ငြိမ်းချမ်းအေး - မဘသ မီဒီယာ ဘာလဲ၊ ဘယ်လဲ

ငြိမ်းချမ်းအေး - မဘသ မီဒီယာ ဘာလဲ၊ ဘယ်လဲ
(သည်လေဒီးစ်နယူးစ် / မိုးမခ) ဇွန် ၂၆၊ ၂၀၁၅

ဗုဒ္ဓဘာသာ ရဟန်း သံဃာ တသောင်းကျော် တက်ရောက်ခဲ့တဲ့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟို ဒုတိယအကြိမ် နှစ်ပတ်လည် စုံညီ အစည်းအဝေးကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်မှာ ဇွန်လ ၂၀-၂၁ ရက်နေ့များက ကျင်းပခဲ့ပါတယ်။


ဆရာတော် အရှင်ဝီရသူ Facebook တွင် တွေ့ရှိရသည့် မဂ္ဂဇင်း မျက်နှာဖုံး

အစည်းအဝေးအပြီးမှာ အချက် ၁၂ ချက် ထုတ်ပြန်ခဲ့သလို လာမယ့် နှစ်ကုန် အထွေထွေရွေးကောက်ပွဲ လွပ်လပ်မျှတ ယှဉ်ပြိုင် ကျင်းပစေလိုကြောင်း သဘာထားလည်း ပေးထားပါတယ်။  မဘသအနေနဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ အားပေး ဘက်လိုက်မှာ မဟုတ်ကြောင်းလည်း ဦးဆောင် သံဃာတပါးဖြစ်တဲ့ မန္တလေး မစိုးရိမ် တိုက်သစ် ဆရာတော် အရှင်ဝီရသူက ဗြိတိသျှအသံမြန်မာပိုင်းရေဒီယိုနဲ့ မေးမြန်းခန်း (၂၃ ဇွန် နံနက်ပိုင်းအစီအစဉ်) မှာ မိန့်ခဲ့ပါတယ်။  ဒါပေမဲ့ မဘသအနေနဲ့ ရွေးကောက်ခံမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံးကို တွေ့ဆုံမေးမြန်းပြီး အမျိုး၊ ဘာသာနဲ့ ရပ်ရွာ ကောင်းကျိုး ဆောင်ရွက်နိုင်သူကို ထောက်ခံ မဲဆွယ်ပေးမယ့် သဘောမျိုးလည်း ဆရာတော်က ဆိုခဲ့ပါတယ်။  ဟိုးအရင် သီတင်းပတ်များကတည်းကလည်း မဲပေးရေးသင်တန်းတွေ ပေးမယ်ဆိုပြီး ဦးဝီရသူ ကြေညာခဲ့ဖူးတာလည်း ရှိပါတယ်။  မဘသဗဟိုညီလာခံ အပြီးမှာတော့ သံဃာအဖွဲ့အစည်းတရပ်အနေနဲ့ ပါတီနိုင်ငံရေး ရွေးကောက်ပွဲ ဖြစ်စဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မယ်ဆိုတာကို တရားဝင် ထုတ်ပြလိုက်ခြင်းသဘောပါပဲ။

ဒီမဘသညီလာခံမှာပဲ ဘယ်အဖွဲ့က ဝေမှန်းမသိဘူးဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အမျိုး၊ ဘာသာ၊ သာသနာ အားနည်းလို့ မဲမပေးရဘူး လှုံ့ဆော်ထားတဲ့ လက်ကမ်းစာစောင်တွေ ဝေငှခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။  မဘသကတော့ ဒီကိစ္စ သူတို့နဲ့ မဆိုင်ဘူးလို့ ငြင်းဆိုထားပေမဲ့ (မပြေးသော်လည်းကန်ရာရှိ) သံဃာတွေပါတဲ့ လှုပ်ရှားမှုတွေဟာ အာဏာနိုင်ငံရေး၊ ရွေးကောက်ပွဲ ဖြစ်စဉ်နဲ့ မဲဆွယ်ရေးတွေမှာ ထင်ထင်ရှားရှား မြင်တွေ့နေရခြင်းကတော့ ငြင်းမရတော့ပါ။

