သွန်းခ - သာဓုခေါ်၊ လေးစားသင့်ပါတဲ့ ပုဂ္ဂိုလ်တွေ္ဂ

သွန်းခ - သာဓုခေါ်၊ လေးစားသင့်ပါတဲ့ ပုဂ္ဂိုလ်တွေ္ဂ
(မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၅

သြဂတ်စ် ၂၁၊ ၂ဝ၁၅ ည Iron Crossရဲ့ရေဘေးသင့်ပြည်သူတွေအတွက် အားပါးတရဖျော်ဖြေပြီး အလှူငွေကောက်ခံခဲ့တဲ့ပွဲ မှာ လူငယ်တစ်ယောက် နှာခေါင်းစည်းအနက်ရောင်လေးတပ်ထားတာ တွေ့လိုက်ရပါတယ်။ စာရေးဆရာမဂျူးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ ကြွပ်ကြွပ်အိတ်တွေရဲ့အန္တရာယ်ရှိပုံတွေအကြောင်း စာမျက်နှာတွေ၊ ဆရာမရဲ့ စာပေဟောပြောပွဲတွေမှာ ထည့်ရေး၊ ထည့်ဟောလွန်းလို့ဆရာမရဲ့ကွယ်ရာမှာ ကြွပ်ကြွပ်အိတ်ဆရာမလို့ နာမည်ပြောင်ပေး ခဲ့ကြတာကို သိမှီလိုက်တဲ့သူတွေ အမှတ်ရနေကြဦးမှာပါ။ ဆရာမကတော့ အပြုံးမပျက်၊ ရေးမြဲ၊ ဟောမြဲနဲ့ပဲ ပြည်သူလူထုကကြွပ်ကြွပ်အိတ်အန္တရာယ်ဆိုးကို သိသင့်သလောက် သိသွားခဲ့ကြ၊ ဆင်ခြင်သင့်သလောက် ဆင်ခြင်ခဲ့ကြပါရဲ့။
  
ဆရာမတောင် အပြုံးမပျက်ရင်ဆိုင်ရဲနိုင်ခဲ့ရင် ကျွန်တော်လို စာလေးတစ်ကြောင်း၊ နှစ်ကြောင်းလောက်ရေးနေတဲ့လူကို တစ် ခါလာလည်း ဆေးယဉ်ပါးတီဘီ၊ တစ်ခါလာလည်း ဆေးယဉ်ပါးတီဘီအကြောင်းပဲရေးနေတာပဲလို့ အပြောခံရလည်း ရေးရမှာ ပါပဲခင်ဗျာ။ စိုးရိမ်စရာအဆင့်မို့လို့ပါ။
   
အရွယ်ကောင်းလူငယ်လေးတွေ၊ အလွှာပေါင်းစုံကလူတွေ၊ ပြဿနာပေါင်းစုံနဲ့လူနာတွေကို တနင်္လာကနေ သောကြာနေ့ အထိ ရုံးချိန်တွေမှာ ကြည့်ပေးနေတဲ့နေရာကတော့ ရန်ကုန်တိုင်းဒေသကြီး၊ အောင်ဆန်းတီဘီရောဂါတိုက်ဖျက်ရေး ပြင်ပ လူနာဌာနမှာပါပဲ။ သာမန်တီဘီနဲ့ ဆေးယဉ်ပါးတီဘီ ၂ မျိုးလုံးကိုနေရာခွဲပြီး စစ်ဆေးကုသပေးနေတာပါ။ ရောဂါပြင်းထန် သူတွေကိုတော့ အောင်ဆန်းဆေးရုံမှာပဲ အတွင်းလူနာအဖြစ် ကုသပေးနေပါတယ်။ အာဟာရရှိစေမယ့် အစားအစာတွေ၊ ဆေးဝါးကုသမှုအပြည့်အစုံတွေနဲ့ အတွင်းလူနာအဖြစ် သတ်မှတ်ကုသပေးခြင်းခံယူနေကြရသူတွေကတော့ ပြည်သူတွေ ကြားထဲ ရောဂါပိုးပျံ့ပွားမှာ စိုးရိမ်ရသူတွေ၊ လူမှုရေးပြဿနာတွေကြောင့် သူတို့မိသားစုတွေက ပြုစုကုသပေးဖို့ ခက်ခဲနေ ကြသူတွေ၊ ရောဂါပြင်းထန်ပြီး အသက်အန္တရာယ်အထိစိုးရိမ်ရသူတွေက အများစုပါ။
  
