ခင်လွန်း - " မြန်လေ ကောင်းလေ " - “ရေဘေးဒုက္ခကူညီရေး ဘာအကြောင်းနဲ့မှ မနှောင့်နှေးစေချင်”

Cartoon Win Tun (his facebook)

ခင်လွန်း - " မြန်လေ ကောင်းလေ " - “ရေဘေးဒုက္ခကူညီရေး ဘာအကြောင်းနဲ့မှ မနှောင့်နှေးစေချင်”
(မိုးမခ) သြဂုတ် ၄၊ ၂၀၁၅


...
တနေ့က လိုင်းပေါ်မှာ မြန်မာပြည်တနေရာမှာ သီတင်းသုံးနေတဲ့ ဘုန်းဘုန်းတပါးနဲ့ စကားစမြည်ပြောဖြစ်ရာက ဘုန်းဘုန်းမိန့်ခဲ့တာလေး ပြန်ဖောက်သည် ချချင်မိတယ်။

ဘုန်းဘုန်းကိုတော့ ထုတ်ဖော် ပြောမနေတော့ပါဘူး။ ဒါပေမဲ့ တိုးတက်တဲ့အမြင်ရှိတဲ့ဘုန်းဘုန်းတပါး အဖြစ်တော့ မိတ်ဆက်ပေးထားချင်ပါတယ်။
ဆိုကြပါစို့။ ဘုန်းဘုန်းနဲ့ ထုံးစံအတိုင်း လတ်တလော ရေဘေး ဒုက္ခကြီးတွေ့ကြုံဖြစ်ပျက်နေတဲ့ အကြောင်းတွေ ပြောဖြစ်ကြတယ်။ ဒီအဖြစ်မှာ နေနိုင်သူတွေ နေနေကြပေမယ့် လူတိုင်းလိုလိုဟာ ဒီအရေးမှာ မွေးရာပါအသိပေးတာဝန်နဲ့ နိုင်စွမ်းသမျှကို ကျားကုပ်ကျားခဲ ပါဝင်ကူညီနေကြတာတွေ လှူ ကြ တန်းကြတာတွေအကြောင်းပါ။

ဆင်းရဲချမ်းသာ လူတန်းစားမရွေး ဘာသာမရွေး လူမျိုးမရွေး အရွယ်မရွေး ကိုယ်နိုင်ရာနိုင်ရာ ပါဝင်ကူညီ လှူ ဒါန်းကြတယ်ပေါ့။ ဒီလိုအခါမျိုးမှာတချို့တလေကလည်း လှူရေးတန်းရေးမှာ ဘာသာဓလေ့ထုံးစံ ကျကျလေးတွေ လုပ်ချင်တာရှိသလို တချို့ကျလည်း အစွဲလေးတွေနဲ့ လွဲနေတာတွေရှိလို့ မနည်း နားချ (တရားချ) နေရကြောင်းတွေလည်း ပါတယ်ခင်ဗျ။

အဲဒီမှာ ဘုန်းဘုန်းက သူတရားဟောလိုက်ရတဲ့ ဒကာမလေးတယောက် အကြောင်းပြောပြတော့ " သြော် ဘုန်းကြီးနှယ် တယ်လည်းတိုးတက်တဲ့ အမြင်ရှိပါလား " လို့ အရင်က ကိုယ့်အမြင်ကိုယ့်အထင်တွေအပေါ် ထပ်ပြီး (Bold) ပိုးလိုက်မိတာပါပဲဗျာ။

ဆိုတော့ ဘုန်းဘုန်းပြောတဲ့ ဒကာမလေးတယောက်အကြောင်းမပြောခင် လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ ကျော် လောက်က ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သူငယ်ချင်းကဗျာဆရာ စာရေးဆရာ၊ သရုပ်ဆောင်မင်းသား (ကွယ်လွန်စဉ်က မြစ်ကြီးနားကောလိပ် မြန်မာစာဌာနမှာ ဆရာတယောက်အဖြစ်တာဝန်ယူနေဆဲ) ဇောင်းထက် ခေါ် ကိုဇင်ဝေ ရေးခဲ့တဲ့ ကိုယ်တွေ့သရော်ချက်လေးတခုကို သတိရသွားမိတယ်ဗျ။

-ဖြစ်ပုံက တနေ့သားခပ်စောစောနံနက်ခင်းတခုမှာ သူ့ကို ခွေးတကောင်က အမှတ်မထင် ၀င်ကိုက် သွားတယ်တဲ့ဗျာ။ ခွေးကိုက်ခံရတာ အများကြီးမဟုတ်လှပေမယ့် နောက်ဆက်တွဲပြဿနာတွေက များလှတော့ တရပ်ထဲနေတဲ့ ဆရာဝန်တယောက်အိမ်ရှိရာကိုသွားရောတဲ့။  အဲဒီမှာ လူတယောက်ထွက်ချလာလို့ ကိုဇင်ဝေက ဆရာဝန်ကိုတွေ့ရပါလိုကြောင်း ပြောတော့ ဒီလူဟာ စိတ်ဆိုးမာန်ဆိုးနဲ့ တနေရာကိုလမ်းညွှန်ပြသတဲ့ဗျ။ သူ့စေရာဘက်ကိုကြည့်လိုက်တော့ ဆေးခန်းဖွင့်ချိန် ပိတ်ချိန်ကိုရေးပြီးချိတ်ဆွဲထားတဲ့ဘုတ်ပြားလေးတပြား။  သူဆိုလိုတာက… ဒါ ဆေးခန်းဖွင့်ချိန်မဟုတ်သေးဘူး။ နားမလည်ဘူးလားပေါ့လေ။ မသေချာတော့ပေမယ့် ဖွင့်ချိန်က နံနက် ၁၀ နာရီလို့ အဲဒီလူက ထုတ်လည်း ပြောတယ်ထင်ပါရဲ့။