ဒါ့အပြင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဆရာတော်ဦးဝီရသူကပဲ နိုင်ငံတကာနဲ့ မြန်မာ စာနယ်ဇင်း၊ မီဒီယာတွေ မဘသ သံဃာအဖွဲ့အကြောင်း မကောင်းရေးနေကြောင်း၊ သတင်းတွေ တင်ဆက်ရမှာ ဘက်လိုက်မှုတွေ ရှိနေကြောင်း၊ ပြည်တွင်း စာနယ်ဇင်းကိုလည်း အားကိုးလို့မရကြောင်း၊ ဒါကြောင့် မဘသအဖွဲ့တွေ အနေနဲ့ ပုံနှိပ်နဲ့အွန်လိုင်း မီဒီယာကိုင်ပြီး အသုံးချဖို့လိုကြောင်း မဘသဂျာနယ်တွေ ထုတ်ဝေဖြန့်ချိပြီး အမျိုးသားရေးကို ထိန်းသိမ်းဖို့ လိုနေပြီဖြစ်ကြောင်း ကျင်းပပြီးစီးခဲ့တဲ့ မဘသ ညီလာခံမှာ ဟောကြားခဲ့ပါတယ်။  အရှင်ဝီရသူ ရုပ်ပုံ မျက်နှာဖုံးနဲ့ ဆရာတော် ဦးဆောင် ထုတ်ဝေတဲ့ မဟာဝီရ ရသစုံ မဂ္ဂဇင်း အမှတ် (၁)၊ စမ်းသပ်ထုတ် ဇူလိုင် ၂၀၁၅ ကြော်ငြာဓာတ်ပုံကိုလည်း ဆရာတော်ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှာ တွေ့ခဲ့ရပါတယ်။

ဆရာတော်လို ဗုဒ္ဓဘာသာအရေး အင်မတန် တက်ကြွလှုပ်ရှားသူတစ်ဦးရဲ့ စာစောင်နာမည်က ‘မဟာဝီရ’ ဖြစ်နေတာလည်း အံ့အားတသင့်ဖြစ်ရသလို အလေးဂရုပြုဖွယ်လည်း ဖြစ်ပါတယ်။  အကြောင်းက ဗုဒ္ဓဘုရားရှင်လက်ထက်က အယူမတူသူ ဒိဋ္ဌိတွေ အဖြစ် သတ်မှတ်ခံရတဲ့ ဂျိန်းဘာသာ ဘုရားနာမည်နဲ့ ဆင်တူနေလို့ပါပဲ။  ဗုဒ္ဓလမ်းစဉ်မဟုတ်တဲ့ ဝါဒတစ်ခု အမည်ယူထားပြီး ဗုဒ္ဓဘာသာ မြှင့်တင်ရေး အမည်တပ် စာစောင် ဖြစ်နေခြင်းဟာ ဆင်ခြင်ဖွယ်ပါ။

ဒါ့အပြင် အခု မဘသအဖွဲ့နဲ့ ဦးဆောင် ဆရာတော်တချို့ဟာ အာဏာ နိုင်ငံရေး လုပ်ငန်းစဉ် မဲပေးရေး/မဲမပေးရေး ဖြစ်စဉ်တွေမှာ ဝင်ရောက် လမ်းညွှန်မှာ ဖြစ်သလို ထိုင်းအကူအညီနဲ့ လွှင့်ထုတ်မယ့် ရေဒီယိုလိုင်းအပါအဝင် စာစောင် စာနယ်ဇင်းများကိုလည်း တရားဝင် ကိုယ်တိုင်ကိုယ်ကျ ဦးစီးလုပ်ကိုင်မယ့်သဘော ဖြစ်လာတော့ ဒီလို မီဒီယာတွေရဲ့ အခန်းကဏ္ဍ ‘ဘာလဲ၊ ဘယ်လဲ’ က ဆင်ခြင်သတိထား စောင့်ကြည့်စရာ ဖြစ်လာပါပြီ။

