ဇာနီကြီး - မဘသ နဲ့ အင်အယ်ဒီ ထိပ်တိုက် မတွေ့ရေး


ဇာနီကြီး - မဘသ နဲ့ အင်အယ်ဒီ ထိပ်တိုက် မတွေ့ရေး
(မိုးမခ)  စက်တင်ဘာ ၂၈၊ ၂၀၁၅

ဧရာဝတီတိုင်းမှာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့က မွတ်ဆလင်တွေကို သားသတ်လိုင်စင်မရအောင် နည်းမျိုးစုံနဲ့ လုပ်နေကြောင်း၊ အင်အယ်ဒီ ရွေးကောက်ပွဲ မဲဆွယ်ပွဲအချို့မှာ မ.ဘ.သ အဖွဲ့ဝင်ဆိုသူတွေ ကုလားအားပေးပါတီ ဆိုပြီး လိုက်လံနှောက်ရှက်ကြောင်း၊  စမ်းချောင်းမြို့နယ် အင်အယ်ဒီ ပါတီ (ဗဟို) ကတောင် အင်အယ်ဒီပါတီ အောင်နိုင်ရေးရုံးမှာ စက်တင်ဘာ ၂၁ရက်နေ့က ရှင်းလင်းပွဲလုပ်တာကို မ.ဘ.သ အဖွဲ့က ထပ်မံရှင်းလင်းပွဲလုပ်ပါတယ်။ 

မဘသ အဖွဲ့က ရေးဆွဲထားတဲ့ ဥပဒေ(၄)ခုကို လွှတ်တော်က အတည်ပြုပေးပြီး ဒါတွေကိုဆန့်ကျင်တဲ့ ကိုယ်စားလှယ်လောင်းများကို ပြည်သူသိအောင် သတိပေးသွားမယ်လို့ ဆိုပါတယ်။ မဘသ ဟာ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေး များကိုသာ စောင့်ရှောက်ဖို့ ဆောင်ရွက်နေကြောင်း၊ မည်သည့် အစိုးရ၊ ပါတီ၊ နိုင်ငံရေးအဖွဲ့၊ ပုဂ္ဂိုလ်များကိုမှ သြဇာခံနောက်လိုက်မဟုတ်ကြောင်း၊ နှောက်ယှက်တိုက်ခိုက်ခြင်း မရှိကြောင်း၊ အချို့သောသူများက မ.ဘ.သ အမည်သုံးပြီး ပြောဆိုခြင်းက သူတို့အဖွဲ့နဲ့ မသက်ဆိုင်ကြောင်း၊ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေး အန္တရယ်များကို ဘယ်သူ့ကိုမှမထောက်ထားပဲ တွန်းလှန်ဖယ်ရှားသွားမယ်ဖြစ်ကြောင်း ဘဒ္ဒန္တတိလောကာဘိဝံသ ဥက္ကဌ၊ မဘသအဖွဲ့(ဗဟို) လက်မှတ်ထိုးပြီး စက်တင်ဘာ-၂၃ရက်၊ ၂၀၁၅ ရက်စွဲနဲ့ စာထုတ်ပါတယ်။

မဘသ အဓိကဦးတည်ချက်က မွတ်ဆလင်များ ရခိုင်ပြည်ဘက် ကျူးကျော်ဝင်ရောက်လာခြင်းကနေ တစ်နိုင်ငံလုံးမြို့ရွာများဆီ ပြန့်နှံ့နေရာယူလာခြင်းကို ကာကွယ်ဖို့လို့ ရိုးသားစွာ မြင်ပါတယ်။  သမ္မတဦးသိန်းစိန် ရခိုင်ပြည်မှာ သတ်ဖြတ် မီးရှို့မှုအရေးခင်းတွေကြောင့် ရောက်လာချိန်မှာ "ကမ္ဘာမှာ မြန်မာတွေတော့ နာမည်ဆိုးထွက်သွားပြီ" ..လို့ပြောဆိုခဲ့ပါတယ်။ 

ဘင်္ဂလာဒေ့ခ်ျ လူမျိုးတွေကို ရိုဟင်ဂျာလူမျိုး ဆိုပြီး မြန်မာနိုင်ငံတွင်း နိုင်ငံသားအဖြစ် လက်ခံခြင်းကို နှစ်ပေါင်း ၆၀အတွင်း မသိကျိုးကျွန် လုပ်ထားခဲ့ပါတယ်။ အခုကျမှ တိုင်းပြည်ပြုပြင်ပြောင်းလဲနေတာ လက်မခံနိုင်တဲ့ ငွေ၊ အာဏာရှင်တစ်စုက ဘာသာရေးပဋိပက္ခ ဖန်တီးပေးချိန် မြန်မာတနိုင်ငံလုံး ဘာသာရေးအဓိကရုန်းဖြစ်ခဲ့ရပါတယ်။ အဆိုးဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်မှာတော့ ရခိုင်ဒေသခံများနဲ့ ဘင်္ဂလားမှဝင်ရောက်လာသူများ လူမျိုးရေးမုန်းတီးမှုတွေဖြစ်၊ နောက်ဆုံး ဘင်္ဂလားဒေ့ခ်ျခိုးဝင်လာသူများကို ဒေသခံများရဲ့ တိုက်ခိုက်မှုများနဲ့ အဆုံးသပ်ခဲ့ပါတယ်။ အစိုးရ ရဲတပ်ဖွဲ့၊ စစ်တပ်များကလည်း ဝင်မတားခဲ့ပါ။ နောက်တော့ အစိုးရက ရခိုင်-ဘင်္ဂလားဒေ့ခ်ျ နယ်စပ်မှာ ကုလသမဂ္ဂဒုက္ခသည် စခန်းကြီးများဖွင့်ပေးပြီး နေရာချပေးထားရပါတယ်။ သူတို့ရဲ့ မူလနေထိုင်ရာ မြို့ရွာတွေကနေ ထွက်ပြေးရတယ်။