ဒီမှာ သူလည်း မျက်နှာငယ်လေးဖြစ်သွားပြီး ..." ပာုတ်ပါတယ်ခင်ဗျာ။ ဒါကိုမစောင့်နိုင်ဘဲ ခွေးက ကျနော့်ကို မနက် ၉ နာရီခွဲပြီး သုံးမိနစ်လောက်အချိန်မှာ ကိုက်သွားလို့ပါ" လို့ပြန်ပြောလိုက်ရပါသတဲ့။

ဟုတ်ကဲ့...။ တခါတလေတော့ ပြဿနာတရပ်ဟာ ချက်ချင်းလက်ငင်းရှင်းမှကောင်းတာမျိုး၊ အကျိုးရှိတာမျိုး။

-ဆိုတော့ ဘုန်းဘုန်းပြောတဲ့ဒကာမလေးကိစ္စ ပြန်ဆက်ပရစေ။

ဒီရက်ပိုင်းအတွင်း အထက်ကဆိုခဲ့သလို ရေဘေးကြုံနေရသူတွေအတွက် လူတိုင်းလိုလိုတတ်နိုင်သမျှ လှူကြတန်းကြ လုပ်နေကြရာမှ ဒီဒကာမလေးဟာလည်း သူဟာ လာမ့ယ်ရက်သတ္တပတ်အတွင်း ကျရောက်မယ့် သူ့ရဲ့ ၂၇ နှစ်မြောက်မွေးနေ့မှာ ရေဘေးဒုက္ခသည်တွေရည်မှန်းပြီး အလှူဒါန ပြုချင်ပါသတဲ့။ ငွေသား ဘယ်၍ ဘယ်မျှကိုလည်း ရေစက်ချလှူတန်းလိုပါသတဲ့ပေါ့လေ။ ဒုက္ခသည်တွေအပေါ် စာနာကရုဏာသဒ္ဒါစိတ်တွေ များလှသောင်းသောင်းဖြစ်နေသပေါ့။

ဒီမှာ ဘုန်းဘုန်းက စိတ်ထဲတွက်ချက်ကြည့်လိုက်တော့ သူလှူမယ့်ရက်က အတော်လေးလိုနေသေးတာကိုး။ မွေးနေ့က မရောက်နိုင်သေးဘူး။ သူ ပေးပို့လှူဒါန်းလိုတဲ့လူတွေက အခုအခါမှာ ရေအောက်ရောက်တဲ့လူ ရောက်၊ ရေထဲနှာခေါင်းပေါက်လေးပေါ်ရုံမျှဖော်ထားရတဲ့လူ့အဖြစ်တွေကလည်း ရှိနေ။ စက္ကန့် မိနစ် နာရီနဲ့ အမျှ သေရေးရှင်ရေးဖြစ်နေကြတာပါ။ မွေးနေ့တွေ ဘာနေ့တွေ ညာနေ့တွေက ဒီ့ထက်အရေးကြီးသလား။
ဒါနဲ့ပဲ ဘုန်းဘုန်းက ဒီဒကာမလေးကို ရှင်းပြရတော့တာပေါ့။ လိုရင်းပြောရရင် တခါတခါ ပုံစံကျဖို့ ဘောင်ဝင်ဖို့၊ လူတွေဂရုထားမိဖို့၊ ပြီးတော့ ထုံးတမ်းစဉ်လာတွေကိုလိုက်နေရလို့ စသဖြင့်… အများကြီးပေါ့နော် လူ့စိတ်ဆိုတာကလည်း အဆန်းသားမဟုတ်လား။

ဘုန်းဘုန်းက “ဒကာမလေးမွေးနေ့မတိုင်မီအထိ လူတွေကိုဒီဒုက္ခကြီးထဲမှာ နစ်ထားသလိုဖြစ်မနေဘူးလား” လို့ ပြန်မေးတော့ အဲဒီမှာ ဒကာမလေးဟာ “ အစွဲ” ပြုတ်သွားသတဲ့။ ခေါက်ရိုးကျိုးကြီးလည်း ဗြုန်းဆို ပြေသွားရောတဲ့။ အဓိပ္ပာယ်အစစ်ကိုလည်း ရသွားလေသတဲ့။

ဟုတ်ကဲ့။

ဒါပါပဲ။ မိတ်ဆွေတို့ ကျနော်တို့လည်း ရေဘေးဒုက္ခရောက်နေသူတွေကိုကူညီဖို့ရာ ဘာအကြောင်းတရားနဲ့မှ မနှောင်းနှေးစေကြပါနဲ့ဗျား…။

ခင်လွန်း
၃ . ၈. ၂၀၁၅ ။ နံနက် -၁၀း ၂၅ နာရီ