Journalism ဆိုတဲ့ စာနယ်ဇင်း သတင်းလိုက်ယူ တင်ဆက်ခြင်း အတတ်ပညာဟာ အသက်မွေးဝမ်းကျောင်းမှု တစ်မျိုး ဖြစ်ပါတယ်။  စနစ်တကျ လေ့လာသင်ယူရတဲ့ ပညာရပ်ကြီးပါ။  ဝါသနာအလျောက် လေ့လာလိုက်စားသူ အပျော်တမ်း ပြည်သူ့စာနယ်ဇင်းသမားများလည်း ရှိနိုင်ပါတယ်။  ဝါသနာအလျောက်ဖြစ်ဖြစ် အသက်မွေးဝမ်းကျောင်း ဖြစ်ဖြစ် စာနယ်ဇင်း အလုပ် လုပ်ပြီ ဆိုရင်တော့ ကျယ်ပြန့်တဲ့ သတင်းအတတ်ပညာ အကြောင်းအရာ၊ ကဏ္ဍ၊ ကျင့်ဝတ် ပေါင်း မြောက်မြား စွာအတွက် ကျင့်ဝတ်စည်းကမ်းတကျ လေ့လာသင်ယူနိုင်ဖို့ လိုပါတယ်။  သတင်းရယူပုံ၊ သတင်းတင်ပြပုံ၊ ရေးသားပုံ၊ ခေါင်းစီး စာသား၊ အရွယ်အစား၊ နေရာ အထားအသို၊ ရုပ်သေ/လှုပ်ရှားမှု ရုပ်ပုံ၊ အသံ အသုံးပြုပုံ အစရှိတဲ့ စာနယ်ဇင်း အလုပ် အသီးသီးအတွက် ပညာရပ်ပိုင်းဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ စံသတ်မှတ်ပြဋ္ဌာန်းချက်တွေလည်း အများအပြား ရှိပါတယ်။   စောင့်ထိန်းရမယ့် သီလတွေ ရှိပါတယ်။  ရဟန်းမှာ ရဟန်းဝိနည်း ရှိသလို စာနယ်ဇင်းသမားများ မှာလည်း စာနယ်ဇင်း ကျင့်ဝတ် သီလ ထိန်းသိမ်းရမှုတွေ ရှိပါတယ်။

အခု စာစောင်၊ မဂ္ဂဇင်း၊ ဂျာနယ်တွေ ထုတ်မယ့်/ထုတ်တဲ့ အရှင်ဝီရသူတို့ရဲ့ မဘသ အဖွဲ့ဟာ ရဟန်းသံဃာအဖွဲ့အစည်းများ ဖြစ်တာကြောင့် စာနယ်ဇင်းအလုပ်ကို အသက်မွေးဝမ်းကျောင်း လုပ်မယ့်သဘောတော့ မရှိပါဘူး။  အမျိုးသားရေးအတွက် အကျိုးအမြတ်မဲ့ ထုတ်ဝေခြင်းလို့ ယူဆရပါတယ်။  ဒါပေမဲ့ သတင်းအလုပ်ကို မှန်ကန် ဘက်မလိုက်၊ ကျင့်ဝတ်ရှိရှိ လုပ်ကိုင်နိုင်ဖို့ရာ အသက်မွေးဝမ်းကျောင်း စာနယ်ဇင်း အတတ်ပညာရပ်တွေကို စနစ်တကျ ဘယ်လောက် လေ့လာ သင်ယူထားသလဲ၊ လူပုဂ္ဂိုလ် စာနယ်ဇင်းပညာတတ်များ ဘယ်လောက် ဝိုင်းဝန်းမှု ရှိသလဲ၊ အဂတိ အာဃာတ ကင်းရတဲ့ စာနယ်ဇင်း တာဝန်ကို အမှန်တကယ် ကျေပွန် ထမ်းဆောင် နိုင်မလား ဆိုတာကိုတော့ မေးခွန်းထုတ်ဖို့ လိုလာပါတယ်။

