မောင်စိုးချိန် - ခေါင်းဆောင် အယ်ဒီတာနှင့် သူ့အတွက် ပန်းကုံးများ (ဆရာနှင့် သူ၏ပန်းပွင့်များသို့)

ခေါင်းဆောင် အယ်ဒီတာနှင့် သူ့အတွက် ပန်းကုံးများ 
(ဆရာနှင့် သူ၏ပန်းပွင့်များသို့)
မောင်စိုးချိန်
မေ ၁၇၊ ၂၀၁၄



ပေါ်သစ်
စာရေးဆရာ သို့မဟုတ်
အယ်ဒီတာ ဝင်းတင်
သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်
အမှန်တရားချစ်လွန်းသူ။

လူထုက သူ့ကိုချစ်
ဦးထိပ်ပန်ဆင်လေးစားခဲ့ကြ
အချစ်များစွာရရှိခဲ့သူ။

ရန်သူက သူ့ကိုသိပ်မုန်း
ဆယ့်ကိုးနှစ်အတွင်း
အကျဉ်းတိုက်မှာ သတ်ဖြတ်ခဲ့
တတိတိ ချေမှုန်းခဲ့။

စစ်အာဏာရှင်စနစ်
ဖျက်သိမ်းရေးတိုင်ပွဲထဲမှာပဲ
သူကျဆုံးသွားခဲ့ပေါ့။

သူ့ကို သင်္ဂြိုလ်တဲ့နေ့
သင်္ချိုင်းမြေမှာ
သူ့ကို ဦးညွတ်ဂုဏ်ပြုခဲ့ကြ
ဝမ်နည်းခြင်း မျက်ရည်ပန်းကုံး
ကြေကွဲ ရှိုက်သံ ပန်းကုံး
နှမြောတသ ပန်းကုံး
ပန်းပွင့်စစ်စစ် လွမ်းသူ့ပန်းခွေ ပန်းကုံး
ပန်းကုံးတွေ…….. ပန်းကုံးတွေ
လွမ်းမြမြ တမ်းတမဆုံး
ဆို့နင့်စကားလုံး ပန်းကုံး
တောင်ကုန်း တကုန်းစာ ဂုဏ်ပြု
အလေးနီပြု ဦးညွှတ်စုရုံး
ပန်းကုံးတောင်တန်း တတန်းစာ။

ဂုဏ်ရောင်ပြောင်သူ သူ့အား
ပြောင်မြောက်သည့် ဂုဏ်ပြုမှု
ဦးညွှတ် ပူဇော်ထိုက်သူ ပူဇော်
ခန့်ထည်လွန်းစွာ ဂုဏ်ပြုခမ်းနား
ပန်းကုံးများ ငါးသောင်းကျော်
တပြည်လုံးမှာ သိန်းသိန်းကျော်။

တကယ်လို့များ……..
သူ့အား ဂုဏ်ပြု ချစ်သူ့နှလုံး၊ ပန်းကုံးပန်းပွင့်
ရဲရင့်ဝိဥာဉ်၊ သက်ဝင်လှုပ်ရှား
သူချီရာ လမ်းလိုက်၊ တိုက်ပွဲဝင်မည်
စွန့်မည်ဆိုလျှင်
နောက်တရက်
တိုင်းပြည် လွတ်မြောက်ရေး
ဘယ်ပြေးမလဲ
ဆုပ်ဖမ်းမိမှာ အမှန်ပဲ။

ကောင်းပြီ
ဆရာ့အတွက်၊ မျက်ရည်ပန်းပွင့်
ရင်မှာ ဆင့်လျှက်
ဘယ်နေ့ ဘယ်ရက်၊ တာထွက်ကြမလဲ။
မြေအောက်လုပ်ငန်း ၊ စလှမ်းစို့ရဲ့။

မောင်စိုးချိန်
မေ ၂၊ ၂၀၁၄