မောင်ဥက္ကလာ - သွားလေသူများနောက် တကောက်ကောက်


မောင်ဥက္ကလာ - သွားလေသူများနောက် တကောက်ကောက်(မိုးမခ) သြဂုတ် ၃၊ ၂၀၁၅


မိုးမခစာမျက်နာကနေ မောင်ဥက္ကလာတစ်ကောင် ပျောက်ကွယ်သွားခဲ့တာ ရက်လရှည် အတော်ကြာခဲ့ပေါ့။ အဲဂလို ဘာမပြော ညာမပြော ပျောက်သွားလိုက်တော့ (ကောင်းဆိုးသတင်း ဘာမှမကြားရတော့) အကြွေးရှင်တွေက စိုးရိမ်ပူပန်၊ ပွစိပွစိဖြစ်ပြီး မေတ္တာပို့နေကြ၊ စုံစမ်းနေကြတယ်လို့ ကြားမိတယ် (တချို့ က အိတ်စိုက်ပြီး သတင်းထုတ်လုပ်နေတဲ့ မိုးမခအယ်မင်းကြီးကို ဆက်သွယ်ပြီး၊ မောင်ဥက္ကလာကိုပေးဖို့ စာမူခတွေ ရှိမရှိ။ အကယ်၍ ရှိခဲ့ရင် သူတို့ကို လွှဲပေးဖို့ ပြောကြမယ် တကဲကဲ)။ ဂယ်ဘဲ ဂယ်ဘဲ အဲ့ဂလောက် အထင်ကြီးရသလား။

နောက်ဆုံးတော့ မခိုင်လုံတဲ့ သတင်းရပ်ကွက်ထဲမှာ ပျံ့ နေတဲ့ သို့လောသို့လော သတင်း၊ အတင်းတွေကတော့ ရွှေနိုင်ငံသူ နိုင်ငံသားတွေ စက္ကန့်မိနစ်မလပ် စိုးရိမ်တကြီး မြန်မြန်ကြွပါ့မလားလို့ မေတ္တာပို့ စောင့်ကြည့်နေခဲ့တဲ့၊ နိုင်ငံတော်ပြည်သူ့ဘဏ္ဍာငွေနဲ့ အဆင့်မြင့် စင်္ကာပူဆေးရုံကြီးမှာ အခြွေအရံအပြည့်၊ ဆေးဝါးကောင်းတွေနဲ့ အသက်ကယ်တာတောင် အောက်ဆုံးဘုံစခန်းကို တလိမ့်ခေါက်ကွေးကျ၊ လေးဖက်တွား ထွက်ခွါသွားခဲ့တဲ့ နိုင်ငံ့ကျေးဇူးရှင်ကြီးကိုသွားပြီး ယပ်ခတ်ပေးနေတယ်လို့ တီးတိုးပြောဆိုသံတွေကိုလည်း ပြန်ကြားမိတယ်။ သူတို့ သိသလိုလိုနဲ့ ရမ်းသန်းပြောဆိုလိုက်တာ မှန်နေသလိုလို။ ဒါပေမဲ့ အများ သတိမပြုမိတာက မောင်ဥက္ကလာတစ်ယောက် သွားလေသူကြီးရဲ့  အမင်္ဂလာ ဈာပနာမှာ လောဘမောဟမီး တောက်လောင်နေတဲ့ သူ့မိသားစုနဲ့ အနှေးအမြန် သူ့နောက်လိုက်ကြမယ့် နောင်တသံဝေဂ မရကြသေးတဲ့ သူ့ရောင်းရင်းတွေ (အာဏာရှင်တသိုက်) ကို အပူမီးငြိမ်းစေဖို့ ယပ်တောင် သွားဝေပြီး၊ အရိုးပြာကျွမ်းတဲ့အထိ မီးသွားထိုးနေခဲ့တာပါ။ 

