အတွက် ကန်တော့ ခဲ့ကြရတယ်။ ဒါကြောင့် ကိုကျော်သူကို ကျွန်တော်ကန်တော့တာ ဘာမှမဆန်းဘူး။” ၊ ဘဘ ဦးဝင်းတင်မှ “သိကြတဲ့အတိုင်းပဲ အခုအချိန်ဟာ သမ္မတရောဂါ တတ်နေကြတဲ့အချိန် ဒီအချိန်မှာမှ တိုက်တိုက်ဆိုင်ဆိုင် ကိုကျော်သူရဲ့ ကျွန်တော်သာသမ္မတကြီးဖြစ်ခဲ့ရင် စာအုပ်ထွက်လာတော့ နေပြည်တော်မှာတောင် အတော် လေး ဂယက်ရိုက်သွားတယ်လို့ ကြားမိခဲ့တယ်။” ၊ ဘဘ ဦးမိုးသူမှ “ကျွန်တော်က ရုပ်ရှင်ဒါရိုက်တာ ဆိုပေ မယ့် ဦးထွန်းဝေတို့ မြတ်လေးတို့ ဝင်းဦးတို့နဲ့ ရိုက်လာခဲ့တယ်။ အနုပညာမှာတော့ ကိုကျော်သူနဲ့ ကိုစိုးသူ တို့နဲ့တော့ တစ်ခါမှ မဆုံဖြစ်သေးဘူး။ ကျွန်တော်နိုင်ငံရေးလောကကို ဝင်လာပြီး နိုင်ငံရေးတာဝန် ထမ်း ဆောင်နေတဲ့အချိန်မှာ ကိုကျော်သူဟာ သူတစ်ပါး လုပ်နိုင်ခဲတဲ့အလုပ်ကို လုပ်နေတာတွေ့ရတော့ ဂုဏ်ယူ မိတယ်။ မောင်မောင် မင်းစာအုပ်ခေါင်းစဉ်ကြီးက ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်ဆိုတော့ အခုချိန်ဟာ သမ္မတရောဂါထနေတဲ့အချိန် မင်းစာအုပ်ထွက်လာတာ နိပ်ရဲ့လားကွာ” ဟုအမှတ်တရ အမှာစကားများ အသီးသီးပြောကြားပေးခဲ့ကြသည်။ ဆက်လက်၍ ရွှေအမြုတေမဂ္ဂဇင်း၊ အလင်းတန်းဂျာနယ် အယ်ဒီတာ ချုပ် ဦးဝင်းငြိမ်းမှ “မောင်မောင်က မောင်နှမသုံးယောက်မှာ နှစ်ယောက်က နိုင်ငံခြားမှာနေတော့ သူက ဒီမှာ တစ်ဦးတည်းသောသားလို ဖြစ်နေတယ်။ အဲတော့ သူလုပ်ချင်တာကို ရအောင်လုပ်လေ့ရှိတယ်။ အခု လည်း သူလုပ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်သွားခဲ့တယ်။” ၊ Asia Frame Media Group ဒု-ဥက္ကဋ္ဌ ဦးဟိန်းလတ်မှ “တစ်ချို့ကပြောကြတယ်။ ဆီးဂိမ်းပွဲတော် နီးလာတဲ့အချိန်မှာ ဒီစာအုပ်ထုတ်တော့ ရောင်းရ မလားတဲ့။ ဘာမှမဆိုင်ဘူး။ ဆီးဂိမ်းဟာ ဆီးဂိမ်းတန်ဖိုး၊ ကျော်သူဟာ ကျော်သူ့တန်ဖိုးရှိတယ်။ ဒီစာအုပ်ကို ဝေဖန်ရမယ်ဆိုရင် အင်တာဗျူးဆောင်းပါးတွေများနေတယ်။ ကိုကျော်သူဟာ စာရေးအရမ်းကောင်းတဲ့လူ အဲတော့ ဒုတိယခြေလှမ်းအနေနဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတိစာအုပ်ထုတ်ဖို့ တိုက်တွန်းချင်တယ်။” တို့မှ စာအုပ်အပေါ် ထင်မြင်ယူဆချက်များအား ပြောကြားခဲ့သည်။ ထုတ်ဝေသူ ဦးထွန်းဦး (ထွန်းဦးစာပေ - မန္တလေး)မှ “ကျွန်တော် ကိုကျော်သူစာအုပ်ကို ကျွန်တော်သာ ထုတ်ဝေသူဖြစ်ခဲ့ရင်ဆိုတဲ့ သံဓိဋ္ဌာန်ချထားခဲ့ တယ်။ ကိုကျော်သူရဲ့ လုပ်ရပ်ကို ဂုဏ်ပြုသောအားဖြင့် ကိုကျော်သူရဲ့ စာအုပ်ကိုဂုဏ်ယူစွာဖြင့် ထုတ်ဝေ လိုက်ပါတယ်။” ထုတ်ဝေခဲ့ရခြင်းနှင့် ပါတ်သက်၍ ပြောကြားခဲ့ပြီးနောက် ဦးကျော်သူမှ စာအုပ်ဖြစ်တည် လာခြင်းများနှင့် ပါတ်သက်၍ ကျေးဇူးတင်စကားအဖြစ် “ကျွန်တော်လို စာမရေးတက်တဲ့လူကို စကားလုံး တွေ၊ ခံစားချက်တွေ ပေါက်ကွဲထွက်လာအောင် လုပ်ပေးခဲ့တဲ့ ခေတ်အဆက်ဆက်က အုပ်ချုပ်ခဲ့တဲ့ စစ် အစိုးရကို ကျေးဇူးတင်ပါတယ်။” ပြောကြားသည်။ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား၌ စာအုပ်ပေါင်း (၇ဝဝ) အုပ်ကျော်အထိ အရောင်းစံချိန်သစ်တင် ရောင်းချခဲ့ပြီး အမှာစာအုပ်ပေါင်း (၁၅ဝဝ) ကျော်ခဲ့ကြောင်းအား ဦးအောင်သူ (ပဉ္စဂံစာအုပ်တိုက်)ထံမှ သိရှိခဲ့ရသည်။

 
 

“ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ခဲ့ကြ သော နိုင်ငံရေး၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ/ပန်းပု၊ သတင်းမီဒီယာအဖွဲ့များ၊ ဓါတ်ပုံဆရာများနှင့် နာရေးကူ ညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများ အစရှိသည့် နယ်ပယ်အသီးသီးမှ ဧည့်ပရိသတ်ပေါင်းများနှင့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ အားပေးပေးကြသူများတို့အား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတော့သည်။

 
 
 
 



“ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်အား ၁.၁၁.၂ဝ၁၃ ရက်နေ့မှ စတင် ဖြန့်ချီမည်ဖြစ်ပြီး ထွန်းဦးစာပေ (မန္တလေး)၊ ပဉ္စဂံစာအုပ်တိုက် တယ်လီဖုန်း - ဝ၁ ၃၇၇ ဝ၆၁ သို့ တိုက်ရိုက် ဆက်သွယ်၍၄င်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကြသော အလှူရှင်များအနေဖြင့်လည်း ရုံးချုပ်၌၄င်း အမြို့မြို့ အနယ်နယ်ရှိ စာအုပ်ဆိုင်များ တို့တွင် တစ်အုပ်လျှင် ၆ဝဝဝိ/- (ခြောက်ထောင်ကျပ်) နှုန်းဖြင့် ဝယ်ယူနိုင် ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။