ဆရာဝန်၊ သူနာပြု၊ ဆေးတက္ကသိုလ်ကျောင်းသား၊ တက္ကသိုလ်ကျောင်းသား၊ ကုမ္ပဏီပိုင်ရှင်၊ တပ်မတော်အရာရှိ၊ ရဲအရာရှိ၊ မြန်မာ့လက်ရွေးစင်အားကစား၊ အငှားယာဉ်မောင်း၊ ပဲပြုတ်သည်၊ ကုန်စိမ်းရောင်းသူတွေဟာ ဆေးယဉ်ပါးတီဘီရာဂါပိုးကူး စက်ခံထားကြရသူတွေအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ လာရောက်စစ်ဆေးကုသမှုခံယူနေကြပါတယ်ဆိုရင် ကျွန်တော်ရေးမိ တဲ့အလွှာစုံဆိုတာ မှားမယ်မထင်ပါဘူး။ ဘာဖြစ်လို့ လူနာတွေကိုကိုယ်တိုင်ကိုယ်ကျလာဖို့ မေတ္တာရပ်ခံနေရတာလဲဆို တော့ကိုယ် အလေးချိန်နဲ့လူနာတွေရဲ့စိတ်ခံစားမှုအခြေအနေ၊ ပြင်ပလက္ခဏာတွေကြည့်ပေး။ စစ်ဆေးပေးချင်လို့ပါ။ ဆေးယဉ်ပါးတီဘီရောဂါသည်တစ်ယောက်အဖြစ်လည်း ခပ်လွယ်လွယ်သတ်မှတ်ပြီး ကုသပေးခြင်းမျိုး မဟုတ်ပါဘူး။ ဓါတ်မှန် ရိုက်၊ သလိပ်ပိုးစစ်၊ ဆေးကုသမှုစာရင်းဝင် လူနာတစ်ယောက်ဖြစ်ဖို့ စာရင်းသွင်းဖို့ရာ အစည်းအဝေးထိုင်ကြရပါသေးတယ်။စာရင်းသွင်းရပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဆေးကုရမယ့်ကာလက လပေါင်း ၂ဝ တိတိပါ။ လိုအပ်မယ့်ဆေးဝါး၊ ပြင်ပလူနာဌာနကို မှန်မှန်လာပြနိုင်ဖို့ တစ်လကို လမ်းစရိတ် မြန်မာငွေကျပ်သုံးသောင်း၊ အဌားယာဉ်နဲ့လာနိုင်ဖို့ ATM ကဒ်နဲ့ ကို ကမ္ဘောဇဘဏ်က စီစဉ်ပေးနေတာပါ။ အာဟာရအတွက် ဆန်၊ ဆီ၊ ပဲနဲ့ အာဟာရမှုန့်ထုတ်တွေလည်း လစဉ်ထောက်ပံ့ ပေးရတော့မှာမို့ရယ်၊ ဆေးယဉ်ပါးတီဘီ ကူးစက်ပျံ့နှံ့မှုနှုန်း ဘယ်လိုအခြေအနေ၊ အဆင့်အတန်းမှာရှိနေတယ်ဆိုတာတွေသိနိုင်ဖို့ အဖွဲ့လိုက်အစည်းအဝေးလုပ်ကြရခြင်းဖြစ်ပါတယ်။

