ဇင်လင်း - ရွေးကောက်ပွဲနဲ့ လူထု မျှော်လင့်ချက်


ဇင်လင်း - ရွေးကောက်ပွဲနဲ့ လူထု မျှော်လင့်ချက်  
(မိုးမခ) ဇူလိုင် ၆၊ ၂၀၁၅

လတ်တလော မြန်မာနိုင်ငံဟာ အလွန်တရာ အန္တရာယ်ကြီးတဲ့ သမိုင်းအကွေ့အချိုးတခုကို ရောက်ရှိနေတယ်လို့ဆိုရ ပါလိမ့်မယ်။ ဘာကြောင့်လဲ။ ပြည်သူလူထုအများစုက လက်ရှိ စစ်အာဏာရှင်ခေတ်ရဲ့ အမွေဖြစ်တဲ့  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝ လက်မခံနိုင်တော့ဘူးလို့ အတိအလင်းထုတ်ဖေါ်ပြောဆိုလာလို့ ဖြစ်ပါတယ်။ ပြင်ရုံနဲ့ ကျေနပ်စရာ မရှိ။ အသစ်ပြန်ရေးဆွဲမှ ဖြစ်မယ် လို့တောင် ဝေဖန်သူတွေ ရှိလာပါတယ်။ ဘယ်လိုပဲဆိုဆို၊ လက်ရှိဖွဲ့စည်းပုံကို တမျိုးတဖုံ တော့ ပြုပြင်ပြောင်းလဲကြဖို့လိုတာကတော့ အသေအချာပါပဲ။ တကယ်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဆိုတာ အစိုးရနဲ့ ပြည်သူတို့အကြား ချုပ်ဆိုထားတဲ့ Social Contract ပါပဲ။ နိုင်ငံသားအချင်းချင်း(တနည်း-အစိုးရနဲ့ပြည်သူ) အကြား အပြန်အလှန် ဘယ်ပုံဘယ်နည်း ပြုမူဆက်ဆံကြမယ်ဆိုတာ ညှိနှိုင်း သဘောတူ ချုပ်ဆိုထားကြတဲ့ လူမှုဆက်ဆံရေး စာချုပ်လို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။
  
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူလူထုက ဘာကြောင့် လက်မခံနိုင်တော့တာလဲ။ ဘာကြောင့် ပြုပြင်ပြောင်းလဲ ချင် ကြတာလဲ။ ဒီမေးခွန်းနဲ့ ပတ်သက်လို့  သက်ဆိုင်သူတို့ ကိုယ်တိုင် မလိမ်တမ်း၊ မညာတမ်း ဖြေကြည့်ကြမယ် ဆိုရင် အဖြေက အလွန်ရိုးရှင်း ပါတယ်။ သမိုင်းဖြစ်စဉ်ဖြစ်ရပ်ဆိုတာ ဖုံးဖိထိန်ချန်ထားလို့ရနိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ 

၁၉၈၈ လူထုရဲ့ဆန္ဒ အစစ်အမှန်က “ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးနဲ့လွတ်လပ်ရေး” ပါပဲ။ ဒါကို ၁၉၉၀ ရွေးကောက်ပွဲမှာ လူထုက သူတို့ရဲ့ မဲဆန္ဒ စစ်စစ်မှန်မှန်နဲ့ဖေါ်ထုတ်ပြသခဲ့ပြီးဖြစ်ပါတယ်။

ဒါကို စစ်အာဏာရှင်လူတစုက မိုက်မိုက်မည်းမည်း လူထုဆန္ဒကို ဖီဆန်ပြီး အမျိုးသားညီလာခံ အတုတခု ဇွတ် ဖန်တီး ခဲ့ကြတာ မှတ်မိကြဦးမယ် ထင်ပါတယ်။ ပြည်တွင်းပြည်ပ ဆန့်ကျင်နေတဲ့ကြားက အဲဒီ ညီလာခံကို (၁၄)နှစ်ကြာ ပြုလုပ်ခဲ့တယ်။ စစ်အာဏာရှင်တွေ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံမူကြမ်းဆိုတာကို အဲဒီညီလာခံက ဇွတ်ချပေးခဲ့တယ်။

 ၂၀၀၈ မေလဆန်းမှာ နာဂစ်မုန်တိုင်းကြောင့် နိုင်သူနိုင်ငံသားတွေ သိန်းနဲ့ချီ သေကျေပျက်စီးကြတာကိုမှ မထောက်ထားပဲ၊ အဲဒီ မေလမှာ လူထုဆန္ဒခံယူပွဲ အတု တခုကို ဇွတ်လုပ်ပြန်တယ်။ မဲလိမ်ပြီး လူထု ၉၀ ရာနှုန်းကျော်ထောက်ခံတယ်လို့ အရှက်မရှိ ဇွတ်လိမ်ပြန်တယ်။