ဦးဆောင်သူ ဆရာတော်ဦးဝီရသူရဲ့ ယခင်နဲ့လက်ရှိ စာနယ်ဇင်း မေးမြန်းခန်းတွေ၊ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွေနဲ့ ဟောပြောပွဲတွေမှာ သူ့ရဲ့ ရေးသား ပြောဆိုဟောကြားချက်တွေကို လေ့လာသုံးသပ်ကြည့်ရင်တော့ သမာသမတ်ကျကျ စာနယ်ဇင်း အလုပ်ကို စံချိန်မီ ထမ်းရွက်နိုင်ဖို့အရေး အင်မတန် သံသယ ရှိစရာကောင်းပါတယ်။   ဆရာတော်ရဲ့ ရေးသား တင်ပြချက်များမှာ စာနယ်ဇင်း ကျင့်ဝတ်၊ သီလ၊ တာဝန် ရှုထောင့် ကနေ ဆိုရရင် စံမမီတာ တွေ့နိုင်သလို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ ရေချိန်မီ သတ်မှတ်ချက် သဘောထားတွေနဲ့ မလျော်ညီတာတွေကိုလည်း အမြဲ မြင်တွေ့ခဲ့ရပါတယ်။

ဆရာတော် ရဲ့ တရားဝင် Facebook စာမျက်နှာမှာဆိုလည်း အနည်းဆုံးအဆင့် အခြား ဘာသာလူမျိုးကွဲများ အပေါ် ခေါ်ဝေါ်ညွှန်းဆိုတဲ့ အသုံးအနှုန်းမျိုးကအစ တစ်ဖက်ဘာသာ လူမျိုး အုပ်စုဝင်များက ရင့်သီး၊ စော်ကားတယ်လို့ ခံယူထားတဲ့ နာမည်တွေကို လှိုင်လှိုင်သုံး သတင်းတွေ တင်ဆက်၊ စာတွေ ရေးသားနေတာ နှစ်များ ကြာချီခဲ့ပါပြီ။   ဒါ့အပြင် ဆရာတော်ဘုရားရဲ့ တရားပွဲတွေမှာ ဟောကြားခဲ့တဲ့ အသုံးအနှုန်းတွေ၊ သဘောထားတွေကလည်း နိုင်ငံတကာ စံနှုန်း၊ ဥပဒေတွေနဲ့ ကြည့်ရင် အမုန်း စကား၊ အမုန်းတရား တွေအဖြစ် အဓိပ္ပာယ် ဖွင့်ဆိုနိုင်တာတွေရှိပါတယ်။  ဥပမာ - ‘ကုလား မှန်သမျှ ဗမာမြင်ရင် ကြောက်လန့်နေရမယ်’ ဆိုတဲ့ ဟောပြောမှုမျိုးပါ။  ဆရာတော် သက်တော် ငယ်ရွယ်ချိန်က ဟောကြားခဲ့တယ်လို့ ယူဆရတဲ့ ရုပ်သံမှတ်တမ်းဟောင်း တစ်ခုမှာဆိုရင်လည်း ‘မန္တလေးက မွတ်ဆလင်တွေ နေစရာ၊ စားစရာ မရှိအောင် လုပ်ပြမယ်’ ဆိုတဲ့ အဟောမျိုး အထိ ကြုံးဝါးသံတွေ ကြားနာခဲ့ရဖူးပါတယ်။  ဒီလို ဟောပြောမှုမျိုးဟာ တစ်ဖက် လူမျိုး ဘာသာ အုပ်စုဝင်တွေကို ကာယကံမြောက် အကြမ်းဖက်မှုမျိုး မပြုလုပ်သည့်တိုင် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက် ခြိမ်းခြောက်မှုမြောက်ပါတယ်။   ဒါမျိုး စကားတွေဟာ အမုန်းတရားပွားမှုကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိပြီး တရားဥပဒေစိုးမိုးမှုတဲ့ တိုင်းပြည်မျိုးမှာသာ ဆိုရင် ဥပဒေ အရ အရေးယူနိုင်ပါတယ်။