 ဘင်္ဂလားဒေ့ခ်ျအစိုးရကလည်း ဒီဒုက္ခသည်များက မြန်မာပြည်က ရိုဟင်ဂျာလူမျိုးဖြစ်တယ် ပြောတယ်။ မြန်မာအစိုးရကလည်း မြန်မာတိုင်းရင်းသားလုံးဝမဟုတ်၊ ဘင်္ဂလားဒေ့ခ်ျ စကားပြောသူများဖြစ်တယ် ..စသဖြင့် ကမ္ဘာ့ကုလသမဂ္ဂအထိ ဒီပြသနာတက်နေပါတယ်။ နောက်ဆုံး လှေစီးထွက်သွားပြီး မလေးရှားကနေတဆင့် တတိယနိုင်ငံများကို ဒုက္ခသည်ခိုလှုံခွင့် လျှောက်ထားသူများပြားလာပါတယ်။ ဒီပြသနာကို အခြေခံပြီး ဆင်းရဲမွဲတေလွန်းလှတဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသားများ တတိယနိုင်ငံများကို ဒုက္ခသည်ခိုလှုံခွင့်ရရှိနေပါတယ်။

 ဘင်္ဂလားဒေ့ခ်ျ နိုင်ငံအကြောင်း

အင်ဂျင်နီယာများနဲ့ စင်ကာပူသင်္ဘောကျင်း အလုပ်များမှာ အတူလုပ်ခဲ့ဖူးပါတယ်။ အလုပ်သမားဆို တစ်လကို အခြေခံလစာ ဒေါ်လာ ၅၀၀ လောက်ပဲရပြီး၊ အချိန်ပိုတွေ အများကြီးလုပ်ရတဲ့ အလုပ်သမားတွေကို ဘင်္ဂလားဒေ့ခ်ျအင်ဂျင်နီယာတစ်ဦးက အုပ်ချုပ်ပါတယ်။ အသက် ၃၅နှစ်အရွယ် ဘင်္ဂလားဒေ့ခ်ျ အင်ဂျင်နီယာလေးကတာ့ ၂၀၀၉ ခုနှစ်မှာ စင်ကာပူနိုင်ငံသားခံယူခွင့်ရလို့ သူ့မိသားစုနဲ့ စင်ကာပူမှာ နေထိုင်ပါတယ်။ သူကပြောပါတယ်။ မြန်မာတွေကို စင်ကာပူအစိုးရက အရမ်းဦးစားပေးတာပဲ။ ငါတို့ဆိုရင် စင်ကာပူနိုင်ငံသားဖြစ်ခွင့် အရမ်းခက်ခဲတယ်။ အလုပ်လုပ်ခွင့်ပါမစ်တောင် အလုပ်သမားတွေ ပွဲစားခ အများကြီးပေးရတယ်။ မြန်မာတွေတော့ လွယ်တယ် (ဦးနှောက်ယိုစီးခြင်း ဖြစ်နေတာ ကြာပါပြီ)။ ငါတို့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံပြန်နေဖို့တော့ စိတ်တောင်မကူးဘူး။ ငါတို့အစိုးရက အရမ်းလာဘ်စားပြီး နိုင်ငံခြားအလုပ်သွားလုပ်သူဆိုရင် အရမ်းလာပ်ငွေတောင်းတယ်...လို့ ရင်ဖွင့်ပါတယ်။ 

သင်္ဘောကျင်းထဲ ရောက်သွားတော့ ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားပေါင်း ရာနဲ့ချီပြီးတွေ့လို့ ထမင်းစားချိန်ဆို နေ့၁၂နာရီကနေ တစ်နာရီတိတိ အလုပ်သမားများ သစ်တုံးလိုပဲ နေ့ခင်းကြောင်တောင် အရိပ်တွေအောက်မှာ အိပ်ကြတယ်။ မအိပ်ပဲ ထိုင်နေတဲ့ ဘင်္ဂလားအလုပ်သမားတွေက ..ငါတို့အလုပ်သမားတွေကို အုပ်ချုပ်တဲ့ ဆူပါဗိုက်စာဆိုရင် အိန္နိယနိုင်ငံသားတွေကို ခန့်တယ်။ ငါတို့ကုမဏီကလည်း ဘင်္ဂလားဒေ့ခ်ျလူမျိုးကု ဆူပါဗိုက်စာကို မခန့်ဘူး။ ငါတို့ကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်တာက အိန္နိယနိုင်ငံသားတွေပဲ။ ဘင်္ဂလားဒေ့ခ်ျအလုပ်သမားတွေကို အိန္နိယအလုပ်သမားခေါင်းတွေက အုပ်ချုပ်ကြတာ ကြာပါပြီ။ အင်္ဂလိပ်လက်အောက်ကတည်းက ဘင်္ဂလားဒေ့ခ်ျနိုင်ငံက အိန္နိယနိုင်ငံအောက်က ပြည်နယ်တစ်ခုပဲ။

