ခင်ဝမ်း (၆၆) နှစ်အပြည့်အမှတ်တရ အစီအစဉ်

ကိုခင်ဝမ်း
နေမျိုးဆေး
(နိုဝင်ဘာ ၂၄ ခင်ဝမ်း အသက် (၆၆) နှစ်ပြည့် မွေးနေ့ အမှတ်တရ မိုးမခ အစီအစဉ်)
မိုးမခ
နိဝင်ဘာ ၂၅၊ ၂၀၁၃



ခင်ဝမ်း၊ မောင်ဒီ၊ ခင်မောင်ရင် ဗမာပြည် ၏ ပန်းချီ အကျော်အမော် သုံးဦး
ဓာတ်ပုံ - နေမျိုးဆေး


ဟ.. သောက်ကျိုးနဲ (နည်း).. ပန်းချီက ဒီလိုလည်း ရေး..ရ.. သကိုး..။
(ပန်းချီဆရာ ခင်မောင်ရင်)


ကိုခင်ဝမ်းဟာ အနုပညာရဲ့ ရိုးသားမှုနဲ့ အသစ်အဆန်းများစွာကို အစောကြီးပေးသွားတဲ့သူပါပဲ..။
(ပန်းချီဆရာ / ကိုယ်ပိုင်သံစဉ် စတီရီယို တေးရေးဆရာ / အဆိုတော် နေမျိုးဆေး)
× × × × × ×



တရက်.. ၁၉၉၅၊ အဲဒီနေ့က ဆရာကြီးဦးခင်မောင်ရင်ရဲ့ ဒုတိယမြောက် ပန်းချီပြပွဲ၊ လင့်ခ်လမ်းက မစ္စတာဂစ်တာမှာ..။


အဲဒီမှာ လာတဲ့ ဧည့်သည်တွေ အမှတ်တရ ရေးချင်တာ ရေးရအောင်ဆိုပြီး ကင်းဗတ်ကြီးတခုရယ်၊ စုတ်တံရယ်၊ ဆေးတွေရယ် ချထားတယ်။


မနက်ကတည်းက လာတဲ့သူတွေ အမှတ်တရ ရေးကြတာပေါ့..။


တနေ့လုံးပဲ.. ကင်းဗတ်ပေါ်မှာ ပုံတွေရေးလိုက် ကိုယ့် ဆိုင်းလေးထိုးလိုက်၊ ကိုယ်ကြိုက်တဲ့ အရောင်လေးတွေ ခြယ်လိုက်၊ ဆိုင်းလေးထိုးလိုက်၊ ပုံလေးတွေရေးလိုက် ကိုယ့် ဆိုင်းလေးထိုးလိုက်နဲ့ပေါ့..။  အမှတ်တရဆိုတော့ သေသေချာချာကို ဂရုတစိုက်ရေးကြတာ၊ အားလုံးကလည်း တကယ့် အနုပညာရှင်တွေ.. ရေးရင်း ရေးရင်း နေ့လည်လောက်ရောက်တော့ ကင်းဗတ်တခုလုံး ပြည့်သွားရော..။


အရောင်တွေကလည်းစုံ၊ စာရေးဆရာတွေ ကဗျာဆရာတွေ ကာတွန်းဆရာတွေ ပန်းချီဆရာတွေရဲ့လက်ရာတွေနဲ့ ဆိုင်းတွေနဲ့ ကင်းဗတ်တခုလုံးလည်း တော်တော့်ကို ကြည့်ကောင်းနေပြီ..။




ပန်းချီဆရာ ခင်မောင်ရင် နှင့် ကဗျာဆရာ သုခမိန်လှိုင်
ဓာတ်ပုံမျှဝေသူ - သုခမိန်လှိုင်



အဲဒီအထိ ကိုခင်ဝမ်းက ဘာမှမရေးသေးလို့ ကျနော်က “အကို မရေးသေးဘူးလား” ဆိုတော့ “ကိုယ် နောက်ဆုံးမှ ရေးမယ်” တဲ့..။  ရောက်လာတဲ့ သူတွေ ထပ်ရေးကြ ထပ်ရေးကြနဲ့ ညနေရောက်တော့ လူတွေလည်း တဖြေးဖြေး ပြန်ကုန်ပြီပေါ့..။


