မင်းညွှန့်လှိုင် - လူကြီးမင်းသို့

  မင်းညွှန့်လှိုင် - လူကြီးမင်းသို့
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၅

ဟေ့လူကြီး
ငိုက်မြည်းလို့ကောင်းတုန်းလား။

ဒီမယ်
အသွေးအသား
ဆီဦးထောပတ်စားပြီး
စည်းစိမ်တော်ယစ်မူးလို့
ပုပ်အဲ့အဲ့အသက်ဓာတ်နဲ့
ခင်ဗျားတို့
အိပ်ငိုက်မနေကြလေနဲ့။

ကမ္ဘာမြေတဖက်စောင်းနင်းဖြစ်မှုမှာ
ခင်ဗျားတို့ပယောဂမကင်းဘူး
ငြင်းမလား။

ခင်ဗျားတို့အမည်စာရင်းက
မြေလွှာကိုဖောက်
ငရဲပြည်ထိရောက်နေပြီ။

ကျုပ်တို့
ဂျွန်လင်နွန်ကို ချစ်တယ်
လူကြီးမဟုတ်လို့။

ကျုပ်တို့ကြိုက်တဲ့ဂီတ
ခင်ဗျားတို့မကြိုက်တာ
ကျေးဇူးပါဗျာ။

ခင်ဗျားတို့ထုတ်လုပ်တဲ့
မိုးချုန်းသံက
ကျုပ်တို့အဖို့
အကြောလျှော့စရာ
အကောင်းဆုံးပြက်လုံးပဲ။

ကျုပ်တို့ရဲ့ဆံပင်ဟာ
ကျုပ်တို့ရဲ့အလံတော် ။

ကျုပ်တို့ဆံပင်တွေရိတ်သိမ်းဖို့
ဘယ်တော့မှမကြိုးစားလေနဲ့ ။

ကျုပ်တို့အိပ်မက်တွေ ခုတ်ထစ်ဖို့
ဘယ်တော့မှမကြိုးစားလေနဲ့ ။

ကျုပ်တို့ရင်ဘတ်မှာ
ထိုးထားတဲ့ဆေးမှင်ကြောင်က
ဘယ်တော့မှမသေတဲ့
ချေဂွေဗားရား။

ကျုပ်တို့ရဲ့အသံတော်ဟာ
အင်တာနေရှင်နယ်သီချင်း ။

ကျုပ်တို့ဟာ သန်းပေါင်းများစွာ
ကျုပ်တို့ဟာ ကမ္ဘာကြီး။

ခင်ဗျားတို့
ဓားတွေလည်း ကျိုးခဲ့ပြီးပြီ
ခင်ဗျားတို့
လှံတွေလည်းခွေခဲ့ပြီးပြီ
တနေ့
ကျည်ဆန်တွေလည်း ပန်းအိုးဖြစ်ရမယ်။

ကျုပ်တို့
နွေဦးပေါက်မှာ
ကောက်ရိတ်ပွဲတော် ဆင်နွှဲနိုင်ရမယ်။     ။

မင်းညွန့်လှိုင်