မင်းကိုနိုင် = အလှူပွဲရက် သစ်ပင်တက်ခြင်း


မင်းကိုနိုင် = အလှူပွဲရက် သစ်ပင်တက်ခြင်း
(သူ့ဖေ့စ်ဘွတ်) ဒီဇင်ဘာ ၃၀၊ ၂၀၁၄

 အလှူရက်မှာ
ဟိုဘက်ကမ်းက ဂန်းမသားတွေ
အလေဏတော အယုတ္တအနတ္တ
ထုတ်လွှင့်နေတာ ခုခံမယ်
အမှားပြဲ့ပြဲ့ တရားမဲ့တွေကို ရင်ဆိုင်ဖို့
.
လာဟဲ့ လူလေး တာဝန်ပေးလိုက်
ခါးတောင်းကျိုက်စမ်း
ဟိုဘက်ကမ်းက လူအန္ဓတွေ
ဖိမ့်တုန်စေသော်ဝ်
လော်စပီကာနဲ့ နှက်လိုက်မယ်
အော်မည်ကာကွဲ့ ပက်လိုက်မယ်
.
သစ်ပင်ခြေရင်း မြေတလင်းဝယ်
ဆွေသင်းသောသော
လူလေးကျောမှာ လော်စပီကာနဲ့
“နေပါဦးဟ ပေးလိုက်ကြစမ်း
ရှမ်းလွယ်အိတ်ကြီး လမ်းခရီးမှာ သုံးဖို့”တဲ့
.
ခါးတောင်းမြှောင်လျက် လူလေးတက်စဉ်
ပင်မြင့်အရောက် အောက်က အော်ပြီ
“လွယ်အိတ်ထဲမှာ ကြော်ငြာပါသကွ
ခဏထုတ်ပြီး ကော်သုတ်ကပ်လိုက်စမ်းပါဟ”တဲ့
.
ပင်စည်တွယ်ဖက် လူလေးခက်ပြီ
လက်ကမအား ဆက်သွားဦးမှ ခြေအကြွ
“ဟကောင် လူလေး မင်း ဘာတွေးလဲ
လမ်းကြုံ လုပ်ပေးရတာကွ”တဲ့။
.
လူလေး မတတ်နိုင်
မျက်နှာမှိုင်လျက် ဆက်အတက်
“အိုလူကလေးငဲ့ ဟိုဘက်လှည့်ပြီး ဟိုဘက်ကိုင်းကို
ကူးစမ်းပါ့
ငါ့ဆိတ်အုပ်ကြီး လွှတ်ကျောင်းပြီးမှ
ချောင်းပါးကမ်းပါး ပြုတ်ကျမလားလို့
နင်သွားမျှော်ကြည့် ကျောင်းပါဘိ”တဲ့
.
လူကလေးလည်း တွေးဆခက်ခက်
ဟိုဘက်ကူးနိုး ဆက်တက်နိုး
.
“ဟဲ့လူကလေး နင့်ကိုပေးတဲ့
ဘေးလွယ်အိတ်မှာ ဓားပါပါ့ကွယ်
ငါ့အိမ်ခေါင်မိုး တည့်တည့် ထိုးတဲ့
ဟိုးမြောက်ဘက်ကိုင်း နင် မဆိုင်းဘဲ သွားခုတ်လှဲ့”
.
ပင်ဖျားကိုင်းထိပ်
လော်ကြီးချိတ်ဖို့
စိတ်သန်သန်နဲ့ ဆက်အတက်
“တက်သာတက်ပါ နတ်ပြည်ရွာအထိ
အာသာဝတီ-နွယ်နီ နတ်ပန်း
ငါ ဆင်မြန်းမဟဲ့ ခူးပေးစမ်း”တဲ့
.
လူလေးခမျာ
မူလတာဝန် မကျေပွန်မူ
စိတ်ဝမ်းပူလျက် ထိပ်သို့ တက်မြဲ
အောက်ကလည်းဆူ နားလည်းပူပြီ
“ဟဲ့ လူကလေး အရေးမပါ
တို့ခိုင်းတာငြင်း မြင်ပြင်းကတ်တယ်
နင်ဆင်းလာရင် သိမယ်မှတ်”တဲ့
.
စိတ်ရှုပ်ပင်ပန်း လော်ကြီးထမ်းလျက်
ပင်ထက်ခွကြား ခြေကားယားနှင့်
အားကုန် ကြုံးခေါ် လူလေး အော်ပြီ
“ကယ်တော်မူကြပါဦးဗျို့”တဲ့။....။
.

- မင်းကိုနိုင်