ခက်ဦး - အနုပညာနဲ့ သီတဲ့ ကမ်းလက်များ



ခက်ဦး - အနုပညာနဲ့ သီတဲ့ ကမ်းလက်များ
(မိုးမခ) သြဂုတ် ၄၊ ၂၀၁၅

တချပ်ချပ်မြည်နေတဲ့ စည်းချက်မှန်ခြူသံ၊
 ဟော်လိုဂစ်တာကထွက်ကျလာတဲ့ ရစ်သမ်တီးခတ်သံ၊ 
စည်းချက်ညီလက်ခုပ်သံ
ကိုယ်တိုင်ရေး 
ကိုယ်တိုင်သီကြွေးကြ … 
ကိုယ်စီ ခံစားကြဖို့
 ရေဘေးသင့်ပြည်သူ 
အမေအဖေ 
ညီအစ်ကို 
အမနှမ 
တူသားအရွယ်လေးတွေရဲ့ 
ရင်နင့်စရာဖြစ်အင်ဆိုးတွေအကြောင်း
 တေးစာသားများ …
ကူညီကြဖို့ ကမ်းလက်တွေဆီ 
ကရုဏာတရားနဲ့လှုပ်နှိုးနေတဲ့တေးစာသားများ 
တစုတဝေးနွေးထွေးစွာ 
ညီညီညွတ်ညွတ် 
လှိုက်လှိုက်လှဲလှဲ
 လေးလေးနက်နက် သီကြွေးနေလိုက်ကြ …

စိတ်အခင်းအကျင်း တဆင်ထဲ တသွေးထဲ ရင်ခုန်သံ တညီထဲ Taungoo Artists Group တစ်ရက်ပြီးတစ်ရက် အောင်ပွဲဆက် အလှူခံထွက်လျက်ရှိနေပါပြီ ။ 

ရွှေ့ပြောင်း လမ်းဘေး ဂီတဖျော်ဖြေပွဲလေးတွေ ၂ . ၈ . ၂၀၁၅ မှသည် ၃ . ၈ . ၂၀၁၅ ထိ နေရာရွှေ့ရင်းတီးခတ်ရင်း ၂ရက်တာကာလအချိန်ကို အောင်မြင်စွာဖြတ်သန်းလာကြပြီးဖြစ်ပါတယ်။


၂ . ၈ . ၂၀၁၅ အလှူခံရရှိငွေ ၁၅ သိန်းကျော် ၊ ၃ . ၈ . ၂၀၁၅ အလှူခံရရှိငွေ ၂၇သိန်းကျော်နဲ့  ၂ရက်တာ စုစုပေါင်းအလှူခံရရှိငွေ  ၄၂သိန်းကျော်ငွေကြေးတွေဟာ လှူတန်းသူ တောင်ငူမြို့နေပြည်သူတွေနဲ့ Taungoo Artists Group လူငယ်ပရဟိတအဖွဲ့ တောင်ငူတက္ကသိုလ်ပရဟိတအဖွဲ့တို့ရဲ့ မမေ့နိုင်လောက်အောင်ကြည်နူးစရာကောင်းလှတဲ့ ကရုဏာမြစ်သွယ်များပေါင်းစည်းမှု  မေတ္တာကွန်ယက် ယှက်နွယ်မှုတို့ရဲ့ ရလာဒ်ကောင်းလေးတစ်ခုဖြစ်ခဲ့ရပါပြီ။ 

နောင်ရက်များမှာလည်း တောင်ငူမြို့အနီးက ထန်းတပင် ရေတာရှည် အုတ်တွင်းမြို့များဆီ ရွေ့လျားဆက်လက် ခရီးဆက် အလှူခံထွက်ကြဦးမှာမို့ အောင်မြင်မှုတွေဆင့်ကဲရရှိကြဦးမှာပါပဲ။

မိုက်ကရိုဖုန်းတစ်လုံးမပါ အသံချဲ့စက်တစ်ခုမပါပါပဲ ကဗျာတွေရွတ်ကြ သီချင်းတွေဆိုကြ။


စင်မြင့်မပါ အလှအပအဆင်တတန်ဆာမပါပဲ လမ်းဘေးတွေမှာ စုဝေးဖျော်ဖြေကြနဲ့မို့ … အသံနာ ခြေကုန်ကိုယ်နွမ်းလည်း သူတို့ရဲ့အထူးပြုလုပ်ချက်မပါတဲ့ ဖျော်ဖြေမှုလေးတွေနဲ့ ခရီးဆက်ရင်း ဖြန့်ခင်းအလှူခံထားတဲ့ ကချင်ပုဆိုးနွမ်းစိမ်းလေးပေါ် တဖျပ်ဖျပ်လွင့်ကျလာတဲ့ ငွေစက္ကူလေးတွေ ရေတွက်သိမ်းဆည်းရင်း Taungoo Artists Group ခေါင်းစည်းလေးအောက်မှာ ခံစားမှုတူရာလူငယ်လေးတွေ ထည်ဝါလိုမှုမရှိခြင်း တွဲလက်ညီညီနဲ့ အစွမ်းရှိသမျ ပရဟိတစိတ်ထားသက်သက်နဲ့ မြန်မာနိုင်ငံမှာ ဆိုးဆိုးရွားရွားလက်ရှိတွေ့ကြုံခံစားနေရတဲ့ ရေဘေးအတွက် အဖြစ်နိုင်ဆုံးအားပေးကူညီဖို့ကြိုးစားနေလိုက်ကြပုံက မြင်သူတိုင်း စိတ်ကြည်နူးဖို့အလွန်ကောင်းလို့ နေပါတော့တယ် ။