တကယ်ပါ … အဲ့ဂလို ဟိုလိုလိုဒီလိုလို ဝင်ဆန့်ခဲ့လို့ အများမသိသေးတဲ့ ကြားခဲ့တဲ့ အတွင်းသတင်းကို မျှဝေချင်ပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီးကို အနီးကပ် ပြုစုစောင့်ရှောက်ခဲ့သူ နှပ်တရှုပ်ရှုပ်နဲ့ ပြောခဲ့တာက (လုံခြုံရေးအရ ဘယ်သူဘယ်ဝါဆိုတာကို ထုတ်ဖော်မပြောကြားနိုင်ပါ) - “သူတို့ အရှင်သခင် ပုဂ္ဂိုလ်ကြီးမှာ တသက်လုံး တစိမ့်စိမ့် ယုံကြည်ခဲ့တဲ့ ဗေဒင်ယတြာတွက်ကိန်းအရ “သန်း” ပြီးရင်၊ “သိန်း”။ “သိန်း” ပြီးရင် “သောင်း” ဆိုတဲ့ ဟောကိန်းကို အိပ်လဲ ဒီစိတ်၊ သွားလဲဒီစိတ်နဲ့ … ငါကိုယ်တော် မကြာခင် ပိုမိုစားနိုင်မယ့် စကြာဝတေးမင်း ဧကန်ဖြစ်ရတော့မယ်ဆိုပြီး  သူ့အလှည့် အချိန်အခါကို ဦးနှောက်ခြောက် ရက်တွက်စောင့်မျှော်နေခဲ့တယ်။ အဲဒီမှာ ပြဿနာစတာက … ပြည်သူတွေ တောင်းဆိုရင် သက်တမ်းတိုး ဆက်နေချင်တဲ့ ပျော့ပျော့ကလေးနဲ့ အနံဆိုးတဲ့ ပြောင်ကြီးကို ကြောက်ရ။ နောက်ကျောဒါးထိုး၊ ဟိုကူးဒီကူး သာကူးလုပ်ဖို့ လေသံပစ်နေတဲ့ သစ္စာမေတ္တာရှင် ရွှေမန်း ကို စိုးရိမ်ရတာတဖုံ။ အဆိုးဆုံးက နှစ်ပေါင်းများစွာ သူတို့တဖွဲ့လုံးကို စိတ်ဓါတ်ပျက်ပြား၊ နှလုံးသွေးရပ်၊ သွေးတိုးသွေးတက်၊ ဦးနှောက်သွေးထွက်အောင် အမျိုးမျိုးဒုက္ခပေးခဲ့တဲ့ မယ်တော်စုကြောင့် နောက်ဆုံး မရှူနိုင်မကယ်နိုင်နဲ့ ဘဝနိဂုံးချုပ်ငြိမ်းရခဲ့တယ်။”