ဒါတွေကိုထောက်ချင့်ပြီး ဆရာတော်မှာ လူမျိုး/ဘာသာ မခွဲခြားရေး စံနှုန်းတွေကို သိနားလည်မှု နည်းကြောင်း၊ မတူကွဲပြားမှုတွေကို သည်းခံ နားလည်နိုင်စွမ်းတဲ့ ယဉ်ကျေးပြီး ၂၁ ရာစု လူသား တစ်ဦး စောင့်ထိန်းရမယ့် အသိ၊ ကျင့်ဝတ်တွေကို သိနားလည် လက်ခံမှု နည်းနေကြောင်း၊ သတင်း ဆောင်းပါးများ ရေးသားရာမှာ စောင့်ထိန်းရမယ့် စာနယ်ဇင်း တာဝန်၊ ကျင့်ဝတ်တွေကို လျစ်လျူရှု ပျက်ကွက်နေကြောင်း သုံးသပ်နိုင်ပါတယ်။   ဒီလို နောက်ခံသမိုင်းနဲ့ ဆရာတော်က အခု အသက်မွေးဝမ်းကျောင်း Professional စာနယ်ဇင်းတွေ ဘက်လိုက်တယ်၊ ကိုယ်တိုင် အမျိုးသားရေးမီဒီယာ လုပ်ငန်းလုပ်မယ် ဆိုပြီး မဂ္ဂဇင်း ထုတ်လာခြင်းဟာ မြန်မာ့စာနယ်ဇင်းလောကအတွက် အကျိုး ထက် အပြစ်ဖြစ်စေမယ် ယူဆရပါတယ်။  လူမျိုး၊ ဘာသာ ပေါင်းစုံ ဟန်ချက်ညီ သမမျှတ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရမယ့် ဖက်ဒရယ်ပြည်ထောင်စု တိုင်းပြည်ရဲ့ အနာဂတ် အတွက်လည်း ရင်လေးစရာ ဖြစ်ပါတယ်။

ဘာသာရေး ဆပ်စပ် စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရေဒီယို၊ ရုပ်သံလိုင်းဆိုတာ ကမ္ဘာ့နိုင်ငံတိုင်းမှာလည်း ရှိပါတယ်။  ကိုယ့်ဘာသာ အယူဝါဒ အကြောင်းကို ဟောပြော ဖြန့်ချိ ဝါဒဖြန့် စည်းရုံးတယ်။  တရား ဓမ္မတွေ ဟောကြားတယ်။  ဒါဟာ ပင်မ ရေစီးကြောင်း စာနယ်ဇင်းလုပ်ငန်းနဲ့ လုံးဝ မပတ်သက်ပါ။  အသက်မွေးဝမ်းကျောင်း စာနယ်ဇင်း သတင်းစာ မဏ္ဍိုင်ကတော့ ဘာသာတရား တစ်ခုခုရဲ့ အရိပ် သြဇာ လွှမ်းမိုးခံလို့ မရပါ။  သတင်းလုပ်ငန်းဟာ ဘာသာ၊ လူမျိုး အစွဲကင်းတဲ့ နေရာ တစ်ခုသာ ဖြစ်ရပါတယ်။

