ဗိုလ်ကြီးနေမျိုးဇင်က တပ်မတော်သားကိုယ်စားလှယ်များ လျှော့ချသင့်ကြောင်း


ဗိုလ်ကြီးနေမျိုးဇင်က တပ်မတော်သားကိုယ်စားလှယ်များ လျှော့ချသင့်ကြောင်း

ဟန်သစ်နိုင်၊ မိုးမခ၊ ဇူလိုင် ၇ ရက်


၂၀၁၅ခုနှစ်၊ ဇူလိုင် ၆ရက်နေ့တွင် ပြည်သူ့ဘက်တော်သားဟု လူသိများသော  ဗိုလ်ကြီးနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှတို့သည် ရန်ကုန်မြို့ ကျောက်တံတားတရားရုံးတွင်ပုဒ်မ ၁၈ နှင့် (၆) ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့သည်။ ဗိုလ်ကြီးနေမျိုးဇင်သည် လွတ်လပ်ရေးကျောက်တိုင်မှ ကြေညာစာတမ်းကို ခွင့်ပြုချက်မရပဲ ဖတ်ခြင်းနှင့် လက်ပံတောင်းမှဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ပတ်သက်ပြီး တရုတ်သံရုံးရှေ့ဆန္ဒပြမှုကို ပုဒ်မ ၁၈ဖြင့် နှစ်မှုရင်ဆိုင်နေရသည်။ ဒေါ်နော်အုန်းလှသည်လည်း ဒေါ်ခင်ဝင်းသေဆုံးခြင်းကိုဆန္ဒပြမှုနှင့် လက်ပံတောင်း ၂ နှစ်ပြည့်ဆန္ဒပြမှုကို ပုဒ်မ ၁၈ဖြင့် ထောင်တွင်းမှ တစ်ယောက်နှစ်မှုဆီ ရင်ဆိုင်နေရသည်။ သူတို့နှစ်ဦးကို ကျောက်တံတားတရားရုံးမှ ဇူလိုင် ၂၀ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်။
          လွှတ်တော်ထဲတွင် တပ်မတော်သား ၂၅ရာခိုင်နှုန်း ပါဝင်နေမှုနှင့် ပတ်သက်ပြီး ဗိုလ်ကြီးနေမျိုးဇင်၏သဘောထားအမြင်ကိုမေးမြန်းခဲ့ရာတွင် အရပ်သားဒီမိုကရေစီစနစ်ကိုကူးပြောင်းခဲ့သော တခြားစစ်အာဏာရှင်များရဲ့နိုင်ငံတွေကိုမှီပြီး စစ်သားတစ်ချို့တစ်ဝက်ကို လွှတ်တော်ထဲတွင်ထားရှိခဲ့ခြင်းဟု ယူဆကြောင်း၊ မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ၅နှစ်တာကာလအတွင်း စစ်တပ်မှကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းသည်လွှတ်တော်ထဲတွင် အထက်ကအမိန့်ပေးသောစနစ်ဖြင့် ထိုင်ထခါင်းခါသာလုပ်နေရကြောင်း၊ စစ်တပ်ကိုယ်စားလှယ်များသည် ၄၃၆ ဆိုတာနှင့်လည်း တင်းမာမှုများရှိနေသည့်အတွက် ပြည်သူနှင့် စစ်တပ်ကြားတွင် သွေးခွဲထားသလို ခံစားရကြောင်း၊ ပြည်သူနှင့်စစ်တပ် ရှေ့ဆက်လျှောက်ရမည့်လမ်းတွင် ကာကွယ်ရေးဦးစီးချုပ်အနေနှင့် တပ်မတော်သားကိုယ်စားလှယ်၂၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းအထိလောက်လျှော့ချပေးသင့်ကြောင်း၊ ပြည်သူလူထုကျေနပ်လောက်သော ဒီမိုကရေစီအသွင်ကူးပြောင်းရေးများ လိုလားမျှော်လင့် ကြောင်းများပြောပြသည်။
ဆက်လက်ပြီး ၄င်းက “လုံးလုံးကြီးဖယ်ပါဆိုလည်း သူတို့ကဖယ်မှာမဟုတ်ဖူး သူတို့ရဲ့အကျိုးစီးပွားတွေရှိတယ်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကြောင့် သူတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက် မလုံခြုံမှုတွေရှိတယ်၊ လွှတ်တော်ထဲတွင် စစ်တပ်ကစနစ်တကျရွေးချယ်ထားတဲ့သူတွေ တာဝန်သိသစ္စာစောင့်ထားတဲ့သူတွေကလည်း ဆက်စောင့်သိရအုံးမှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ၁၀ရာခိုင်နှုန်း သို့မဟုတ် ၁၅ရာခိုင်နှုန်းကို တောင်းဆိုချင်တယ်” ဟုပြောသည်။