သူ ဆက်ပြောတဲ့ သနားစရာအချက်က “အရည်အသွေးမရှိတဲ့ ရွှေပြည်နိုင်ငံ ဆေးတက္ကသိုလ်ထွက် ပြည်တွင်းသမားတော်တွေကို မယုံလို့၊ ပြည်ပအားကိုး ပုဆိန်ရိုး အဖြစ်ခံပြီး ခေတ်မီပြည့်စုံတဲ့ စင်္ကာပူနိုင်ငံ (ဗိုလ်ရှုပ်တွေ၊ ခရိုနီခရိုပြာတွေ၊ မူးယစ်ဂိုဏ်းချုပ်တွေရဲ့  ငွေမည်း၊ ဓနဥစ္စာတွေကို သိမ်းပေးထားတဲ့ တိုင်းနိုင်ငံ) ကို အချိန်မီ အပြေးအလွှားသွားပြီး၊ စင်္ကာပူနိုင်ငံကြီးကို ခေတ်မီတိုးတက်တဲ့ နိုင်ငံတနိုင်ငံဖြစ်အောင် တည်ဆောက်ပေးခဲ့တဲ့ သွားလေသူကြီး နိုင်ငံ့ဖခင်ကြီး မစ္စတာလီကွမ်ယုရဲ့  ဆေးစိမ်သိမ်းထားတဲ့ ဦးနှောက်ကို အစားထိုး ကုသပေးဖို့ စိန်ရွှေငွေကျောက်တွေပြပြီး တောင်းဆိုခဲ့တယ်။ စင်္ကာပူသမားတော်ကြီးက မစ္စတာလီကွမ်ယု ဦးနှောက်ကို စမ်းသပ်အစားထိုးလိုက်တော့ - မစ္စတာသောင်း က ရုတ်ခြည်းကောင်း၊ ငေါက်ခနဲ့ ထထိုင်၊ စိတ်တွေလည်းပြောင်းပြီး ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်။ ဒို့ (မိသားစု) သိမ်းထားခဲ့တဲ့ တပ်မြေတွေကို လယ်သမားတွေ ပြန်ပေးမယ်။ ဒို့ ပိုင်ဆိုင်မှုတွေကို ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံတိုးတက်ရေးအတွက် လှုဒါန်းသုံးစွဲသွားမယ်လို့ ပြောဆိုဟစ်ကြွေးလို့ အနားမှာထိုင်ငေး၊ မျက်ရည်စမ်းစမ်းနဲ့ ချစ်ဇနီးမယား နဲ့ ပေသီးတွက်နေတဲ့ သားတော်မောင်တွေက ထိတ်လန့်တုန်လှုပ်ပြီး ဦးနှောက်အစားထိုးစက်ကို ဇတ်ခနဲ ဖြုတ်၊ ရပ်ပစ်လိုက်တာကြောင့် ဆရာသမားလည်း ဂန့်သွားတာပေါ့လို့။” ငိုကြီးချက်မနဲ့ ပြောရှာတယ်။ 

ဟယ် … တောက်တီးတောက်တဲ့ ပေါက်ပေါက်ရှာရှာ အဲ့ဂလို ဂန့်သွားတာလားလို့ မမေးနဲ့။ အတွင်းလူပြောလို့ ပြောရတာပါ။ ဘယ်သူဘယ်ဝါဆိုတာကိုတော့ ဒီအချိန်မှာ ထုတ်ဖော်ပြောပြလို့ မရလို့ပါ။ အရမ်းအရမ်း သိပ်သိချင်တယ်ဆိုရင်တော့ ပုဂ္ဂိုလ်ကြီး အရိုးပြာမြုပ်ထားတဲ့ တောင်သာကို လိုက်သွားပြီး အောက်လမ်းဆရာများနဲ့ ချိတ်ဆက်ပြီး ဖော်ထုတ်မေးမြန်းကြည့်ပေါ့။ တခုတော့ သတိပေးပါရစေ … ဒံပေါက်ကြိုက်ရင်တော့ မသွားနဲ့နော်။ တော်ကြာနေ ဒံပေါက်စားပြီး စင်္ကာပူပြန် မောင်သောင်း ခိုင်းတာ လုပ်နေရအုံးမယ် - လူရိုက်တာတို့၊ ဘာသာရေး မီးရှို့ တာတို့၊ မြေသိမ်းတာတို့ပေါ့။

