ဦးနန္ဒဝံသ (ကာရိုလိုင်းနား) - အိုသမားများအတွက် အိုဘားမား

ဦးနန္ဒဝံသ (ကာရိုလိုင်းနား)  - အိုသမားများအတွက် အိုဘားမား 
(မိုးမခ) နိုဝင်ဘာ ၂၉ ၊ ၂၀၁၄

အရင်က ကိုယ့်ဘဝ
ဒီအမေရိကမှာ
ကံအကြောင်းက မလှ
ထောက်ခံပေးမည့်သူ မရတော့
ဗီဇာတွေ အိုသည့်ထိ နေခဲ့ရတယ်။
ဆိုးလိုက်တဲ့ကံ
ချိုးစော်တောင် နံနေတာဘဲလို့  ညီးတွားနေတုံး
ဒီမိုကရက်တစ်ပါတီဝင် အစစ်
အသစ်တက်တဲ့ သမ္မတ
ကလင်တန်လက်ထက်ကြတော့
အမိန့် နဲ့ ချမှတ်လိုက်တဲ့ ဥပေဒေက
ဒေါ်လာတစ်ထောင် ဒဏ်ငွေချပြီး
ဘုရားသခင် မမစရဘဲ
အမေရိကမှာ ရှင်ပြန်ထမြောက်ခဲ့ရတယ်။
ကိုယ့်နိုင်ငံမှာ မရနိုင်တဲ့
စိတ်ကူးယဉ် အိပ်မက်လှလှတွေ
အကုန်လုံးမပြည့်ဝတောင်
ကျောင်းနဲ့  ကန်နဲ့  ဘုရားနဲ့  နေသားတကျ ။
အမှားလဲမဖက်
တရားလဲ မပျက်တဲ့ ဘဝကို ကြည့်ပြီး
မိတ်ဆွေတစ်ယောက်ကပြောတယ်
နေတတ်ရင်တော့ ကျေနပ်စရာပေါ့တဲ့။
အိုးဘားမားရဲ့ အင်မီဂရေရှင်းကိစ္စ
ဗီဇာတွေ အိုနေသူများအတွက်တော့
ထီပေါက်သလို ပွတာဘဲသာမှတ်
အကောင်းဆုံး ဥပဒေသတစ်ရပ်
အိုသူတွေ ပြန်မတ်လာမည့် သဘော။
ပေါ့ဆ မနေကြနဲ့  မြန်မာတို့ ရေ
အမေရိကမှာ အိုနေရာက
ရှင်ပြန် ထမြောက်ချင်ကြရင်
ဒီဥပဒေသ အတည်ဖြစ်မည့်အချိန်
မျက်ခြေမပြတ်သာ စောင့်ကြည့်နေကြ။
မသန်မစွမ်း ဒီမိုကရေစီ သန္ဓေသား
သေသေချာချာ မွေးဖွားထားတဲ့ တို့ နိုင်ငံမှာ
စိတ်ကူးယဉ် အိပ်မက်စရာဆိုလို့ 
ဘာမှမရှိသူတို့ အတွက် ဗလာနတ္တိ
အိပ်မက်ဆိုးကနေ လန့် နိုးလာစရာဘဲရှိတယ်
ရှိသူတို့ အတွက်ကတော့ ကောင်းတာတွေအပြည့်
နောက်ကြောင်းတောင် ပြန်လှည့်ဖို့ မလိုဘူး
ကောက်ကြောင်းအတိုင်း ဆက်သွားရုံ။
လက်ရှိရှိနေတဲ့ အမေရိကမှာ
အိုဘားမားလို ကိုယ်သမ္မတ မဖြစ်တောင်
နောက်မျိုးဆက်တွေ စိတ်ကူးယဉ် အိပ်မက် မက်နိုင်အောင်လို့ 
အိုဗာစတေးသမားများအတွက်
အိုဘားမားလုပ်တော့မည့် ဥပဒေကို
သတိလေးဆောင် ကြည့်ကြ
ပေါ့ပေါ့ဆဆတော့ မနေ့ ကြနဲ့  မြန်မာတို့ ။