လပေါင်း ၂ဝ ဆေးကုခံနေသမျှကာလပတ်လုံး လစဉ် သလိပ်မှန်မှန်စစ်ရမှာပါ။ နားကြပ်နဲ့ နားထောင်စမ်းသပ်လို့မရ၊ ဓါတ် မှန် နဲ့ချည်းလစဉ်ကြည့်ပေးနေလို့မရတာကြောင့် သလိပ်ကို သာမန်စစ်တာနဲ့၊ ပိုးမွေးစစ်ရတာတွေက သတ်မှတ်တဲ့လတွေ အလိုက် စနစ်တကျလုပ်သွားရတာတွေပါ။ ဆိုလိုရင်းကသလိပ်စစ်ဆေးခြင်းဟာ ဆေးယဉ်ပါးတီဘီကုသရေးရဲ့အဓိကအား ပြုရာကဏ္ဍပါပဲ။ လစဉ်မှန်မှန်လာမပြတဲ့လူနာတွေ၊ သလိပ်ပို့ပျက်ကွက်သူလူနာတွေကြောင့် ဆေးကုသရေးအနှောက်အ ယှက်ဖြစ်ရသလို ပိုးရှိနေမှန်းမသိပဲပြည်သူတွေကြားထဲ လှုပ်ရှားသွားလာနေမိလို့ အများပြည်သူတွေအတွက် စိုးရိမ်ဖို့ကောင်း တာလည်း အမှန်ပါပဲ။ တစ်အိမ်ထဲနေမိသားစုထဲတော့ စဉ်းစားသာကြည့်ပါတော့။ တစ်အိမ်ထဲနေလို့ တစ်ဆင့်ပြီး တစ်ဆင့်ကူးစက်ကုန်ကြတဲ့မိသားစုတွေလည်း အများသားပါ။ ဆေးမှန်မှန်သောက်နေလို့ မပြီးပါဘူး။ နှာချေ၊ ချောင်းဆိုးတာတွေကအစအပြုအမူပိုင်းဆိုင်ရာတွေမှာပါ သတိထားနေမှ အတူနေမိသားစုအတွက် ကူးစက်မှုနှုန်းနည်းပါးနိုင်မှာပါ။

ဆေးစကုပြီဆိုတာနဲ့ သောက်ဆေးတွေအပြင် ထိုးဆေးက အနည်းဆုံး ၆ လတစ်ပါတ်ကို ၆ ရက် နေ့စဉ်ထိုးရပါပြီ။ ထိုးဆေး ကြောင့် အကြားအာရုံထိခိုက်နိုင်တာကြောင့် လိုအပ်သလို ချိန်ဆပေးနိုင်ဖို့ရယ်၊ ကိုယ်အလေးချိန်ကို ချိန်ပြီးသောက်ဆေး အချိန်အဆလုပ်ပေးရတာတွေကြောင့် လစဉ် လူနာကိုယ်တိုင်လာနိုင်ဖို့အရေး စီစဉ်ပေးနေရတာပါ။ သောက်ဆေးတစ်မျိုး ကြောင့် စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲဖြစ်တတ်တာမို့ လိုအပ်ရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြပေးဖို့ အောင်ဆန်းတီဘီ ဆေးရုံကြီးမှာပဲ စိတ်ကျန်းမာရေးဆရာဝန်များ အလှည့်ကျ နေ့စဉ်ထိုင်ပေးနေကြရပါတယ်။

သက်ကြီးပိုင်းနဲ့ကလေးငယ်တွေဟာ ကိုယ်ခံအားနည်းနေတတ်တာမို့ ကူးစက်လွယ်တာကြောင့် တစ်အိမ်ထဲ အတူနေမိသား စုထဲက လူနာကို သတိပေးနေကြရတာပါ။ အာဟာရပြည့်ဝစေမယ့် အစားအစာတွေစားပေးပါဆိုတော့လည်း ဆီးချိုရောဂါ သည်တွေအတွက် အဆင်အပြေဆုံးဖြစ်မယ့်အာဟာရမျိုး အကြံပေးရတာလည်း ကျန်းမာရေးဝန်ထမ်းတွေရဲ့ မဖြစ်မနေ အလုပ်တွေထဲက တစ်ခုပေပါပဲ။ အိမ်တိုင်ရာရောက် ဆေးလာထိုးပေးနေကြတဲ့ သက်ဆိုင်ရာဒေသန္တရကကျန်းမာရေးဆရာ မ၊ သားဖွားဆရာမတွေနဲ့ ဆေးမှန်မှန်သောက်ဖို့ လုပ်အားပေးစေတနာ့ဝန်ထမ်းတွေရဲ့အားဖြည့်မှုတွေရှိနေလို့သာ ဆေးယဉ် ပါး တီဘီရောဂါသည်တွေအတွက် ဆေးကုသမှုတွေထိရောက်နေတာပါ။