ခဏ နေတော့မှ.. ကိုခင်ဝမ်းက “ကိုယ့်ကို စုတ်တံကြီးကြီးတခုပေး” ဆိုပြီး တောင်းတယ်။  ကျနော်က တော်တော် ကြီးကြီး စုတ်တံတခု ပေးလိုက်တယ်။  ကိုခင်ဝမ်းက ပထမဆုံး ထောင်ထားတဲ့ ကင်းဗတ်ကြီးကို ကြမ်းပြင်ပေါ် ချလိုက်တယ်၊ စုတ်တံကို ကိုင်.. ခဏ.. မတ်တပ်ရပ်ကြည့်ပြီး… ဆေးစပ်ခွက်ထဲက ဆေးတွေအကုန်လုံးကို စုတ်တံကြီးနဲ့ ဖိမွှေတော့တယ်၊ အားရတော့မှ.. လက်မောင်းကိုမြှောက် အားကုန်လွှဲပြီး ကင်းဗတ်ပေါ်ကို ရိုက်ချလိုက်တယ်..။ .. .. အို့ အို.. .. စုတ်တံကို ဆေးခွက်ထဲ ထိုးထည့်လိုက် ကင်းဗတ်ပေါ်ကို ဘယ်ပြန် ညာပြန် ရိုက်ချလိုက်.. ဆေးတွေကို ရောမွှေလိုက် ကင်းဗတ်ပေါ်ကို ဘယ်ပြန်ညာပြန် ရိုက်ချလိုက်.. စုတ်တံကို ဆေးခွက်ထဲ ထိုးထည့်လိုက် ကင်းဗတ်ပေါ်ကို ရိုက်ချလိုက်နဲ့.. အားကုန်လုပ်နေတာ..။


ကျနော်လဲ အတော်အံ့အားသင့်သွားတယ်..။  ဆေးတွေကလည်း ရောမွှေထားတော့ အတော့ ကို ညစ်နေတော့တာပေါ့..။  ကိုခင်ဝမ်းကို ကြည့်လိုက်တော့လည်း ပုံမှန်မဟုတ်ဘူး၊ တခုခု ပူးကပ်နေသလိုလို..၊  စုတ်တံကို ဆေးခွက်ထဲ ထိုးထည့်တာကအစ၊ စုတ်တံအမွေးတွေကို ဖွာထွက်ကုန်တာပဲ၊ ဆေးခွက်တွေလည်း မှောက်ကုန်၊ ဆေးတွေလဲ ပြန့်ကြဲကုန်..။


နောက်ဆုံး.. လက်ကိုမြှောက်ပြီး စုတ်တံကို အားနဲ့ ကင်းဗတ်ပေါ် ပေါက်ချလိုက်တယ်၊ ကင်းဗတ်စ ချိုင့််ဝင်သွားတယ်၊ စုတ်တံက အမွေးတွေ ပြုတ်ထွက်ကုန်တယ်၊ စုတ်တံက အဝေးကြီးကိုလွင့်သွားတယ်၊ စုတ်တံကို သွားပြန်ကောက်.. ပြန်ပေါက်၊ ဆေးစပ်ခွက်ထဲထိုးမွှေ.. ကောက်ပေါက်၊ ပြန်ကောက်.. ကောက်ပေါက်နဲ့ လုပ်နေတာ အရင်ဆွဲထားတာတွေ တခုမှမကျန်တော့ဘူး၊ ကျနော်လည်း အံ့အားသင့်ပြီး ကိုခင်ဝမ်းကိုပဲ ကြည့်နေမိတယ်၊ ကိုခင်ဝမ်းလည်း အတော့်ကို မောနေပြီ..။

ပြီးမှ စုတ်တံကို ကင်းဗတ်ပေါ်ပစ်ချပြီး “ပြီးပြီ” လို့ပြောပြီး ထွက်သွားတော့တယ်..။

နေမျိုးဆေး


(ဤ စာစု ကို ပန်းချီဆရာ နေမျိုးဆေး သည် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ လ၊  ၃ ခင်ဝမ်း ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့် နှစ်လည် အမှတ်တရ ရေးခြင်းဖြစ်သည်။  ယခု နိုဝင်ဘာ၊၂၄၊ ၂၀၁၃ ခင်ဝမ်း အသက် (၆၆) နှစ်ပြည့် မွေးနေ့ အမှတ်တရ မိုးမခ က ပြန်လည် တင်ဆက်သည်။  ဤ စာစု ခင်ဝမ်း အမှတ်တရလေး အတွက် ပန်းချီဆရာ နေမျိုးဆေး နှင့် ဓာတ်ပုံမျှဝေသူ ကဗျာဆရာ သုခမိန်လှိုင်တို့ အား မိုးမခ က ကျေးဇူး အထူးပင် တင်ရှိကြောင်း မှတ်တမ်းပြုအပ်ပါသည်။


အနုပညာရှင် ခင်ဝမ်း တေးစာသား သံစဉ် များဖြင့် ဆင်ယင်ထုံးဖွဲ့ခဲ့သည့် “အသံပန်းချီကား တချပ်” ဖြစ်သည့် နာမည်ကျော် “ပြည်မှာဆောင်း” သီချင်းကိုလည်း ခင်ဝမ်း မွေးနေ့ အထိမ်းအမှတ် မိုးမခ ပရိသတ် အတွက် တင်ဆက်လိုက်ပါသည်။)

ပည်မှာဆောင်း၊ သံစဉ်/စာသား ဖွဲ့ဆို - ခင်ဝမ်း၊ တေးစု - ပြည်မှာဆောင်း (၁၉၇၉-ဖေဖေါ်ဝါရီ)၊ တေးဂီတ - Rainbow Bridge (သက်တန့်တံတား အဖွဲ့)၊ မျက်နှာဖုံး ပန်းချီ - မောင်ဒီ

/h