အခုဆို စင်ကာပူမှာ ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားတွေကို မြန်မာစူပါဗိုက်စာတွေက အုပ်ချုပ်နေပြီဖြစ်ပါတယ်။ ၂၀၁၁ နောက်ပိုင်း စင်ကာပူကိုရောက်လာတဲ့ မြန်မာလူငယ်များ အထူးကြိုးစား၊ အင်္ဂလိပ်စာလည်း ပိုတတ်တော့ သင်တန်းတွေတက်ရောက် အောင်မြင်ပြီး ရာထူးတွေတက်ကြတယ်။ လစာတွေလည်း အရမ်းကောင်းလာကြပါတယ်။ စင်္ကာပူမှာ ပညာဆက်လက်သင်ကြားရင်း နိုင်ငံတကာအသိအမှတ်ပြု ဒီပလိုမာ၊ လက်မှတ်တွေမက ဘွဲလွန်၊ မာစတာတွေ၊ ပီအိတ်ဒီတွေတောင် တော်တော်များများ ရရှိကုန်ပါပြီ။ ခက်တာက မြန်မာပြည်အစိုးရက တန်ရာတန်ကြေးပေးပြီး ခေါ်ခန့်မဲ့ ကုမ္ပဏီများ ရောက်မလာသေးပါဘူး။ ဒီတော့ ..စင်ကာပူရောက် မြန်မာပညာတတ်များ ပြည်တော်မပြန်နိုင်သေးပါဘူး။

ဒီဆောင်းပါးက မ.ဘ.သ အရှင်ဝီရသူ တို့အဖွဲ့နဲ့ အင်အယ်ဒီပါတီ အကြောင်းဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ခ်ျ နိုင်ငံအကြောင်း မြန်မာများသိထားချက်က မွတ်ဆလင်ဘာသာကိုးကွယ်ကြောင်း၊ အလွန်ဆင်းရဲမွဲတေပြီး၊ မြန်မာပြည်ထက် ၃ ဆများတဲ့ လူတွေဲ့ ဂင်္ဂါမြစ်ဝကျွန်းပေါ်မှာ ပြွတ်သိပ်နေထိုင်ကြကြောင်း၊ ကလေးအများကြီးမွေးပြီး၊ မိန်းမနဲ့ကလေးများဘဝ နုံချာလှကြောင်း၊ တလောက အထည်ချုပ်စက်ရုံပြိုကျပြီး မိန်းမထောင်နဲ့ချီ သေဆုံးရကြောင်း၊ အထည်ချုပ်လုပ်ငန်း လစာငွေကလည်း လက်ရှိမြန်မာနိုင်ငံထက် နည်းကြောင်း၊ စသဖြင့် မကောင်းကြောင်းတွေချည်း ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဒုတိယအဆင်းရဲဆုံး ရခိုင်ပြည်နယ်ကို ဝင်ရောက်အခြေချဖို့ ကြိုးစားနေတာကြောင့် ဘင်္ဂလားဒေ့ခ်ျ လူမျိုးများရဲ့ ဆင်းရဲမွဲတေမှုဟာ ရခိုင်ပြည်သားများထက် အရမ်းဆိုးဝါးကြောင်း ထင်ရှားပါတယ်။

အချက်အလက်နဲ့ပြရမယ်ဆိုရင် မြန်မာပြည်ပြုပြင်ပြောင်းလဲတဲ့ ၆နှစ်ကျော်မှာ မြန်မာပြည် တစ်ဦးချင်းဝင်ငွေ GDP per capital က ကန်ဒေါ်လာ ၂၁၆ ကနေ ၈၂၄ အထိ ၄ဆလောက် တက်သွားပါတယ်။ ကုန်ဈေးနှုန်းကြီးလို့ အခြေခံလူတန်းစားဘဝက ဘာမှမထူးခြားသေးပါဘူး။ ဒါပေမဲ့ ဘင်္ဂလားဒေ့ခ်ျ တစ်ဦးချင်းဝင်ငွေက ကန်ဒေါ်လာ ၄၈၅ ကနေ ၇၅၀ အထိ ၂ဆပဲ တိုးတက်ပါတယ်။ ဒါတောင် မြန်မာပြည်က ခရိုနီစနစ်ကို အပြီးပြတ်မချေမှုန်းနိုင်သေးပါဘူး။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံကတော့ ခရိုနီနဲ့ အစိုးရထိပ်တန်း ခြစားမှုတွေကြောင့် ချမ်းသာတဲ့လူတွေ နင်းကန်ချမ်းသာပြီး၊ ဆင်းရဲတဲ့လူတွေ နုံချာ ကုန်းကောက်စရာမရှိအောင် ဆင်းရဲလွန်းလို့   မြန်မာပြည်က ဒုတိယအဆင်းရဲဆုံး ရခိုင်ပြည်နယ်ထိ ခိုးဝင်လာခဲ့ရပါတယ်။ ကမ္ဘာ့အဆင်းရဲဆုံး နှစ်နိုင်ငံမှာ မြန်မာပြည်က ရေမြေအခြေခံပိုကောင်းပါတယ်။ လူတွေလည်း ပိုပြီးကောင်းပါတယ်။

AVAAZ ဆိုတဲ့ အွန်လိုင်းမီဒီယာတစ်ခု အသင်းဝင်သန်းပေါင်း ၄၀ လူထုမီဒီယာအဖြစ် လှုပ်ရှားပါတယ်။ ဥပမာ ၂၀၀၇ခုနှစ် အသင်းဝင်ပေါင်း ၁သန်းရှိချိန် မြန်မာပြည်သံဃာသပိတ် ပေါ်ပေါက်ခဲ့တယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် သံဃာများသပိတ်မှောက်တာကို ပစ်ခတ်နှိမ်နင်းခြင်းကို ကန့်ကွက်ရှုံ့ချခြင်းပါ။ ကုလသမဂ္ဂမှာ တင်ပြဖို့ လက်မှတ်ပေါင်း ၈သိန်းကျော်ထောက်ခံတင်ပြခဲ့ပါတယ်။ ၂၀၀၈ နာဂစ်မုန်တိုင်း မြန်မာပြည်မှာလူပေါင်းသိန်းနဲ့ချီသေဆုံးတာကို ကမ္ဘာနဲ့အဆက်ဖြတ်ထားခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတကာ လာမလုပ်အောင် ပိတ်ပင်ထားခြင်းကို ကန်ကွက်တဲ့အနေနဲက လူပေါင်း ၂သိန်းခွဲက လက်မှတ်ထိုးခဲ့ပါတယ်။ မွတ်ဆလင်များကို အိမ်မီးရှို့ဖျက်ဆီတိုက်ခိုက်တာတွေကို ဘုန်းကြီးတစ်ပါးဖြစ်တဲ့ ရှင်ဝီရသူ ဆိုသူကို အကြမ်းဖက်ဗုဒ္ဓဘာသာ ဘုန်းကြီးအဖြစ် အမေရိကန်တိုင်းမဂ္ဂဇင်းက မျက်နှာဖုံးမှာ ဖေါ်ပြခဲ့ပါတယ်။ မြန်မာလူမျိုးများက ဒါကို မကြိုက်လို့ ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့လူအခွင့်အရေး နဲ့ မွတ်ဆလင်များက ရှင်ဝီရသူကို အကြမ်းဖက်လှုံ့ဆော် အားပေးသူအဖြစ် အမျိုးဘာသာသာသနာ မ.ဘ.သ လှုပ်ရှားမှုကို AVAAZ လူမှုမီဒီယာကနေ ကန့်ကွက်ခဲ့ပါတယ်။