နာဂစ်မုန်တိုင်းအတွင်း သေကုန်တဲ့ လူတွေကိုတောင် မဲစာရင်းထဲ ထည့်ပြီး မဲပေးခိုင်းခဲ့တယ်။ ဒီလိုနဲ့ ပြည်သူလူထုကို ခြိမ်းခြောက် အကြပ်ကိုင် လိမ်လည်ပြီး၂၀၀၈ ဖွဲ့စည်းပုံ ဇွတ်ပြဋ္ဌာန်းလိုက်တာဖြစ်တယ်။

 ဒါနဲ့ပြီးသလားဆိုတော့ မပြီးသေး။ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာကိုလည်း အဲဒီပုံစံအတိုင်း မဲလိမ်ပြီး စစ်တပိုင်းအစိုးရအဖြစ် ထပ် အုပ်ချုပ် ကြပြန်တယ်။ အပြောင်မြောက်ဆုံး ပျက်လုံးကတော့ လူထုက ရွေးချယ်တင်မြှောက်ခံရတဲ့ လူထုအစိုးရပါလို့ လိမ်ရဲကြတဲ့ ကိစ္စပါပဲ။ 

ချီလီအာဏာရှင် ပီနိုရှေး လောက်တောင် သတ္တိမရှိကြပါ။ ပီနိုရှေးလို လူထုက ထောက်ခံ/ မထောက်ခံ လွတ်လပ်တဲ့ ဆန္ဒခံယူမှု မလုပ်ရဲကြသူတွေပါ။

ဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာ စာရွက် အလွတ်ပေါ်မှာ လူထုကို အတင်းအဓမ္မလက်မှတ်ထိုးခိုင်းခဲ့တဲ့ Social Contract ပါပဲ။ လူထုက ဘုမသိ ဘမသိ လက်မှတ်ထိုးခဲ့ရတဲ့ ဖွဲ့စည်းပုံ ဖြစ်နေမှတော့ အခုလို နိုင်ငံရေးအသိအမြင် နိုးကြားလာကြချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ရုံမက အသစ်ပြန်ရေးချင်သည့်တိုင် လူထုဘက်က လွန်ကျူးတာ ဘာမျှမရှိပါ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ်ဟာ ရေရှည်တည်တန့်ဖို့ဆိုရင် လူတိုင်း တလေးတစား တန်ဖိုးထားတဲ့ စံချိန်စံညွှန်း တွေ  ရှိရပါလိမ့်မယ်။ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူရည်တူ ခွင့်တူညီမှုတွေကို တန်ဖိုးထား အာမခံတဲ့  တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ အစိုးရမျိုးကို ပြည်သူလူထုက လိုချင်တာ ဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ဘဝ ငြိမ်းချမ်းသာယာမှုကို ဖန်တီး ပေးနိုင်စွမ်းရှိတဲ့ အစိုးရမျိုးကို ဖွဲ့စည်းရာမှာ အထောက်အကူပြုမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ဖို့လိုပါတယ်။  ဖွဲ့စည်းပုံဆိုတာဟာ အဲဒီလို နိုင်ငံသူ နိုင်ငံသားများရဲ့စံ တန်ဖိုးထားမှုတွေကို ဖော်ဆောင်ပေးနိုင်စွမ်းတဲ့ Social Contract ဖြစ်ရမယ်။ ပြည်သူလူထု ဆန္ဒသဘောထား နဲ့ကိုက်ညီမှုရှိတဲ့ ဥပဒေ ဖြစ်ရမယ်။

ဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက ရွေးကောက်ခံတွေ မဟုတ်တာ တွေ့ရမှာ ဖြစ်ပါတယ်။  ဖွဲ့စည်းပုံမှာ ၇၅% က ရွေးကောက်ခံရသူတွေလို့ပဲ ယေဘုယျ ဆိုကြပါစို့။ ၂၅% က စစ်ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ခံရသူတွေ ဖြစ်တယ်။ ဒီလူတွေက အထက်အမိန့်ကို မြေ၀ယ်မကျ နာခံကြရတဲ့၊ စစ်တပ်က လာသူတွေ ဖြစ်တယ်။ ရွေးကောက်ပွဲက ရွေးတင်ခံရသူမဟုတ်ရင် ဒီမိုကရေစီနည်းအရ အလွန်အရုပ်ဆိုးရုံမက ရှက်စရာလည်း ကောင်းပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီဖွဲ့စည်းပုံလို့ ဘယ်နည်းနဲ့မှ မသတ်မှတ်နိုင်ပါ။ ဒီမိုကရေစီ လွှတ်တော်မှာ အမတ်တွေအားလုံးဟာ ရွေးကောက်ခံတွေ ဖြစ်ရပါလိမ့်မယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီနဲ့ အဆန့်ကျင်ဆုံး အချက်ကို ပြောပါဆိုရင် တပ်မတော်က ခန့်အပ်တယ်ဆိုတဲ့ ၂၅% ကိစ္စပါပဲ။