အယူဝါဒတစ်ခုတည်းကိုပဲ တင်ဆက်ရင် စာနယ်ဇင်းမဟုတ်ပါ၊  ဝါဒဖြန့်ချိရေး ယန္တရား လက်နက်သာ ဖြစ်ပါမယ်။  ဒါကိုတော့ အခု သတင်းမီဒီယာနယ်ပယ်ကို တရားဝင် နာမည်ခံ ဝင်ရောက်လုပ်ကိုင် လာတဲ့ ဆရာတော် ဦးဝီရသူနဲ့ မဘသအဖွဲ့ သိမြင်နိုင်ဖို့လိုပါတယ်။  မဘသဟာ မီဒီယာ နာမည်ယူချင်လို့တော့ မရပါ။  အမျိုး၊ ဘာသာ၊ သာသနာ အရေးအတွက် ဝါဒဖြန့်ချိရာဌာန အဖြစ် စာစောင်တွေ ထုတ်မယ်လို့ပဲ ရပါတယ်။

တကယ်တော့ လွန်ခဲ့တဲ့ နှစ်တွေကစပြီး မြင့်မားလာတဲ့ အစွန်းရောက် အမျိုးသားရေးလှိုင်းလုံးနဲ့အတူ တစ်ဖက်စွန်းရောက် အမျိုးသားရေး လက္ခဏာအပြည့်နဲ့ စာစောင်တွေ၊ ဂျာနယ်တွေ မြန်မာ့စာနယ်ဇင်း ဈေးကွက်မှာ ရှိပြီးသားပါ။  ဒါဟာ အစဉ်အဆက် နှစ်ပေါင်းများစွာ ထုတ်လာခဲ့တဲ့ အဆိပ်အတောက်မဲ့ အဆင့်အတန်းရှိ ဘာသာရေး ဗဟုသုတ စာပေ အဆင့်မျိုးလည်း မဟုတ်ပါဘူး။  ဘာသာ သာသနာ ဆက်စပ် အသိပညာ ပေးရေးထက် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး သွေးထိုး အမုန်းပွားမှုများကို ပို အသားပေးကြပါတယ်။  အခု ဆရာတော် ဦးဝီရသူ ကိုယ်တိုင် ဦးဆောင်ထုတ်တဲ့ စာစောင် မဂ္ဂဇင်းနဲ့ မီဒီယာဟာလည်း ဒီလို လှုံ့ဆော် ဝါဒဖြန့်လမ်းကြောင်းကိုပဲ ဦးတည်လိုရင်၊ ဒါမှမဟုတ် ဒီထက်ပို ပြင်းထန်စွန်းရောက်ရင်၊ နိုင်ငံရေးအမြတ်ထုတ် ပရောဂကပ် ပါတီတစ်ခုခုအတွက် လမ်းကြောင်း မှိုင်းတိုက်ရင်တော့ နိုင်ငံအတွက် ကြီးစွာသော အန္တရာယ် တစ်ခုကို ဦးတည်နိုင်စေပါတယ်။

ဒါမှမဟုတ် ဦးဝီရသူနဲ့ မဘသက တက်ဆက်မယ့် စာစောင်တွေဟာ ဘာသာတရားရဲ့ ဓမ္မစစ်နဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားစစ် တရားမှန်တွေကို ဗုဒ္ဓဘာသာဝင်နဲ့ အခြား ဘာသာကွဲများ အမှန်အကန် သိရှိရေး ဘာသာရေးစာစောင်စစ်စစ်ဆိုရင်လည်း အားပေး သာဓုခေါ်ရမှာပါ။  အနည်းဆုံး ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာချည်း အမျိုးသားရေး ဇောင်းပေး စည်းရုံး လှုံ့ဆော် ဝါဒဖြန့်မှုမျိုးကိုလည်း ကျင့်ဝတ်နဲ့အညီဆိုရင် ကန့်ကွက်စရာ မရှိပါ။