 ဘင်္ဂါလီဒုက္ခသည် ပြဿနာ

ရခိုင်လူမျိုးများကတော့ အလွန်အထိနာလှပါတယ်။ သူတို့ပြည်နယ်ကို ဘာသာမတူ၊ လူမျိုးခြား၊ စရိုက်မတူတဲ့၊ ယဉ်ကျေးမှုမတူတဲ့ ဘင်္ဂလားဒေ့ခ်ျတွေကို ထုံးစံအတိုင်း အင်အားသုံးချေမှုန်းလိုက်ချင်ပါတယ်။ မြန်မာနိုင်ငံသားတွေလည်း အလားတူပါပဲ။ အင်အားသုံးချေမှုန်း ချင်ကြပါတယ်။ တိုင်းပြည် ဆူဆူပူပူ ဖြစ်နေရင် စစ်တပ်က အာဏာဆက်လက်ထိန်းသိမ်းနိုင်ပါတယ်။ ဒါဆိုရင် နိုင်ငံပြုပြင်ပြောင်းလဲရေး ရေစုန်မျောရမှာဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှိတဲ့ သမ္မတဦးသိန်းစိန်အစိုးရ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံများရဲ့ လူအခွင့်အရေး ချိုးဖောက်မှုစွပ်စွဲခြင်းများကို ဖြေရှင်းရပါတယ်။ ကမ္ဘာ့မွတ်ဆလင် အင်အားစုကြီးက အလွန်ကြီးမားပါတယ်။ သူတို့မှာ အရှေ့အလယ်ပိုင် မွတ်ဆလင်အကြမ်းဖက် အိုင်အက်စ် ပြသနာကြီးကြောင့် မြန်မာမွတ်ဆလင်အရေးခင်းကို အာရုံမစိုက်နိုင်တာပဲ ကျေးဇူးတင်စရာဖြစ်နေပါတယ်။

မြန်မာအစိုးရက ထိုင်းနိုင်ငံမှာ မြန်မာဒုက္ခသည်စခန်းများကို ကုလသမဂ္ဂ အထောက်အပံ့နဲ့ကျွေးမွေးနေရာချထားတဲ့ အတွေ့အကြုံရှိပါတယ်။ ဒီတော့ နေရပ်ကထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေခ်ျ ခိုးဝင်လာသူရော၊ တရားဝင်နေသူရော အားလုံးကို ဒုက္ခသည်စခန်းတွေ ဖွင့်ပေးပြီး ကုလသမဂ္ဂ အထောက်အပံ့နဲ့ နေထိုင်ဖို့ ယာယီဖြေရှင်းလိုက်ပါတယ်။ (မှတ်ချက်။   ဒါ့အပြင်  ပြည်တွင်းက တကယ့်တိုင်းရင်းသား ကချင် KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲရလဒ် စစ်ပြေးဒုက္ခသည်များ လည်း ရှိပါသေးပါတယ်)။  ဘင်္ဂလားဒေ့ခ်ျ နယ်စပ်က ဒုက္ခသည် နှစ်သိန်းကတော့ ဘာသာရေးအဓိကရုန်း ရလဒ်ဖြစ်ပါတယ်။


ရေတို - ယာယီအဖြေရှာခြင်း

ဒုက္ခသည်စခန်း ဖွင့်ပေးခြင်းနဲ့ ယာယီဖြေရှင်းနိုင်ပေမဲ့၊ ရခိုင်၊ ဘင်္ဂလားဒေ့ခ်ျ ဒုက္ခသည်ပြသနာ ဖြေရှင်းပေးဖို့ ရခိုင်ပြည်နယ်သားတွေ အလုပ်အကိုင် အဆင်ပြေလာဖို့ ပိုပြီးအရေးကြီးပါတယ်။ ဖက်ဒရယ်ပြည်နယ် မူအရဆိုရင် ပြည်နယ်၏ သယံဇာတရောင်းရငွေ အနည်းဆုံး ၄၀%ကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အသုံးချရပါတယ်။ နောက် ရခိုင်ပြည်နယ်တွင်း အခွန်ကောက်ရငွေများလည်း ဖက်ဒရယ်မူအရဆိုရင် ၄၀%လောက် ရခိုင်ပြည်နယ်အတွက် ဖြစ်ရပါမယ်။ ရခိုင်ပြည်နယ် အစိုးရဟာ လွတ်လပ်စွာရွေးကောက်တဲ့ အစိုးရဖြစ်ဖို့ ရခိုင်ပြည်နယ်သားများ တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဒါတွေ တစ်ခုမှ မရသေးပါဘူး။ ရခိုင်ပြည်နယ်မှာ အထူးစီးပွားရေးဇုံ စစ်တွေမှာ စင်ကာပူ ကွန်ဆိုတီရမ်နဲ့ လုပ်ဖို့ ရှိပါတယ်။ စီးပွားရေးနိုမ့်ကျလွန်းတော့ အလုပ်ကိုင်လည်း အလွန်ရှားပါး၊ ဝင်ငွေလည်းနည်းပါးပါတယ်။ လယ်ယာလုပ်ငန်းကိုပဲ မိရိုးဖလာ လုပ်ကိုင်နေတဲ့ ရခိုင်ပြည်နယ်သား ရခိုင်၊ မြန်မာ၊ ချင်း နဲ့ ဘင်္ဂလားအနွယ်များ အားလုံးနီးပါး လယ်ယာလုပ်ငန်းပဲ လုပ်ကိုင်နေကြပါတယ်။ ရခိုင်ကမ်းမြှောင် ပင်လယ်က ရေလုပ်ငန်းကိုလဲ ထိုင်းနိုင်ငံက ငါးခိုးသင်္ဘောတွေ လာရောက်ခိုးယူနေတာ မြန်မာ့တပ်မတော်ရေ အင်အားနည်းလို့ မထိန်းသိမ်းနိုင်သေးပါဘူး။