ကဲ ... သွားလေသူကြီးကိစ္စ ဒီလောက်နဲ့ ထားလိုက်တော့။ အထက်မှာ ဆိုခဲ့သလို အကြွေးရှင်တွေဆိုတဲ့အတိုင်း ပြည်သူ့မေတ္တာရှင်ကြီးကို နောက်ဆုံးထွက်သက်အချိန်အထိ ယပ်သွားခပ်ပေးခဲ့တဲ့ မောင်ဥက္ကလာ။ အတောမသတ် လောဘမီးတွေ တငွေ့ငွေ့ တဟုန်းဟုန်းနဲ့ တိုင်းပြည်ဂုတ်သွေးစုပ်သူတွေကို ယပ်တောင်ဝေပြီးနောက် ဘယ်ခရီးဆက်လဲဆိုတော့ တိုင်းမြန်ပြည် အေးချမ်းဖို့အတွက် “အကြိမ်ကြိမ်အခါခါ ရှုံးလဲ ယုံကြည်တာတွေ မစွန့်လွတ်လိုက်ပါနဲ့ … အပြောင်းအလဲ မဖြစ်ရင်လဲ၊ အကုန်ရယူသွား ပြန်မငဲ့ညှာနဲ့တော့” နီနီခင်ဇော် သတိပေးသလို ဘာမှ အပြောင်းအလဲ မဖြစ်ပေမယ့် မငဲ့မညှာ ယူချင်တာလိုချင်တာ သိမ်းယူနေတဲ့ အစိုးရကြီးရဲ့  ဦးဆောင်လမ်းညွှန်မှုနဲ့ ကိုယ့်နိုင်ငံ ငြိမ်းချမ်းရေးကို နိုင်ငံတကာအလှူငွေနဲ့ ဖြေရှင်းလုပ်ကိုင်နေတဲ့ ငြိမ်းချမ်းရေးဗိသုကာကြီး ဗိုလ်အောင်မင်း နဲ့ သူ့လက်ဝေခံ ဒေါ်လာစား၊ ကြေးစား နိုင်ငံခြားပြန် “ပဋိပက္ခ ဖြေရှင်းရေး ပညာရှင်တွေ” နဲ့ ယူသူယူ၊ ငြင်းသူငြင်း သူတလူငါတမင်း တိုင်းရင်းသားအင်အားစုတွေ ကိုယ့်တိုင်းမြေပေါ်မှာ အကြိမ်ကြိမ်အခါခါ တွေ့ဆုံငြင်းခုန်မှုတွေ လုပ်ဆောင်နေကြပေမယ့်၊ ကန့်လန့်ကာနောက်ကွယ်က ကြိုးကိုင်နေတဲ့ ဘဝရှင် မင်းတရားကြီး အားမပေး၊ ကာချုပ်ကြီး စိတ်မဝင်စား၊ သမ္မတကြီး မလှုပ်၊ ငြိမ်းချမ်းရေးဆုရှင် ရှောင်နေတာကြောင့် ရှေ့ မတိုးနောက်ဆုတ် အကြိမ်ကြိမ်ပျက်နေတာကြောင့်၊ ရယူထားတဲ့ အလှူငွေတွေ အကုန်ဖြုန်းဖို့အတွက် ကုန်ကျစရိတ် ပိုများသုံးရမယ့် အိမ်နီးနားချင်းနိုင်ငံ ယိုဒယားပြည်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နယ်မြေဒေသ ဝေစုခွဲ၊ အပေးအယူလုပ်ပွဲကို မယောင်မလည် ရောက်မြန်းသွားခဲ့တယ်ဆိုတာကို ဝန်ခံပါတယ်။

အဲဒီ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင် (မြန်မာအခေါ် ဇင်မယ်) မြို့ မှာ တချိန်တခါက မောင်ဥက္ကလာ စုံတွေ့သိကျွမ်းခဲ့တဲ့ ဒေါင်း (peacock) ကနေ down ဖြစ်သွားတဲ့ ပဋိပက္ခဖြေရှင်းရေး ပညာရှင်ဆိုသူတွေနဲ့ ဘယ်လို ပလူးပလဲသွားလုပ်၊ သူတို့ဂိုဏ်ချုပ်ကြီး ဗိုလ်အောင်မင်း ပြောဆိုတဲ့ ပလီစိချောက်ချက်တွေကို ဘယ်လို မှတ်တမ်းပြုခဲ့သလဲဆိုတာကို ထပ်မံတင်ပြသွားပါမယ်။

အခုတော့ ခွေးတွေ ခေါင်ဖျားထက်ရောက်နေတဲ့ ရွှေပြည်မှာ မြန်မာပြည်သူတွေ ရေးဘေးအန္တရာယ် နဲ့ ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးကင်းလွှတ်နိုင်ကြပါစေ။