တီဘီရောဂါသည်ဆိုတာ ခပ်ပိန်ပိန်၊ လူမမာရုပ်တွေပါလို့ ထင်နေကြသူတွေအတွက် ဆင်ခြင်နိုင်ကြစေဖို့ဖော်ပြပါရစေ။ ပြည့် ပြည့်ဖြိုးဖြိုး၊ ကျန်းကျန်းမာမာပုံစံနဲ့ ဆေးယဉ်ပါးတီဘီပိုးရှိနေသူတွေ အများကြီးပါ။ အဲဒီတော့ အများသုံးဘတ်စ်ကားတွေ၊ လူထူထပ်တဲ့နေရာတွေ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်အစရှိတဲ့နေရာမျိုးတွေမှာ ရောဂါပိုးရှိပြီး ဆေးကုသမှုခံယူနေ ကြရသူတွေ ကိုယ့်ကြောင့် တစ်ပါးသူကိုမကူးစက်အောင် အကာအကွယ်အဖြစ် နှာခေါင်းစည်းတပ်မထားသင့်ဘူးလား။ မကူးစက်အောင် ကာကွယ်ပေးတော့ ကုသိုလ်မရဘူးလား။ သာမန်ပြည်သူတွေကရော အကာအကွယ်အဖြစ် လူနေထူ ထပ်တဲ့ နေရာတွေသွားရင် နှာခေါင်းစည်း၊ ဒါမှမဟုတ် လက်ကိုင်ပဝါမဆောင်သင့်ပေဘူးလား။ လေလုံနေတဲ့ဘတ်စ်ကား တွေ၊ အဲယားကွန်းရထားတွေပေါ်မှာ အထူးသတိထားကြရပါလိမ့်မယ်။

အိမ်ထဲမှာပဲနေပါတယ်၊ အပြင်သွားရင်လည်း ကိုယ်ပိုင်ကားနဲ့ပဲ သွားတာပါ။ ရုံးခန်းထဲမှာလည်း အဲယားကွန်းနဲ့ပါ၊ ဘယ်က နေဘယ်လိုကူးသွားမှန်းမသိပါဘူးဆိုတဲ့ ဆေးယဉ်ပါးတီဘီ လူမမာတွေကို ရောဂါပိုးကူးစက်ပုံ မကြာခဏရှင်းပြရပါတယ်။ အသက်ရှုလမ်းကြောင်းကနေ ကူးတဲ့အကြောင်း၊ အတူနေမိသားစုတွေထဲက လူသူအသွားအလာများတဲ့နေရာတွေကို မဖြစ် မနေ သွားလာနေကြရတဲ့သူတွေ မရှိနိုင်ဘူးလား၊ ကိုယ်နဲ့လုပ်ဖော်ကိုင်ဖက်တွေထဲမှာကော ရောဂါပိုးရှိမှန်းမသိသူတွေ၊ ဒါမှ မဟုတ် မဆင်မခြင်နေသူတွေ မရှိနိုင်ဘူးလား စသည်ဖြင့်ပေါ့။ ကျန်းမာရေးဝန်ထမ်းတွေဘဝကတော့ အစိုးရိမ်ရဆုံးပါပဲ။    ကြောက်နေလို့၊ စိုးရိမ်စိတ်လွန်ကဲနေလို့မှမရတော့ ကိုယ့်ကိုယ်ကိုယ် အတတ်နိုင်ဆုံးကာကွယ်နေကြပေတော့ပေါ့။