ဒါကြောင့် ရခိုင်ပြည်နယ်ကို ရွေးကောက်ခံရတဲ့ ရခိုင်ပြည်နယ်သားများနဲ့ ဖက်ဒရယ်စနစ်ဆိုတာ အခုရွေးကောက်ပွဲပြီးမှ အခြေအနေအကဲခပ်နိုင်မှာပါ။ လက်ရှိအခြေအနေကတော့ ရိုဟင်ဂျာ လို့ ကမ္ဘာကသိနေတဲ့ ဘင်္ဂလားဒေ့ခ်ျတွေကို ဒီအတိုင်းပဲ ဒုက္ခသည်စခန်းများမှာ ထားရပါတယ်။

ရေရှည် - အမြဲတမ်းအဖြေရှာခြင်း

ပြသနာအဓိက အရင်းအမြစ်ကတော့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ အလွန်ဆင်းရဲမွဲတေပြီး၊ လူဦးရေပေါက်ကွဲမှုကြောင့် ဖြစ်ပါတယ်။ မြန်မာပြည်လဲ ကမ္ဘာ့အဆင်းရဲဆုံး LDC Least Developed Country အဖြစ်က မရုန်းထွက်နိုင်သေးပေမဲ့ ဘင်္ဂလားဒေ့ခ်ျကတော့ ခရိုနီနဲ့အစိုးရခြစားမှုကြီးများကြောင့် ဆင်းရဲချမ်းသာ ကွာခြား၊ ဆိုးဝါးနေဦးမှာ ဖြစ်ပါတယ်။ အခုအတိုင်းပဲ လ.ဝ.က အထပ်ထပ်ချပြီး စောင့်ရှောက်နေခြင်း၊ စစ်တပ်၊ ရဲတပ်များနဲ့ နယ်စပ်စောင့်ခြင်းတွေက ရေရှည်အတွက် လုံးဝမထိရောက်ပါဘူး။ 

ဘင်္ဂလားဒေ့ခ်ျ မူဆလင်တွေကို ကြောက်ပြီး မဘသ မွတ်ဆလင်စီးပွားရေးတွေ နည်းမျိုးစုံနဲ့ တိုက်ဖျက်နေတာလဲ ကောက်ရိုးမီးလိုပါ။ ဒီနှစ် မြန်မာလူမျိုးတွေ သားသတ်လိုင်စင်ရလို့ သားသတ်လုပ်ငန်းလုပ်ရင်လဲ မလုပ်တတ်လို့ အရှုံးပေါ်ပြီး နောက်နှစ် မြန်မာမူဆလင်တွေ လက်ထဲ ဒီလုပ်ငန်းတွေ ပြန်ရောက်သွားမှာပဲ ဖြစ်ပါတယ်။ မွတ်ဆလင်ဒန်ပေါက်ဆိုင်ကို ဝယ်မစားဖို့ ဘယ်လောက်ပဲ မဘသ တွေ လျှို့ဆော်ပါစေ၊ မြန်မာချက်တဲ့ ဒန်ပေါက်က မွတ်ဆလင်ချက်တဲ့ ပရိုဖက်ရှင်နယ်ကို မမှီပါဘူး။ နှစ်အနည်းငယ် ကြာရင် မ.ဘ.သ တွေလဲ မေ့မေ့ပျောက်ပျော်ဖြစ်သွားပြီး မွတ်ဆလင်စီးပွားလုပ်ငန်းတွေ ပြန်နလံထူလာမှာပါ။ မ.ဘ.သ ဆိုတာ ရေတို ကောက်ရိုးမီးလုပ်ငန်းပါပဲ။

