working condition in Rangoon industrial zone

ရန်ကုန်စက်မှုဇုန်မှာ “ခေတ်သစ်ကျွန်သဘောက်” အခြေအနေတွေ ဖြစ်နေပြီ
ဆူးအယ်လင်း
အောက်တိုဘာ ၃၁၊ ၂၀၁၃


မြို့တော်ရန်ကုန် စက်မှုဇုန် အလုပ်သမားများ ရင်ဆိုင်နေရသည့် အခြေအနေများသည် လွန်စွာ ဆိုးရွားသည့် အခြေအနေတွင် ရောက်ရှိနေကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက  ဗုဒ္ဓဟူးနေ့တွင် ပြောလိုက်သည်။

“ခေတ်သစ်ကျွန်သဘောက်” ဆိုသည့် ခေါင်းစဉ်ဖြင့် အလုပ်သမားများ အခြေအနေ အစီရင်ခံစာအကြောင်း သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်စဉ် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

  အလုပ်သမားများ၏ ဘုံအခက်အခဲမှာ အလုပ်သွား အလုပ်ပြန်နေရာနှင့် အချိန်ဖြစ်ကြောင်း၊ အစီရင်ခံစာအတွက်  စစ်တမ်းကောက်ယူရာတွင် လူတွေ့ မေးမြန်းခံရသူ လေးပုံသုံးပုံက နေ့စဉ် အလုပ်သွားအလုပ်ပြန်ဒုက္ခများကို ထုတ်ဖေါ်ပြောကြားခဲ့သည် ဟုလည်း အစီရင်ခံစာတွင်ဖေါ်ပြ ထားသည်။

အလုပ်သမား (၅၅)ရာခိုင်နှုန်းက အခြေခံပျမ်းမျှလစာ တစ်လလျှင် ကျပ် ၂၄,၀၀၀ မှ ၃၅,၀၀၀ အတွင်း (ဒေါ်လာနှင့် တွက်လျှင် ၂၅နှင့်၃၇ ဒေါ်လာကြား)သာ ရရှိကြကြောင်း၊  လူနေမှုစရိတ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အလုပ်သမားအများစုမှာ အချိန်ပိုများစွာ လုပ်နေရပြီး နေ့စဉ်အလုပ်ချိန်ပျမ်းမျှ (၁၁)နာရီခန့် ရှိနေကြောင်း အစီရင်ခံစာအရ သိရသည်။

 နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အဓိက ဆွဲဆောင်နိုင်သည့်အချက်မှာ လုပ်ခလစာနည်းပါးခြင်းဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

အလုပ်သမားတို့ ရသင့်သည့် အခွင့်အရေးများ ဖော်ဆောင်နိုင်ရန် လုပ်ဆောင်ကြသည့်အခါ အစိုးရဘက်က တာဝန် မကြေသေးကြောင်း  အလုပ်သမားအရေး ဆောင်ရွက်နေသူ  ကိုရန်နိုင်ထွေးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အလုပ်သမားများ ရပိုင်ခွင့်အတွက် ဆောင်ရွက်ပေးရန် အစိုးရတွင် စိတ်ဆန္ဒရှိရန် လိုအပ်သည်ဟု သူက ထောက်ပြကြသည်။

“အခုချိန်ထိ လုပ်သား အဖွဲ့စည်းတွေ ဖွဲ့စည်းတဲ့ အလုပ်သမား သမဂ္ဂဆိုတဲ့ အသုံးနှုန်းကို  ခုချိန်ထိ သုံးခွင့် မပေးသေးပါဘူး။  သမဂ္ဂဆိုတဲ့ အသုံးအနှုန်း ပါတာနဲ့ အဲဒီလုပ်သားအဖွဲအစည်းက (ခွင့်ပြုချက်ရဖို့) တော်တော်ကို ခက်ခဲသွားပါပြီ” ဟု  ကိုရန်နိုင်ထွေးက ဆိုသည်။

အလုပ်သမားများ အခွင့်အရေးသည် ဥပဒေစိုးမိုးမှုနှင့် ဆက်စပ်နေသည်ဟုလည်း သူက ထောက်ပြသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမြဲတမ်းပြောနေတဲ့  မှတ်ချက်လိုပဲ (မြန်မာနိုင်ငံမှာ) တရားဥပဒေစိုးမိုးမှု မရှိပါဘူး။
အဲဒီတရားဥပဒေ စိုးမိုးမှု မရှိတဲ့ ဒဏ်က ကျနော်တို့နင်းပြား အလုပ်သမားတွေ အများဆုံး၊ အကြီးဆုံး ခံနေရတယ်” ဟု  ကိုရန်နိုင်ထွေးက ရှင်းပြသည်။