အားရှိအောင်စား၊ အသားများများစား၊ ဟင်းသီးဟင်းရွက်များများစား၊ ကြက်ဥ၊ နွားနို့၊ မြေပဲ၊ အာလူး၊ အသီးအနှံတွေများများစား၊ အစားအသာက်ပျက်ပေမယ့် ဝင်အောင်ကြိုးစားပြီးစား၊ သာမန်လူတွေထက် ပိုစားပေး၊ အိပ်ရေးဝအောင်အိပ်၊ အားရှိအောင် နေပါဆိုတာတွေက လူနာတိုင်းကို နေ့တိုင်းအားပေးစကားပြောရင်း သတိပေးနေရတဲ့စကားတွေပါ။ လက်လုပ်လက်စား၊ နေရာထိုင်ခင်းခပ်ကျဉ်းကျဉ်းထဲမှာ၊ ဆင်းဆင်းရဲရဲနေနေကြရတဲ့လူနာနဲ့ မိသားစုတွေအတွက်ကိုတော့ မျက်နှာပူပူနဲ့ ပြောစရာရှိ တာတော့ မဖြစ်မနေပြောရတဲ့အနေအထားပါပဲ။ အိမ်မှာ လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေ၊ ပြူတင်းပေါက်တွေ ဖွင့်ထားသာ ပြောနေရပါတယ်။ အိမ်မှာပြူတင်းပေါက်တောင် မရှိပါဘူး၊ သူများအိမ် ကားဂိုဒေါင်ထဲ ကပ်နေကြရတာပါဆိုတဲ့ဆင်းရဲနွမ်းပါးသူမိသားစုတွေအတွက်တော့ အကြံပေးရတာ ခပ်ခက်ခက်ပါ။ တစ်လ တစ်လ အထောက်အပံ့တွေပေးနေတာပဲဆိုတာကလည်း လူနာတစ်ယောက်စာအတွက်ပဲ ဖူလုံနိုင်မှာကိုး။

အိမ်ထောင်ရှင် အမျိုးသမီးတွေ ဆေးယဉ်ပါးတီဘီပိုးတွေ့လို့ဆေးကုသမှုခံတော့မယ်ဆိုရင် ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးပေးရပြီး ကိုယ်ဝန်တားဆေးသုံးဖို့ ညွှန်ကြားရပါသေးတယ်။ ဆေးသောက်ရင်း မွေးလာတဲ့ကလေးအတွက် ဆွံ့၊ အ၊ နားမကြား၊ ဒုက္ခိ တလေးမွေးလာမှာစိုးလို့ပါ။ လူနာလို့မထင်ရပေမယ့် ကူးစက်ခံထားနိုင်ရချေများတဲ့ ပြည်သူတွေ၊ သံသယရှိသူတွေအတွက် (ActiveCase Finding) လူနာသစ်ရှာဖွေဖော်ထုတ်၊ စမ်းသပ်၊ စာရင်းပြုစုတဲ့အစီအစဉ်လည်း အစပြုနိုင်သလောက်တော့ ပြု နေပေမယ့် မှန်းထားသလောက်တော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်မပေးနိုင်သေးတာအမှန်ပါ။ ရည်ရွယ်ချက်က ဆေးယဉ်ပါးတီဘီရောဂါသည်တွေ များသည်ထက်များမလာစေအောင် ထိန်းချုပ်ကုသနိုင်ရေးပါ။ ဆေးယဉ်ပါးတီဘီကို ကုသပေးနေတဲ့ ဆေးကိုမှ ထပ်ပြီးယဉ်ပါးနေပါပြီဆိုရင်ဖြင့် မြန်မာနိုင်ငံအတိုင်းအတာနဲ့ ကုသပေးနိုင်ဖို့ တော်တော်လေး ခက်သွားပါပြီ။ အဲဒီလိုလူနာတွေရှိနေပါတယ်။ ဆေးမှန်မှန်မသောက်တာ၊ မသောက်ဖြစ်တာ၊ ရောဂါသက်သာနေပါပြီဆိုပြီး ဆေးဆက်မသောက်တော့တာ၊ ဆေးကုနေရင်း အရက်၊ ဆေးလိပ်၊ ကွမ်းမဖြတ်နိုင်ခဲ့တာ၊ ဆေးချန်သောက်၊ ဆေးရွေးသောက် နေခဲ့ကြတာ၊ လူမှုဝန်ထမ်းလုပ်အားပေးတွေ၊ ဒေသန္တရက ဆရာမတွေ အိမ်တိုင်ရာရောက် ဆေးတိုက်သွားခဲ့ကြပါလျက်နဲ့ ပါးစပ်ထဲလက်ထိုးပြီး ပြန်အန်ထုတ်ပစ်ခြင်းအားဖြင့် ဆေးကုသမှုပျက်ပြားစေခဲ့တာတွေကြောင့်ပါပဲ။ နိုင်ငံတော်အစီအစဉ်နဲ့ကုပေးနေပေမယ့် လပေါင်း ၂ဝ အချိန်ပေးပြီးကုရမှာ။ အဲဒီတော့ တိုင်းရင်းဆေးနဲ့ကုကြည့်ပါဦးမယ်ဆိုတဲ့ မိသားစုလိုက်ငြင်းဆန်ခဲ့ကြတာဟာလည်း လူနာတွေရဲ့ငြင်းဆန်ပိုင်ခွင့်ဖြစ်နေပြန်တော့ ဘာမှမတတ်နိုင်ပါဘူး။ အဲဒီမိသားစုထဲက ဝေဒနာရှင် ကြောင့်သာ ဒီ့ပြင်လူတွေဆီ ရောဂါပိုးတွေပျံ့နှံ့ကုန်မှာ စိုးရိမ်စရာပေပဲပေါ့။