ရေရှည်အတွက်ဆိုရင် မြန်မာနိုင်ငံ စီးပွားရေးကောင်းလာဖို့ ၊ အုပ်ချုပ်သူအစိုးရ ကောင်းမွန်၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်လာဖို့ အမြန်ဆုံးကြိုးစားရပါမယ်။ အမျိုးသားရေးလုပ်ငန်းကြီး၊ ဝံသာနုခေတ်လို ခေတ်ပြောင်းတော်လှန်ရေးကြီး လုပ်ရပါမယ်။ မွတ်ဆလင် ဘာသာခြားဆိုပြီး ဖိနှိပ်၊ ချေမှုန်းခြင်းနည်းလမ်းထက် ဖေးမကူညီတဲ့ နည်းလမ်းပဲ သုံးရပါမယ်။ လွှတ်တော်မှာ လူမျိုး၊ ဘာသာ၊ သာသနာ ဥပဒေတော့ အတည်ပြုလိုက်ပါပြီ။ မွတ်ဆလင်လူဦးရေကို မတိုးပွားအောင် လုပ်ဖို့ကတော့ ဥပဒေနဲ့ လုပ်လဲမလွယ်ပါ။ မွတ်ဆလင်များ အလုပ်ကိုင်အဆင်ပြေလာရင် တလင်တမယား၊ ကလေးတစ်ယောက်၊ နှစ်ယောက် မိသားစုနဲ့ပဲ နေကြမှာပါ။ မိန်းမအများကြီးယူပြီး ကလေးတွေအများကြီးမွေး၊ ထောက်ပံ့ကြေးနဲ့ လူဦးရေတိုးပွားလာမှာ စိုးရိမ်စရာမရှိပါဘူး။ အခု မွတ်ဆလင်နိုင်ငံဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှားတွေမှာ မိန်းမတစ်ယောက်၊ ကလေးတစ်ယောက်နှစ်ယောက်ပဲ ဖြစ်နေပါပြီ။

အမြဲတမ်းအဖြေကတော့ ကောင်းမွန်သန့်ရှင်းတဲ့အစိုးရ အုပ်ချုပ်ပြီး၊ ရခိုင်ပြည်နယ်မှာ အလုပ်ကိုင်ပေါများလာရေးပဲ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ အဆင်းရဲဆုံးဘဝက လွတ်မြောက်ပြီးရင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ အစိုးရလည်း ပြောင်းလဲလာမယ်။ သူတို့နိုင်ငံမှာလဲ လူဦးရေပေါက်ကွဲမှု နည်းသွားပြီး၊ အလုပ်ကိုင်ပေါများလာမယ်။ မြန်မာပြည်လည်း တဖြေးဖြေး ချမ်းသာကြွယ်ဝ အလုပ်ကိုင်ပေါများလာပြီး ဘင်္ဂလားဒေ့ခ်ျ ဒုက္ခသည်ပြသနာလည်း လွှင့်ပါးပျောက်ကွယ်သွားမယ်ဖြစ်ပါတယ်။ အခုပဲ ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်စခန်း ပြသနာလည်း တဖြေးဖြေးလွင့်ပါး ပျောက်ကွယ်လာပါပြီ။

ထိပ်တိုက် ရင်မဆိုင်ရေး

ပြီးခဲ့တဲ့ မြန်မာဘောလုံး ၁၉နှစ်အောက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်တော့ မြန်မာပရိသတ်ကြီး၊ သုဝဏ္ဏဘာလုံးကွင်းထဲထိ ဝင်လာပြီး အောင်ပွဲခံလို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဒဏ်ချမှတ်ပါတယ်။ လာမဲ့ ကမ္ဘာ့ဖလား အိမ်ကွင်းပြိုင်ပွဲမှာ ပရိတ်သတ်မပါပဲ ပြိုင်ရမယ်လို့ ဒဏ်ချထားပါတယ်။ အဲ.. ရှုံးရင်လဲ ဒေါသနဲ့ ကြမ်းရမ်းကြပြန်ပါတယ်။ အင်အားကြီး၊ စည်းကမ်းရှိတဲ့ ရဲတပ်ဖွဲ့နဲ့ပဲ ထိမ်းရမှာဖြစ်ပါတယ်။

မဘသ အဖွဲ့ကတော့ စာရွက်ဝေခြင်း၊ သမ္မတဦးသိန်းစိန်ကို ထောက်ခံဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို မဲမထည့်ဖို့ လျှို့ဆော်နေသူများက သူတို့လူမဟုတ်ပါ လို့ငြင်းဆိုထားပါတယ်။ ဘာပဲဖြစ်ပါစေ အင်အယ်ဒီ ထောက်ခံသူများ သူတို့ကို ထိပ်တိုက်မရင်ဆိုင်သင့်ပါ။ ရွေးကောက်ပွဲကာလမှာ နှစ်ဖက်စလုံး ထိန်းသိမ်းမဲဆွယ်ကြဖို့ လိုပါတယ်။ 

ဘုန်းကြီးဝီရသူ ၂၀၁၂ တုန်းကတော့ အင်အယ်ဒီကို မဲပေးဖို့ တိုက်တွန်းခဲ့တယ်။ အခုတော့ ဘုန်းကြီး ဝီရသူ ကပဲ အင်အယ်ဒီကို ကုလားထောက်ခံ (သာသနာအားမပေးတဲ့ ပါတီ) အဖြစ်သတ်မှတ်ထားပြီး၊ မဲမပေးဖို့ တိုက်တွန်းနေပြန်ပါတယ်။ မဘသ ရဲ့ အင်အယ်ဒီ မဲမပေးရေး လှုပ်ရှားမှုဟာ ၇၀% လူအများစု ကျေးရွာ၊ မြို့နယ်တွေမှာ အတိုင်းတာ တစ်ခုထိ သြဇာရှိပါတယ်။  ဒါပေမဲ့ အင်အယ်ဒီအောင်နိုင်ရေးအတွက်  သူတို့ကို ပြန်လည် တိုက်ခိုက်၊ ထိပ်တိုက်ရင်ဆိုင်မှု မလုပ်ဖို့ နည်းပရိယယ် သုံးရပါမယ်။ စိတ်လှုပ်ရှားမှု ဒေါသနဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းကို အင်အယ်ဒီ အောင်နိုင်ရေးအဖွဲ့နဲ့  ဒေါ်အောင်ဆန်းစုကြည်တို့အဖို့ စည်းကမ်းရှိသော စနစ်တကျ မဲဆွယ်ခြင်းတွေ လုပ်ရပါမယ်။ 