ဒါပေမဲ့ ဦးဝီရသူနဲ့မဘသက ထုတ်ဝေမယ့် ရေဒီယို၊ စာစောင် မီဒီယာ အားလုံးရဲ့ သတင်း တင်ပြမှု၊ အာဘော် အမြင်ရေးသားမှု၊ လမ်းကြောင်းမှု၊ ဟောပြောမှုတွေဟာ လူမျိုး၊ ဘာသာ၊ လူမှု အလွှာ၊ နိုင်ငံရေး အုပ်စု၊ ကျားမ လိင်၊ လိင်တိမ်းညွတ်မှု အစရှိတဲ့ မတူကွဲပြားမှု ရှိတဲ့ အုပ်စု တစ်စုစု ကို ချိုးနှိမ်ခြင်း၊ ခွဲခြားခြင်း၊ ထိခိုက်စေခြင်း၊ အမုန်းပွားစေခြင်း ကင်းဖို့တော့ လိုပါတယ်။  ဒါမှသာ ခေတ်သစ် ၂၁ ရာစု ယဉ်ကျေးပြီး ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်းနဲ့ ကိုက်ညီတဲ့ လွတ်လပ်စွာ ပြောဆို၊ ဆန္ဒ သဘော ထုတ်ဖော်ခွင့်နဲ့ စာနယ်ဇင်း အခွင့်အရေး ဖြစ်ပါမယ်။

မီဒီယာဟာ ရွေးကောက်ပွဲ အတွက် မဲဆွယ်လက်နက် မဖြစ်ဖို့လည်း လိုပါတယ်။  ရပ်ထဲရွာထဲမှာ သြဇာကြီးတဲ့ သံဃာအစု အဝေးကို အသုံးချ အာဏာနိုင်ငံရေး အမြတ်မထုတ်ဖို့လည်း အရေးကြီးပါတယ်။  လူများစု မြန်မာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေးကိုင်းရှိုင်းမှု၊ ဘုန်းကြီးဆိုရင် အဖြူ၊ အမည်း ဘာပဲဖြစ်ဖြစ် ထောက်ခံ ကြည်ညိုမှုကို အသုံးချပြီး ပါတီတစ်ခုခုကို မဲဆွယ်ပေးမှုမျိုးကိုလည်း ရှောင်ကြဉ်နိုင်ရပါမယ်။

လူမျိုး၊ ဘာသာ အုပ်စုတစ်ခုခု အပေါ် အမုန်းပွားစေမှု၊ မတူကွဲပြားတဲ့ အုပ်စုများ အကြား အမြင်မကြည်လင်၊ လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်စေ၊ အငြိုးအတေး၊ အာဃာတတွေ တည်ဆောက်၊ အမုန်းတွေ ဖွဲ့၊ ပဋိပက္ခတွေဖြစ်စေမယ့် ပြောဆိုရေးသားမှုမျိုး မဖြစ်ရင် ဆရာတော်တို့ လုပ်မယ့် မဘသ မီဒီယာများအပေါ် အကျောက်အကန် ကန့်ကွက်စရာ မရှိပါ။  သံဃာတွေ ဦးစီးနေတာ ဖြစ်လို့ ဘာသာ၊ သာသနာ ပုံရိပ် ညှိုးနွမ်းစေမယ့် အမုန်းဝါဒ တစ်ဖက်စွန်းရောက် အပြုအမူတွေ စွက်ကဲ လားလေမလားပဲ စောင့်ကြည့်စရာ ရှိပါမယ်။  လူမျိုး၊ ဘာသာ အုပ်စု တစ်ခုခုကို မတိုက်ခိုက်၊ ထိခိုက် နစ်နာစေခြင်း မရှိဘဲ ပုံနှိပ်၊ ရေဒီယို၊ တီဗီ၊ အွန်လိုင်း အင်တာနက် လူမှုကွန်ရက် အွန်လိုင်စာမျက်နှာများကို အသုံးချပြီး ဗုဒ္ဓရဲ့ တရား၊ ဓမ္မတွေကို ဘုရား သားတော်များအနေနဲ့ ပြန်လည် ဖြန့်ဖြူးခြင်း၊ လူမျိုး၊ ဘာသာ၊ သာသာနာ ဖွံ့ဖြိုးတိုးတက် စည်ပင်အောင် ကြံဆောင်ခြင်း အားလုံးကိုလည်း အပြည့်အဝ လက်ခံပါတယ်။