ပညာမတတ်တော့ ကျန်းမာရေးဗဟုသုတမရှိဘူး။ အဲဒီကမှ လူတန်းစားအလွှာအသီးသီးဆီ နည်းအမျိုးမျိုးနဲ့ ရောဂါပိုးတွေပျံ့ နှံ့ကုန်ရော။ ဘာလို့ပညာမတတ်လဲ၊ ဆင်းရဲမွဲတေမှုတွေကြောင့် ပညာမသင်နိုင်လို့၊ ကျန်းမာရေးပညာပေးမှုအားနည်းလို့၊ ချောင်း ဆိုး၊ နှာချေရင်တောင် လက်ကိုင်ပဝါနဲ့အုပ်မထားတတ်တဲ့အကျင့်၊ ကွမ်းယာတွေဝါးပြီး တွေ့ရာနေရာ တဗျစ်ဗျစ် ထွေးထုတ်နေကြတဲ့အကျင့်တွေဟာ အသိပညာပေးမှု အားနည်းကြောင်းသက်သေပြနေတာပါပဲ။ လမ်းတွေပေါ်၊ ဘတ်စ် ကားတွေပေါ်မှာတွေ့နေကြရတဲ့ နှာခေါင်းစည်းတပ်ထားကြတဲ့သူတွေကို လေးစားကြရပါမယ်။ အသိအမှတ်ပြုကြရပါလိမ့် မယ်။ သူတို့မှာရောဂါရှိလို့သူများကိုကူးစက်မှာစိုးလို့ အကာအကွယ်လုပ်ထားရာကနေ ကုသိုလ်ရနေကြတာပါ။ သာဓုခေါ် ပေးကြရမှာပါ။ ရောဂါပိုးမရှိပါဘူး၊ ကြိုတင်ကာကွယ်တဲ့အနေနဲ့တပ်ထားတာပါဆိုခဲ့ရင်လည်း လေးစားကြရမှာပါ။ ဆေးယဉ် ပါးတီဘီဆိုတာနဲ့ ကုရမှာ လပေါင်း ၂ဝ။ အလုပ်ပျက်ဦးမယ်။ ဆေးဒဏ်တွေခံကြရပါဦးမယ်။ မိသားစုလည်းအနေအထိုင် တွေဆင်ခြင်နေကြရတာနဲ့ အလုပ်ရှုပ်ကြပါဦးမယ်။ တစ်နေ့ထက်တစ်နေ့၊ တစ်လထက် တစ်လ များသည်ထက်များနေတဲ့ ဆေးယဉ်ပါးတီဘီကို နိုင်ငံတော်ကချည်း မနိုင်မနင်းလုပ်နေလို့မရပါဘူး။ ပြည်သူတွေကပါ ပါဝင်ကြရတော့မှာပါ။ Iron Cross ပွဲနေ့ကတွေ့လိုက်ရတဲ့နှာခေါင်းစည်းတပ် လူငယ်လေးသာမက တွေ့တွေ့နေကြရပါတဲ့ နှာခေါင်းစည်း (MASK) တပ်ပြီးသွားလာနေကြသူတွေကိုလည်း လေးစားပါတယ်ခင်ဗျား။