ထုံးစံအတိုင်း အာဏာရပါတီဖက်ကို ရပ်ကွက်ကျေးရွာလူကြီးများက ဘက်လိုက်ကြမှာဖြစ်ပါတယ်။ သူတို့လဲ ရနေတဲ့ ရာထူး၊ ဝင်ငွေ ထိခိုက်သွားမှာ စိုးရိမ်တော့ အာဏာရပါတီ၊ သူတို့ပါတီပဲ နိုင်စေချင်တာ သဘာဝပါပဲ။ နည်းမျိုးစုံနဲ့ အာဏာ၊ငွေ၊ သြဇာသုံးပြီး အာဏာရပါတီက အနိုင်ရဖို့ ကြိုးစားပေမဲ့ ရလဒ်ကတော့ အင်အယ်ဒီပဲ အပြက်အသတ်အနိုင်ရဖို့ လမ်းများပါတယ်။ ရွေးကောက်ပွဲကော်မရှင်က စစ်ဗိုလ်အရာရှိများ ဖြောင့်မတ်သန့်ရှင်းဖို့ မျှော်လင့်ပါတယ်။

မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်

လူ့သဘောသဘာဝအတိုင်း မြန်မာခေါင်းဆောင်များ မာနတက်ကြွမှု စစ်အာဏာရှင်များကြောင့် မြန်မာပြည် ဆင်းရဲမွဲတေမှု ဖြစ်သွားရတာပါ။ အခုခေတ်မှာ လူနည်းစုဖြစ်တဲ့  အာဏာ၊ ငွေရှိသူ ပညာတတ်များကတော့ ဆင်းရဲမွဲတေမှုက လွတ်မြောက်လာပါပြီ။ ပြည်သူလူထု ၉၅% ကတော့ နစ်မွန်းနေဆဲပါပဲ။ မိတ်ဆွေတစ်ဦး ဖေ့ဘုတ်မှာ အဆိုးမြင်ဓါတ်ပုံများ ယှဉ်ပြထားပါတယ်။ 

အမေရိကန်သမ္မတက သူ့ဖိနပ်သူ့ကိုယ်တိုင်စီးနေချိန်၊ သမ္မတဦးသိန်းစိန် နားလိုက်တာနဲ့ဖိနပ်ချွတ်မဲ့လူက ပြေးလာတဲ့ပုံဖြစ်ပါတယ်။ စစ်ဗိုလ်ဟောင်း အင်ဂျင်နီယာတစ်ဦးက ပြောပြဖူးပါတယ်။ "ငါတို့ စစ်ဗိုလ်လေးဘဝတုန်းက အမြင်ကပ်တဲ့ သူငယ်ချင်း စစ်ဗိုလ်တစ်ဦးရှိတယ်။ သူဘောင်းဘီ အိတ်ထဲမှာ ကီဝီ ဖိနပ်တိုက်ဆေးနဲ့ ဘိနပ်တိုက်ဘရပ်ခ်ျ အမြဲတမ်းရှိတယ်။ ဗိုလ်ချုပ်ထွန်းကြည် တိုင်းမှုး ခဏထိုင်ပြီး နားလိုက်ရင် သူအပြေးလေးရောက်သွားပြီး တိုင်းမှုးဖိနပ် တိုက်ပေးတယ်။ ဗိုလ်ချုပ်ထွန်းကြည် ဖယ်ရှားခံရပေမဲ့..ဒီစစ်ဗိုလ်ကတော့ ရာထူးတွေ တက်နေတာပဲ။ အခုဆို စစ်တပ်အရာရှိကြီးအဖြစ်အနားယူပြီး အစိုးရသစ်မှာ ဝန်ကြီးအဖွဲ့ဝင် ဖြစ်နေတယ်။ ဒါမျိုးလူတွေ နည်းသွားမှ ကောင်းမှာ" ..လို့ပြောပါတယ်။ အစိုးရထိပ်ပိုင်း လူကြီးတွေ ၇၅% ဒါမျိုးလူ မဟုတ်ရင် တိုင်းပြည်တိုးတက်မှာပါ။  

ဘန်ကောက်မြို့လင်းထိန်နေချိန် ရန်ကုန်မြို့မှောင်မဲနေပြီး မြန်မာအစိုးရသတင်းစာမှာ "ထိုင်းနိုင်ငံလျှပ်စစ်ဓါတ်အား မပြတ်တောက်ရေး မြန်မာနိုင်ငံက ကူညီမည်"  ရေးထားပါတယ်။  "တစ်ခုခုတော့ မှားနေပြီထင်တယ်.." ဆိုတဲ့ ကွန်မင့်ကိုတွေ့မိပါတယ်။ အခုတော့ သဘာဝဓါတ်ငွေ ၁၀% ကို မြန်မာနိုင်ငံလျှပ်စစ်ဓါတ်အားအတွက် ပြန်သုံးနေပါပြီ လို့ဆိုပါတယ်။ 

 နာဂစ်မုန်တိုင်းဒုက္ခသည်များက ငုတ်တုပ်ထိုင်၊ လာအားပေးတဲ့ ဗိုလ်ချုပ်ကြီးများကို လက်အုပ်ချီနေချိန်၊ အမေရိကန်သမ္မတအိုဘားမားက အမေရိကန်နိုင်ငံ စန္ဒီမုန်တိုင်းအပြီး ဒုက္ခသည်များကို ဖက်ရမ်းနှစ်သိမ့်နေတဲ့ပုံပါ။ အခုခေတ် မြန်မာသမ္မတဦးသိန်းစိန် ရေဘေးဒုက္ခသည် ကလေးသူငယ်များကို ချီမနှစ်သိမ့်တဲ့ ဓါတ်ပုံတွေ မြင်ရတာ၊ ပြောင်းလဲမှု အနှစ်သာရတွေပါ။ နိုင်ငံအကြီးကဲ ကိုယ်တိုင် ပြည်သူတွေကို လက်အုပ်ပြန်ချီတဲ့ ဓါတ်ပုံများမြင်တိုင်း ..ခေါင်းဆောင်ကတော့ ပြောင်းလဲနေပြီ၊ အလားတူ အစိုးရအရာရှိများနဲ့ ပြည်သူလူထုတွေလဲ မရှိမာန၊ ရှိမာနတွေ ပြောင်းလဲနေကြပါပြီ။ 