ဗုဒ္ဓဘာသာရဲ့ အဓိက လမ်းစဉ်ကြီးဟာ မေတ္တာတရားပွားများခြင်းပါ။  ဒါကို ကျွန်တော်အနေနဲ့ နှစ်နှစ်ကာကာလည်း ယုံကြည်ပါတယ်။  တစ်နည်းအားဖြင့် ဗုဒ္ဓ လမ်းစဉ်ဟာ သံသရာ မလွတ်မြောက်ခင် စပ်ကြားမှာ လောဘ၊ ဒေါသ၊ မောဟ ကို ကင်းအောင်ထား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားကို ရှုမြင်၊ အမုန်း အာဃာတ တရားတွေကို ချေဖျက်၊ လူသားအချင်းချင်း ချစ်ခြင်း မေတ္တာတည်ဆောက်မှုကိုသာ အဓိက ဇောင်းပေး သင်ကြားပြသတယ်လို့ မှတ်သိထားပါတယ်။  ဒီသဘောဟာ ခေတ်သစ် လူ့အခွင့်အရေး စံနှုန်း၊ နိုင်ငံတကာ ယဉ်ကျေးမှု အမြင်တွေနဲ့လည်း ကိုက်ညီ၊ ပေမီဒေါက်မီဖြစ်ပြီး ဖြစ်ပါတယ်။

ဒီလို ဗုဒ္ဓဘာသာရဲ့ ကောင်းပုံရိပ်တွေကို ထိန်းသိမ်းပြီး သာသနာရေး အသိပညာ ဗဟုသုတ ဖြန့်ဝေရေး သက်သက် ဘာသာရေး စာစောင်တွေ ပေါပေါများ ထုတ်ဝေတာမျိုးပဲ မြင်ချင်ပါတယ်။  တပြိုင်တည်းမှာပဲ တိုင်းပြည်မှာ မှီတင်းနေထိုင်နေတဲ့ တခြားဘာသာဝင်များကိုလည်း အခွင့်အရေးတူ ဘာသာရေး ရေဒီယို၊ စာစောင် လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်တွေလည်း ပေးရပါမယ်။

ဒီလို ခွင့်တူညီမျှ ဒီမိုကရေစီအကျင့်အကြံအလုပ် ပြင်ပ ဘာသာရေးကို အာဏာနိုင်ငံရေး ရွေးကောက်ပွဲ အတွက် အသုံးချခြင်း၊ စာနယ်ဇင်း သတင်းလုပ်ငန်း ပညာကို ဝါဒဖြန့်ချိ မှိုင်းတိုက် အထူးသဖြင့် လူမျိုး၊ ဘာသာ မတူသူများကြား အမုန်းပွားရေးတွေမှာ တလွဲ အသုံးချခြင်းမျိုးတွေကိုတော့ ဒီမိုကရေစီစနစ် တိုင်းပြည်ရဲ့ သမမျှတညီညွတ် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု ပြင်းပြင်းထန်ထန် ဆန့်ကျင်ရမှာသာ ဖြစ်ပါတယ်။  ဒါကြောင့် မဘသ မီဒီယာရဲ့ အလုပ်၊ လမ်း ကြောင်းမှု၊ မူဝါဒ သဘောတွေ ဘယ်လဲ၊ ဘာလဲ လူအများ စောင့်ကြည့်ဝေဖန်သုံးသပ် အသိ၊ သတိရှိနိုင်အောင် မေးခွန်းထုတ် ဆွေးနွေးတင်ပြလိုက်ရကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
၂၉ ဇွန်၊ ၂၀၁၅ (စာပြီးရက်စွဲ)

(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၆၈)၊ (၂၀၁၅) ခုနှစ် ဇူလိုင်လ (၃) ရက်၊ သောကြာနေ့ထုတ်၌ ပုံနှိပ်သည်။  မိုးမခတွင်လည်း အွန်လိုင်း ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)