၂၀၁၅ခုနှစ် ဇွန် ၂၅ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ပါတယ်။ လုံလောက်တဲ့ ထောက်ခံမဲ မရရှိခဲ့ပါ။ ပုဒ်မ ၅၉(ဃ) အတွက်သာ လုံလောက်တဲ့ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့ပါတယ်။ 

ပုဒ်မ ၅၉ (ဃ) ရဲ့ မူလပြဋ္ဌာန်းချက်က “နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်” လို့ဆိုပါတယ်။ ပြင်ဆင်ချက်မှာကတော့  “နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး စသည့် အမြင်များရှိရမည်” လို့ ဆိုပါတယ်။ အံ့စရာပါပဲ။ “စစ်ရေး” ဆိုတဲ့ စကားလုံးနေရာမှာ “ကာကွယ်ရေး” ဆိုတဲ့ စကားလုံးနဲ့ အစားထိုးလိုက်ပါသတဲ့။ အတော် ရက်ရက်ရောရော ပြင်ဆင်ပေးလိုက်တဲ့ သဘောပါပဲ။ ဒီ ဖြစ်စဉ်က ဘာကို ပြသနေသလဲ ဆိုရင် တပ်မတော်သည် ပြည်သူလူထုဘက်က မဟုတ်…ဆိုတာကို ညွှန်ပြနေတဲ့ သဘောပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်စေချင်တဲ့ တပ်မတော်အမျိုးအစား မဟုတ်တာကတော့ သေချာနေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ  ရွေးကောက်တင်မြှောက်ခံ မဟုတ်တဲ့ စစ်တပ် ကိုယ်စားလှယ်တွေက ဗီတိုအာဏာ ကိုင်ထားတာတွေ့နိုင်တယ်။ ပြည်ထောင်စု လွှတ်တော်ထဲမှာ တပ် ကိုယ်စားလှယ် ၁၆၆ ဦးကို တပ်ချုပ်က ခန့်ထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ တပ် ကိုယ်စားလှယ် ထောက်ခံမဲ မရရင်၊ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် မရနိုင်ပါ။ ဒါကြောင့် လွှတ်တော်ထဲမှာ၊ ဘယ် ဥပဒေကိုမှ ပြင်မရပါ။

တပ်ကိုယ်စားလှယ်တွေက ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်ကို နာခံပြီး ပြည်သူ့အကျိုးပြု ဥပဒေမှန်သမျှကို ဆန့်ကျင် ကန့်ကွက် နေရင်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို လွှတ်တော်ထဲမှာ လုပ်ယူလို့ မရကြောင်း လူထုက မြင်လာပါ လိမ့်မယ်။  လောလောဆယ် တပြည်လုံး အတိုင်းအတာနဲ့ မဲစာရင်းမှားယွင်းမှု အများအပြား ပေါ်ပေါက်နေတာ ကလည်း ၂၀၁၀ တုံးကလို မဲလိမ် မဲခိုးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ လူထုက စိုးရိမ်နေပါတယ်။ အလားတူ ဖြစ်ခဲ့ရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ မျှော်လင့်ချက်ပျောက်ကွယ်သွားနိုင်တယ်။ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်နိုင်ခြင်းမရှိတာ ထင်ရှားနေချိန်မှာ၊ ရွေးကောက်ပွဲမှာလည်း မဲ မသမာမှုတွေ ဖြစ်ခဲ့ရင်၊ မျှော်လင့် ချက်မဲ့နေတဲ့ လူထုက လွှတ်တော်ပြင်ပ နည်းနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး အားထုတ်လာကြဖွယ် မြင်နေရပါတယ်။ အခုတောင် ကျောင်းသားကျောင်းသူအချို့က စတင်ကန့်ကွက်လာတာ မြင်တွေ့နေရပါပြီ။

ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရာမှာ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့အစိုးရ အမျိုးအစားကသာ နိုင်ငံကို ဦးဆောင် နိုင်တာဖြစ်တယ်။ ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ လူထုကလေးစားတဲ့ တပ်မတော်မျိုးက လွှတ်တော်နိုင်ငံရေးမှာ ၀င်ပါဖို့ ကြိုးစားလေ့ မရှိပါ။   ဒါကြောင့် သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့အနေနဲ့ လက်ရှိ အခြေအနေတွေကို နက်နက်ရှိုင်းရှိုင်း ရှုမြင်လေ့လာကြပြီး ပြည်သူလူထုရဲ့ မျှော်လင့်ချက်ကို မျက်ကွယ်မပြုဘဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်ပြင်ရေးကိစ္စ အဆင်ပြေအောင် အမြော်အမြင်ကြီးကြီးထား ကူညီသင့်တယ်လို့ ထင်မြင်ယူဆမိပါကြောင်း။         ။

((၂၀၁၅ ဇူလိုင်လ (၆) ရက်၊ တနင်္လာနေ့ထုတ် ((ဒီလှိုင်း)) ဂျာနယ်မှာ ဖေါ်ပြခဲ့တဲ့

 ဆောင်းပါး))