ရောမအင်ပါယာကြီး နှစ်ပေါင်းထောင်နဲ့ချီပြီး ကမ္ဘာကိုလွှမ်းမိုးစဉ်က ရောမနိုင်ငံတော် ဒီမိုကရေစီစနစ်ဟာ အလွန်အံ့သြဘွယ်ဖြစ်ပါတယ်။ ထုံးစံအတိုင်း စစ်နိုင်ပြန်လာတဲ့ ဗိုလ်ချုပ်ကြီးတွေ နိုင်ငံဧကရာဇ် ဖြစ်လာလေ့ရှိပေမဲ့ လွှတ်တော်ကိုဆန့်ကျင်လုပ်ခွင့်မရှိပါဘူး။ စစ်နိုင်ပြီး ရောမမြို့သားတွေ ချီးမွမ်းထောမနာပြုခံရတဲ့ စစ်ဗိုလ်ချုပ်ကြီးရဲ့ ဘဝင်မမြင့်အောင်၊ စစ်ရထားဘေးမှာ "သင်လဲ သေမျိုးပဲ" လို့အော်ပြောရတဲ့ ကျွန်တွေ့ထည့်ပေးရပါတယ်။ ဘုရင်နေရာ ကြာကြာထိုင်ရင် အာဏာရစ်မူးတတ်လို့ ရောမအင်ပါယာမှာ လွှတ်တော်ကို အင်အားကြီးအောင် လုပ်ထားပါတယ်။ 

ယခုခေတ် အမေရိကန်အင်ပါယာ နိုင်ငံကြီးမှာ သမ္မတသက်တမ်း (၂)ကြိမ်ပဲလုပ်ခွင့်ရှိပါတယ်။ ဒါတောင်မှ အမေရိကန်သမိုင်းမှာ အခြေခံဥပဒေကို အလွဲသုံးပြီး၊ သမ္မတ (၃)ကြိမ်မြောက်ရွေးခံမဲ့သူ ပေါ်ခဲ့ဖူးပါတယ်။ မအောင်မြင်ခဲ့ပါဘူး။ ဒုတိယကမ္ဘာက သမ္မတရူစဘဲ့ စစ်တွင်းကာလဖြစ်လို့ သက်တမ်း(၂)ကြိမ်ထက် ပိုလုပ်ခဲ့ရပါတယ်။ ၁၉၅၂ မှာတော့ သမ္မတသက်တမ်း(၂)ဆက်ထက် မပိုစေဖို့ အခြေခံဥပဒေ ပိုခိုင်မာအောင် ပြင်ဆင်ခဲ့ပါတယ်။ သမ္မတနဲ့အုပ်ချုပ်သူတွေဆိုတာ ပြည်သူကို တရားဥပဒေနဲ့အညီအုပ်ချုပ်ဖို့၊ အုပ်ချုပ်သူတွေ မာနမတက်ဖို့ နိုင်ငံကြီးမှာ စနစ်အခိုင်မာရှိပါတယ်။


မြန်မာ စစ်အာဏာရှင်ဟောင်းများ အရပ်ဖက်ပြောင်းပြီး ပြုပြင်ပြောင်းလဲနေချိန် မီဒီယာအားဖြင့် သူတို့ရဲ့ မာနတွေကို ထိမ်းကြောင်းနေပါတယ်။ မျက်နှာပြောင်တိုက်သူ အချို့ရှိပေမဲ့ ခေါင်းအများစုကတော့ မာနတွေ လျော့ချ၊ ပြည်သူနဲ့ထိတွေ့နေတာတွေ့ရပါတယ်။ 

 မြန်မာများက အနိုင်ရရင် အလွန်အောင်ပွဲခံတတ်ပါတယ်။ ဒါကလည်း လူ့သဘာဝပါပဲ။  ၂၀၁၂ တုန်းကလေဲ ရွေးကောက်ပွဲ အပြတ်အသတ်နိုင်တော့ ကြံ့ခိုင်ရေးရုံးခန်းတွေရှေ့အထိ တီးမှုတ် ကခုန် အောင်ပွဲခံနေလို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒါမျိုးတွေ မလုပ်ဖို့ အထူးကြေငြာရပါတယ်။ 

ဒီနှစ်လဲ ရွေးကောက်ပွဲမဲဆွယ်ချိန်မှာပဲ အောင်ပွဲခံ လွန်ကြူးမဲဆွယ်မှု၊ တဖက်ပါတီကို ထိခိုက်နစ်နာစေမှုတွေကို ထိန်းသိမ်းဖို့လိုပါတယ်။ အင်အားကြီးတဲ့ ရဲတပ်ဖွဲ့ကလည်း ထိပ်တိုက်ရင်ဆိုင်မှု မရှိအောင် ထိန်းသိမ်းပေးဖို့၊ ရွေးကောက်ပွဲ အောင်မြင်စွာပြီးမြောက်တဲ့နောက် ပိုပြီး ကောင်းမွန်၊သန့်ရှင်းတဲ့ အစိုးရသစ် ပေါ်လာဖို့၊ စည်းကမ်းရှိလာတဲ့ မြန်မာစစ်တပ်ကြီးက ကြားနေသွားဖို့ အထူးမျှော်လင့်လျှက်ရှိပါတယ်။