ဆန်းဒေးဖောင်ဒေးရှင်းမှ ဦးစီး၍ စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့

ဆန်းဒေးဖောင်ဒေးရှင်းမှ ဦးစီး၍ စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့
ရန်နောင်(ဗိုလ်တထောင်)    မိုးမခ   ဩဂုတ် ၃- ၂၀၁၅



          ဆန်းဒေးဖောင်ဒေးရှင်းမှ ဦးဆောင်ကာ သွေးလှူဒါန်းပွဲကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာန တွင် ၂၀၁၅ ခုနှစ် ဇူလိုင်လ(၃၁) ရက် (ဝါဆိုလပြည့်နေ့)က စုပေါင်းကုသိုလ်ယူပွဲ ကျင်းပပြုလုပ်ခဲ့သည်။

          ဆန်းဒေးဖောင်ဒေးရှင်းသည် E.S.I Co.Ltd. မှဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ကော်မတီဝင်များ၊ဆပ်ကော်မတီဝင်များနှင့်ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့ဖြစ်သည်။
ဆန်းဒေးဖောင်ဒေးရှင်းသည် သွေးလှူဒါန်းခြင်း၊ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊အခြားအခမဲ့ ပရဟိတလုပ်ကိုင်နေကြသည့် ဆေးပေးခန်းစသော အဖွဲ့အစည်းများ၏ လိုအပ်သည်များကို တတ်အားသရွေ့ ဆောင်ရွက်သွားမည်ဖြစ်ပြီး  E.S.I ဝန်ထမ်းများနှင့်အတူ ပြင်ပမှ မည်သူမဆို မည်သည့်အဖွဲ့အစည်းကိုမဆို စိတ်ရင်းစေတနာဖြင့် ပူးပေါင်းပါဝင်မည်ဆိုပါက ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုလက်ခံမည် ဖြစ်ကြောင်းလည်း ဆန်းဒေးဖောင်ဒေးရှင်း မှ အတွင်းရေးမှူး ဦးမြင့်ဟန်က ပြောပြခဲ့သည်။

          “ ဒီနေ့ လုပ်တာကတော့ ဖောင်ဒေးရှင်း အနေနဲ့ ပထမဦးဆုံး သွေးလှူဒါန်းပွဲလေးပါ။ လူဦးရေ ခုနစ်ရာကျော်လောက်တော့ ရှိပါတယ်။ကျနော်တို့ စက်ရုံက ဝန်ထမ်းတွေ အမျးစုပါဝင်ပါတယ် ” ဟု ဦးမြင့်ဟန် က ထပ်မံ ပြောပြခဲ့သေးသည်။
“ သမီးက လှူလို့မရပါဘူး။ သွေးအားနည်းနေလို့လို့ ပြောပါတယ်။ သမီးအားမွေးပြီး နောက်တကြိမ် လာလှူနိုင်အောင်ကြိုးစားပါ့မယ်။ ” သွေးလာလှူရာ လှူဒါန်းခွင့်မရခဲ့သော သမီးငယ်တစ်ဦးမှ မိုးမခသို့ ရှင်းပြခဲ့သည်။

“ သမီးကတော့ လှူခွင့်ရခဲ့ပါတယ်။ သမီးသွေးလှူတာ ဒါပါနဲ့ဆို လေးကြိမ်ရှိသွားပါပြီရှင့်။ နောက်ကိုလည်း ဒီလိုအဖွဲ့အစည်းနဲ့ဖြစ်စေ၊ ကိုယ့်ဘာသာကိုယ် လေးလတကြိမ်ဖြစ်စေ လှူဒါန်းနိုင်အောင်ကြိုးစားပါ့မယ်ရှင် ” ဟုလည်း အလှူရှင်သမီးတစ်ဦးက မိုးမခသို့ ပြောပြခဲ့သေးသည်။

          သွေးလှူဒါန်းခြင်းနှင့်ပတ်သက်၍ အရွယ်ရောက်သူများတွင် သွေးပမာဏ (၅)လီတာမှ (၆) လီတာအထိရှိပါသည်။သွေးလှူဒါန်းမှုတကြိမ်တွင် သွေး(၄၅၀) မီလီမီတာ သာထုတ်ယူပါသည်။ထုတ်ယူလိုက်သော သွေးပမာဏသည် (၇၂) နာရီအတွင်းပြန်လည်ပြည့်သွားမည်ဖြစ်ပါသည်။ သွေးလှူဒါန်းခြင်းဖြင့် မည်သည့်ရောဂါမှ ကူးစက်ခံခြင်းမရှိပါ။အသုံးပြုနေသော အပ်များပိုက်များသည် ပိုးကင်းစင်ပြီး တစ်ခါသုံးများသာ ဖြစ်ပါသည်။


          သွေးလှူရှင်တိုင်း ပထမအကြိမ်တွင် ကြောက်ရွံ့တတ်ပါသည်။သို့သော် သွေးဖောက်ရာတွင် အရေပြားကိုဖောက်ချိန်၌သာ အနည်းငယ်နာကျင်ပါသည်။ထို့နောက် နာကျင်မှု မရှိတော့ပါ။ ဆရာဝန်က သွေးမလှူဒါန်းမီ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပါသည်။ကျန်းမာရေးနှင့် မညီညွှတ်သူများ၏ သွေးကို လက်မခံပါ။သင့်တော်သော လမ်းညွှန်မှုကိုပေးပါသည်။ ထို့ကြောင့် သွေးလှူဒါန်းခြင်းသည် သွေးလှူရှင်၏ ကျန်းမာရေးကို စစ်ဆေးခြင်းလည်း ဖြစ်ပါသည်။သွေးလှူရှင်တစ်ဦးသည် (၄)လတစ်ကြိမ်သာ လှူခွင့်ရှိပြီး သွေးလှူဒါန်းခြင်းကြောင့် ကိုယ်အလေးချိန်တိုးသည်ဆို သည်မှာ မမှန်ကန်ကြောင်း အမျိုးသားသွေးဌာနမှ ကြေညာထားချက်များအရ သိရပါသည်။